Wednesday, October 17, 2012

နိုးဆော်စာ

“အချို့သော မြန်မာ ဗုဒ္ဓဘာသာဝင်များ ဘာသာတရား လိုက်စားနေကြပုံမှာ လေးလေးနက်နက် ရှိလှပြီး ၎င်းတို့၏ ဘာသာရေးအသိနှင့် လက်တွေ့ လိုက်နာကျင့်သုံးမှုတို့မှာလည်း လေးစားထိုက်လှသည်။ ၎င်းတို့သည် အရိယာ သူတော်စဉ်များနှင့် ဆင်တူကြ၏။
သို့သော် ဘုရားရှင်၏ အဆုံးအမနှင့် ပြတ်ပြတ်သားသား ကင်းဝေးနေသူ၊ မသိမသာ အလှမ်းကွာနေသူ၊ တရားမျက်စိ ကန်းနေသူ၊ တရားနား ထိုင်းနေသူ၊ တရားအ တရားဆွံ့ ဗုဒ္ဓဘာသာ အနွယ်ဝင်များလည်း မြောက်များစွာ ရှိနေသည်။ ၎င်းတို့အနက် အချို့မှာ သာသနာပ မိစ္ဆာဒိဋ္ဌိများနှင့် တူလှသည်ဟုပင် ထင်မိသည်။
တရားနီးသူနှင့် တရားဝေးသူ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအသိ၊ ဘာသာရေး အရည်အသွေး ကွာဟမှုမှာ ကြီးမားလွန်းလှသည်။ ဤကွာဟမှုကြီးကို မြန်မာ့သာသနာ၏ ဟာကွက်ကြီးတစ်ခုအဖြစ် ရှုမြင်မိသည်။ ဤကွာဟချက်ကို လျှော့ချရန် စွမ်းနိုင်သူတို့က ဓမ္မသင်တန်းများ ဖွင့်လှစ် ပေးသင့်သည်။
ကျောင်းသူကျောင်းသား လူငယ်များအတွက် ကျောင်းပိတ် ရာသီများ၌ စီစဉ်ပေးသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကာလတို သင်တန်းများနှင့် လူကြီးများအတွက် ဖွင့်လှစ်သည့် အဘိဓမ္မာ ၀ိသုဒ္ဓိမဂ် အစရှိသော အဆင့်မြင့် သင်တန်းများအပြင် စနေ တနင်္ဂနွေ အပတ်စဉ် ကျောင်းပိတ်ရက်များ၌ နှစ်ပေါက် ဖွင့်လှစ်ပေးသည့် အခြေခံဓမ္မသင်တန်းများလည်း ရှိသင့်သည်။ သို့မှသာလျှင် မြန်မာဗုဒ္ဓဘာသာတို့၏ ပျမ်းမျှ ဘာသာရေး အရည်အသွေး မြင့်တက်လာမည်ဖြစ်သည်။”
 ဒေါက်တာအရှင်အာစာရ

*****

"ရာဟုလာ" ဓမ္မသင်တန်းကျောင်း
-----

၁။ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ အခြေခံနှင့် ဗုဒ္ဓဘာသာ အခြေခံ ရရှိစေရန်၊

၂။ လူငယ်များ အခြေခံပညာ သင်ယူခွင့် ပိုမို ရရှိစေရန်နှင့်

၃။ ပရိယတ္တိသာသနာတော်ကို မြှင့်တင်ရန် ရည်ရွယ်သည်။

ရည်ရွယ်ချက် (၁)အတွက် သီတင်းပတ်စဉ် အစိုးရကျောင်းပိတ်ရက်များ၌ ဓမ္မသင်တန်းများ ဖွင့်လှစ်ပါသည်။ “ဗုဒ္ဓဘာသာ မြန်မာစာ” နှင့် “ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ” ဘာသာရပ်နှစ်မျိုး သင်ကြားပေးပါသည်။ ရက်ရှည် ကျောင်းပိတ်ရက်များ၌ သင့်တော်သည့် ဓမ္မသင်တန်းများ ဖွင့်လှစ်ပါသည်။

"ပညာရေးသည် ကမ္ဘာကို ပြုပြင်ပြောင်းလဲရာ၌ အသုံးပြုနိုင်သည့်
စွမ်းအားအထက်ဆုံး လက်နက် ဖြစ်သည်"
(နယ်လ်ဆင် မင်ဒဲလား)

ရည်ရွယ်ချက် (၂)အတွက် အစိုးရ အခြေခံပညာသင်ကျောင်း မဖွင့်လှစ်ရသေးသော ကျေးရွာများ၌ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်အောင် ပံ့ပိုးပေးပါမည်။ မူလတန်းကျောင်းသာရှိ၍ လယ်တန်းကျောင်း အထက်တန်းကျောင်းများနှင့် အလှမ်းဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများအတွက် အထက်တန်းကျောင်း ရှိရာဒေသများ၌ ပညာဒါနကျူရှင်နှင့် အခမဲ့ဘော်ဒါဆောင်များ ဖွင့်လှစ်ပါမည်။ အဆောင်နေ ကျောင်းသူကျောင်းသားများကို ကျောင်းအားချိန်များ ၌ ဓမ္မသင်ခန်းစာများ လေ့လာစေပါမည်။

"ဘုရားရှင်၏ ဆုံးမစကားကို သင်ယူခြင်း ပို့ချခြင်းသည်
ပရိယတ္တိ မည်၏" (အရှင်မဟာဗုဒ္ဓဃောသ)

ရည်ရွယ်ချက် (၃)အတွက် ရှင်သာမဏေများကို ပစ္စည်းလေးပါး ထောက်ပံ့၍ ပရိယတ္တိစာပေများ သင်ကြားပေးပါမည်။ အထူးသဖြင့် သာမဏေကျော် စာမေးပွဲများ ၀င်ရောက်ဖြေဆိုမည့် ရှင်သာမဏေများကို သီးသန့် ပြုစုပျိုးထောင်ပေးပါမည်။

ယခုအခါ (၂၉.၉.၁၂) စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရင်းရဲကျေးရွာနှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးကျေးရွာ တို့၌ အပတ်စဉ် ဓမ္မသင်တန်းများ ဖွင့်လှစ်၍ ရည်ရွယ်ချက် (၁)ကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။ Primary I, Primary II, Secondary I, Secondary II, Intermediateဟူ၍ တန်းခွဲငါးခု ခွဲ၍ သင်ကြားပေးနေပါသည်။ စိုင်ပြင်ကြီး သင်တန်းကျောင်း၌ သင်တန်းသူ သင်တန်းသား ငါးရာခန့် တက်ရောက်လျက် ရှိပါသည်။ ရင်းရဲသင်တန်းကျောင်း၌ သင်တန်းသူ သင်တန်းသား နှစ်ရာခန့် တက်ရောက်လျက် ရှိပါသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ဓမ္မသင်တန်းကျောင်းများ များနိုင်သမျှများများ ဖွင့်လှစ်သွားပါမည်။ အရပ်ဒေသ၏ လိုအပ်ချက်နှင့် ဖြစ်နိုင်ချေအပေါ် မူတည်၍ ရည်ရွယ်ချက် တစ်မျိုးဖြစ်စေ၊ နှစ်မျိုးဖြစ်စေ၊ သုံးမျိုးလုံးဖြစ်စေ အကောင်အထည်ပေါ်အောင် ဆောင်ရွက်သွားပါမည်။

*****

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးစံပြကျေးရွာရှိ
သိန်း (၄၀၀၀)ခန့် ကုန်ကျမည့်
“ရာဟုလာ” ဓမ္မသင်တန်းကျောင်း တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် လှူဒါန်းနိုင်ပါသည်။

- ဆောက်လက်စ "၀ိဇ္ဇာဒါယာဒ" ဓမ္မစာသင်ဆောင် (၁) အတွက် နည်းများမဆို ထည့်ဝင် လှူဒါန်းနိုင်ပါသည်။
- ဆက်လက် အကောင်ထည်ဖော်မည့် အောက်ပါ စီမံကိန်းများ အတွက်လည်း လှူဒါန်းနိုင်ပါသည်။
- “ဇလဒါယာဒ” ရေလျှံတွင်း [သိန်း ၃၀ခန့်]၊
- “၀ိဇ္ဇုဒါယာဒ” လျှပ်စစ်ရုံ [၂၅ သိန်းခန့်]၊
- “သိပ္ပဒါယာဒ” ဓမ္မစာသင်ဆောင် (၂) [သိန်း ၃၀၀ခန့်]၊
- “ပညာဒါယာဒ” ဓမ္မစာသင်ဆောင် (၃) [သိန်း ၃၀၀ခန့်]၊
- “သုတဒါယာဒ” စာကြည့်တိုက် [သိန်း ၂၀၀ခန့်]
- “ဓမ္မဒါယာဒ” ဓမ္မာရုံ [သိန်း ၇၀၀ခန့်]၊
- “အာမိသဒါယာဒ” ဆွမ်းချက်ဆောင်-ဆွမ်းစားဆောင်
[သိန်း ၅၀၀ ခန့်]
- “အဓိပတိဒါယာဒ” နာယကများဆောင်
[သိန်း ၅၀၀ခန့်]
- “သံဃဒါယာဒ” သံဃာဆောင်
[သိန်း ၇၀၀ခန့်]
- “သာသနဒါယာဒ” သိမ်ကျောင်း [သိန်း ၂၀၀ခန့်]
- “သကျပုတ္တဒါယာဒ” အမျိုးသား ဘော်ဒါဆောင်
[သိန်း ၃၀၀ခန့်]
- “သကျဓီတာဒါယာဒ” အမျိုးသမီး ဘော်ဒါဆောင်
[သိန်း ၃၀၀ခန့်]

No comments:

Post a Comment