အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်နေသူ အနာထပိဏ်
သူဌေးကြီးသည် အပေါ်ရုံ အ၀တ်ကို လက်နှင့် မသပ်မရပ် ကိုင်စွဲလျက် ဇေတ၀န် ကျောင်းတော်သို့
အလျှင်စလို ပြေးသွား၏။ ကျောင်းတော်သို့ ရောက်သောအခါ ဘုရားရှင်ကို ရှိခိုးပြီး
အမောတကော လျှောက်ထား၏။
“အရှင်ဘုရား . . . ပျက်စီးပါပြီ။ ပျက်စီးခြင်းမလှ ပျက်စီးပါပြီ
ဘုရား။ ဘာတွေ ဖြစ်ကုန်တာလဲ မြတ်စွာဘုရား။”
“သူဌေးကြီး . . . ဘာတွေ ပျက်စီးတာလဲ။”
“တိတ္ထိတွေက အမျိုးသမီး အလောင်းတစ်ခုကို ညောင်စောင်းနဲ့ သယ်ပြီး
လမ်းတကာ လှည့်ပြရင်း အရှင်ဘုရားကို စွပ်စွဲစကားတွေ ပြောနေကြတယ် . . .။ အဲဒီ
အမျိုးသမီးကို အရှင်ဘုရား သတ်လိုက်တာလို့ ပြောကြတယ်ဘုရား။ အရှင်ဘုရားက အဲဒီ အမျိုးသမီးကို
လုပ်ကြံသတ်ဖြတ်ပြီး အလောင်းကို ဇေတ၀န် ကျောင်းဝင်းထဲ မြှုပ်ခဲ့တာတဲ့ ဘုရား။ အဲဒီ
အမျိုးသမီး အကြမ်းဖက် ခံလိုက်ရတာတဲ့ ဘုရား။ ကျက်သရေ မရှိလိုက်တာ . . .။ အဖြစ်မှန်က
ဘယ်လိုပါလဲ မြတ်စွာဘုရား . . .။”
“သူဌေးကြီး . . . ဒီနေ့မနက်စောစော ကျောင်းရှေ့မှာ
ပွက်လောရိုက်နေတာ ကြားလိုက်တယ်။ အခု မြို့ထဲ ရောက်နေတာလည်း ငါ သိတယ်။ သူဌေးကြီး
မကောင်းမှု မကျူးလွန်တဲ့သူဟာ အပြစ်မရှိပါဘူး။ ငါတို့ ဘယ်လို မကောင်းမှုမှ
မကျူးလွန်ခဲ့တဲ့အတွက် ဘယ်လိုမကောင်းကျိုးမှ ငါတို့ဆီ ရောက်မလာနိုင်ပါဘူး။ ငါ
အပြစ်ကင်းတယ် ဆိုတာကို ငါ သိတယ်။ ငါ့ရဲ့ တပည့်သား သံဃာတွေ အပြစ်ကင်းတယ်
ဆိုတာကိုလည်း ငါ သိတယ်။ လူ့အဖြုန်းအဖျင်းတွေက ငါတို့ကြောင့် သူတို့ လာဘ်လာဘ
ဆုတ်ယုတ်ရတယ်ဆိုပြီး ငါတို့ကို လူအထင်သေးအောင်၊ ကောသလမင်း ငါတို့အပေါ်
ရာဇမာန်ရှအောင် လုပ်ကြံကြတာပဲ။ အဲဒီ အလောင်းက သူခိုးဓားပြတွေ လက်ချက်ကြောင့်
သေသွားတဲ့ သူတို့ ပရိဗိုဇ်မရဲ့ အလောင်းပဲ။ ပရိဗိုဇ်မရဲ့ အလောင်းကို သူတို့ဟာသူတို့
ငါတို့ကျောင်းဝင်းထဲ လာမြှုပ်ပြီး သူတို့ဟာသူတို့ ပြန်ဖော်သွားကြတာပဲ။ အခု
ပရိဗိုဇ်မကို ငါတို့သတ်တယ်ဆိုပြီး လမ်းတကာ လိုက်ပြနေကြတာပဲ။ သူဌေးကြီး . . . လူတွေက
အုန်းအုန်းထရာ ပြေးလိုက်နေကြတာပဲ။ သူများအော်တိုင်း သံယောင်လိုက်ပြီး
အော်နေကြတာပဲ။ ခဏတာပဲ လူတွေကို အရူးလုပ်လို့ ရမယ်။ ရေရှည်တော့ လှည့်စားလို့ မရဘူး။
အမှုမှန် ပေါ်လာရင် လှည့်ဖျားသူတွေ မောင်းထုတ်ခံရလိမ့်မယ်။ သူတို့ အကုသိုလ်က
သူတို့အပေါ်မှာပဲ ပြန်လည် ကျရောက်လိမ့်မယ်။ ဒါကြောင့် . . . ဘာမှ မစိုးရိမ်ပါနဲ့။ ခိုင်ခိုင်မြဲမြဲသာ
ရပ်တည်နေလိုက်ပါ”ဟု ဘုရားရှင်က ပြတ်ပြတ်သားသား မိန့်တော်မူ၏။
“မြတ်စွာဘုရား . . . လမ်းတကာ နေရာတကာမှာ လူတွေ စုရုံးစုရုံးနဲ့
ဒီအကြောင်းပဲ ဆွေးနွေးနေကြပါတယ် . . .။ တိတ္ထိတွေရဲ့ လုပ်ကြံဇာတ်ကို လူတွေက
ယုံကြတယ် ဘုရား။ လူတွေက အရှင်ဘုရားကို မကျေမနပ် ဖြစ်နေကြတာ ဘုရား။ သွေးဆူနေကြပါတယ်
ဘုရား။ အရဲစွန့်ပြီး ကျောင်းပြင် မထွက်ပါနဲ့ ဘုရား။ ဆွမ်းခံတောင် မကြွပါနဲ့ ဘုရား။
အရှင်ဘုရားရဲ့ တပည့်သား သံဃာတော်တွေကိုလည်း သတိပေးထားပါ ဘုရား။ တပည့်တော်
အရှင်ဘုရားတို့ အားလုံးအတွက် အာရုဏ်ဆွမ်းရော နေ့ဆွမ်းပါ စီမံချက်ပြုတ်ပြီး
လာပို့ပါ့မယ် ဘုရား။”
“သူဌေးကြီး . . . တိတ္ထိတွေကို ကြောက်လို့ ကျောင်းထဲမှာပဲ
ကုတ်နေရင် အမှန်တရားက နောက်တွန့်သွားလိမ့်မယ်။ တိတ္ထိတွေရဲ့ အကြိုက်ပဲ ဖြစ်သွားလိမ့်မယ်။
ငါကိုယ်တိုင် သပိတ်ပိုက်ပြီး ဆွမ်းခံကြွမယ်။ ဆွမ်းခံလမ်းပေါ်မှာ ငါ တစ်ပါးတည်း
လျှောက်မယ်။ ဆဲရေးစွပ်စွဲတာတွေ ငါ့ဆီ တန်းတန်းမတ်မတ် လာပါစေ။ စော်ကားချင်သူတွေရဲ့
စွပ်စွဲမှုကို ငါ ခံယူမယ်။”
* * * * * * * * * *
ဘုရားရှင်သည် သပိတ်တော်ကို ပိုက်လျက်
သာဝတ္ထိ မြို့တွင်းသို့ ဆွမ်းခံဝင်တော်မူ၏။ ဘုရားရှင် ကြွတော်မူရာ နေရာတိုင်း၌
ဘုရားရှင်ကို မြင်လိုက်သည်နှင့် တံခါး ပိတ်လိုက်ကြ၏။ တိတ္ထိပရိဗိုဇ်တို့သည် ဘုရားရှင်ကို
ဟစ်အော်လှောင်ပြောင်ရန် လူတို့ကို သွေးထိုးပေးနေကြ၏။ သို့သော် လူတို့ထံမှ ဘာသံမှ
ထွက်မလာပေ။ ဘုရားရှင်၏ မျက်နှာတော်ကို ဖူးမြင်ကြရသူတို့သည် တိတ္ထိတို့
စွပ်စွဲသကဲ့သို့ သူရဲဘောကြောင်သည့် ကောက်ကျစ်မှုမျိုးကို ဘုရားရှင်
ပြုတော်မူမည်လိမ့်မည်ဟု စိတ်ကူး၍ပင် မရကြတော့ပေ။ ဘုရားရှင်၏ တရားတော်ကို နာကြားထားပြီး
ဖြစ်သူများနှင့် ဘုရားရှင်ကို ကြည်ညိုလာသူများကို တိတ္ထိတို့ မသိမ်းသွင်းနိုင်ကြပေ။
တိတ္ထိပရိဗိုဇ်တို့သည် လူတို့ကို သွေးထိုးလှုံ့ဆော်ရန် မစွမ်းနိုင်သောကြောင့်
ပရိဗိုဇ်တစ်ယောက် ထွက်လာပြီး ဘုရားရှင်ထံသို့ သွား၏။ ထိုပရိဗိုဇ်သည် ဘုရားရှင်၏
မျက်နှာတော်ကို ကြည့်လိုက်သည်နှင့် ထိတ်လန့်သွားသဖြင့် ရပ်တန့်လိုက်၏။ သို့သော် သတ္တိမွေး၍
ဘုရားရှင်၏ ရှေ့တော်မှောက် ရောက်အောင်သွား၏။ ဘုရားရှင်ကို မျက်နှာချင်း
မဆိုင်ဝံ့ဘဲ မျက်နှာလွှဲလျက် အားထုတ်၍ စကားပြော၏။
“ရဟန်းကြီး . . . ဒီကိုကြည့်စမ်း . .
.”ဟူ၍သာ ပြောလိုက်နိုင်၏။ မည်သို့သော စကားလုံးများဖြင့် ဘုရားရှင်ကို
စွပ်စွဲရမည်ကို မသိတော့ပေ။ စကား မဆက်နိုင်တော့သည် ဖြစ်၍ ခေါင်းကုတ်ရင်း
နောက်ဆုတ်ကာ သူ့အုပ်စုထဲ ပြန်ဝင်သွား၏။ ထိုပရိဗိုဇ်ကို လူတို့က ၀ိုင်း၍ မေးကြ၏။
“ဟေး . . . ကိုယ်တော်. . . ဘာဖြစ်လို့ ဘာမှ မပြောဘဲ
ပြန်လှည့်လာခဲ့တာလဲ”ဟု လူတစ်ယောက်က မေး၏။
“ရဟန်းကြီးက ခေါင်းဖြတ်ခံထားရတဲ့ ကြက်ဖကြီးလို တုန်တုန်ခိုက်ခိုက်
ဖြစ်နေလို့ ပြန်လှည့်တာ။ သူ့အတွက် စိတ်မကောင်းဘူး။ ဒါမို့ သူ့ကို ဘာမှ
မပြောချင်တော့ဘူး”ဟု ပရိဗိုဇ်က ပြန်ဖြေ၏။
“ကိုယ်တော် . . . တစ်ကိုယ်လုံး ချွေးတွေသံတွေနဲ့ပါလား။ ဘယ်လို
ဖြစ်တာလဲ”ဟု နောက်တစ်ယောက်က မေးပြန်၏။
“ရဟန်းကြီးက ရဲရဲငြီးနေတဲ့ သံတွေခဲကြီးလိုပဲ။ တော်တော် ပူတယ်။
ဒီတော့ ငါ ချွေးပြန်တာ ဘာဆန်းလဲ”ဟု ပရိဗိုဇ်က တုံ့ပြန်၏။
ဤပရိဗိုဇ်၏ စကားကို အနည်းငယ်သော
လူတို့ကသာ လက်ခံ၏။ ဤပရိဗိုဇ်သည် ကရုဏာတော်ရှင်၏ ရှေ့မှောက်၌ နိမ့်ကျသိမ်ငယ်သွားသည်ဟု
အများစုက နားလည်၏။ ဤ အဖြစ်အပျက်ကြောင့် တိတ္ထိတို့ကို ဆန့်ကျင်သည့် လူတို့၏ သဘောထား
အခိုင်အမာ တည်ဆောက်မိသွားလေ၏။
* * * * * * * * * *
ဆွမ်းခံရာမှ သပိတ်ဟောင်းလောင်းနှင့်
ပြန်ကြွတော်မူလာသည့် ဘုရားရှင်၏ ရှေ့တော်မှောက်သို့ ကိသာဂေါတမီ ရောက်လာသည်။ သူ့
ရင်ခွင်၌ သားငယ်၏ အလောင်း ပါမလာတော့ပေ။ သူ့ အသွင်အပြင်မှာ အရူးမ တစ်ယေက်နှင့်
မတူတော့ဘဲ ဘ၀ကို ငြီးငွေ့စိတ်ပျက်နေပုံ ပေါ်နေ၏။
“နှမ . . . လူမသေဖူးတဲ့ အိမ်က မုန်ညင်းစေ့ ရခဲ့ပြီလား”ဟု
ဘုရားရှင်က မေးတော်မူ၏။
“ရှင်တော်ဘုရား . . . တပည်တော် သောကကို
ချိုးနှိမ်လိုက်နိုင်ပါပြီ ဘုရား။ သားရဲ့အလောင်းကို သုဿာန်မှာ မြှုပ်နှံပြီး
ပြန်လာခဲ့တာပါ ဘုရား။ မြတ်စွာဘုရား . . .။ လူမသေဖူးတဲ့ အိမ်ကို တပည့်တော်
ရှာမတွေ့ခဲ့ပါ ဘုရား။ မွေးဖွားလာသူတိုင်း သေသဘောရှိတယ် ဆိုတာကို တပည့်တော်
နားလည်လိုက်ပါပြီ ဘုရား။ သံသရာရဲ့ သဘောကို တပည့်တော် သိလိုက်ပါပြီ ဘုရား”ဟု
ကိသာဂေါတမီက ပြန်လည် လျှောက်ထား၏။
“နှမ . . . သေသွားတဲ့ သားအတွက် မပူဆွေးတော့ဘူး ဆိုရင် အခု အသက်ရှင်နေသေးတဲ့
လင်ယောက်ျားဆီ ပြန်ပေတော့။”
“မပြန်တော့ပါ ဘုရား။ တပည့်တော် ဘယ်သူ့ကိုမှ သံယောဇဉ်
မတွယ်တော့ပါ ဘုရား။ အိမ်ထောင်သည် ဘ၀ကို မလိုလားတော့ပါ ဘုရား။ သားတစ်ယောက်အတွက်
အခုလောက် ပူဆွေးသောက ရောက်နေရမှတော့ သားသမီးတွေ ရလာအုံးမယ်ဆိုရင် ပူဆွေးသောက
တိုးပွားလာမှာပါ ဘုရား။ လင်သားအပေါ်မှာရော ဆွေမျိုးသားချင်းတွေ အပေါ်မှာပါ တွယ်တာတပ်မက်မှု
မရှိတော့ပါ ဘုရား။ မြတ်စွာဘုရား . . .။ တပ်မက်မှု လောဘဟာ ပူးဆွေးသောကရဲ့
အကြောင်းရင်း ဖြစ်တယ်ဆိုတာ တပည့်တော် နားလည်ပါပြီ ဘုရား။ တပည့်တော်ကို ရဟန်းပြုခွင့်
ပေးတော်မူပါ ဘုရား . . .။”
“နှမ . . . သင်ဟာ ရဟန်းဘ၀နဲ့ အထိုက်တန်ဆုံးပဲ။ ငါ့ရဲ့
တပည့်သာဝတွေ လာတဲ့အထိ စောင့်ပါ။ သင့်ကို ငါ ရဟန်းပြုပေးမယ်။”
နံနက်စောစောက သားသေကို
ရင်ဝယ်ပိုက်လျက် သောကသည် အရူးမကြီး ဖြစ်ခဲ့သူ ကိသာဂေါတမီသည် ယခုအခါ သဒ္ဓါတရား
ပြည့်ဝသည့် ဘိက္ခုနီမ တစ်ပါးကဲ့သို့ ကင်းဆိတ်အေးချမ်း နေ၏။ ဂေါတမီသည် ဘုရားရှင်ကို
ရှိခိုးပြီးလျှင် ဇေတ၀န် ကျောင်းတော်မှ ထွက်ခွာသွားလေ၏။
:)
ရှင်အာစာရ
-----
Ref:
Portrait of the Buddha (from a
Novelist's Pen) by Jayasena Jayakody, English Translation by K. D. de
Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ
မတွေ့ရပါ။)
No comments:
Post a Comment