Wednesday, August 29, 2012

တရားမင်းသခင် - ၅၀။ လောကဓံ



ဇေတ၀န် ကျောင်းတော်၌ ဥပါသကာ ဥပါသိကာတို့ တအုံးအုံး တရုန်းရုန်း ရှိနေ၏။ ဇေတ၀န်ကျောင်းတော်သည် မြို့တော်သာဝတ္ထိ၌ အစည်ကားဆုံးနေရာ ဖြစ်နေ၏။ သာဝတ္ထိ မြို့သူမြို့သား အများစုသည် ဘုရားရှင်နှင့် တပည့်သာဝကတို့၏ တရားတော်ကို နာယူကြရရပြီး ဘုရားရှင်၏ တပည့်သာဝကများ ဖြစ်လာကြ၏။ ယခင်က မြို့သူမြို့သားတို့၏ ကိုးကွယ်ခြင်းကို ခံယူရရှိပြီး လာဘ်လာဘ ဆူဖြိုးခဲ့ကြသော သာသနာပ တိတ္ထိတို့ကား အရှိန်အစော် ကျဆင်းသွား၏။ ၎င်းတို့ ရနေကျ လာဘ်လာဘလည်း ဆိတ်သုဉ်းသွားပြီး ၎င်းတို့၏ သင်္ခမ်းကျောင်းများ၌ လူသူကင်းဆိတ်သွားလေသည်။        

ရောင်နီပျို့စ နံနက်ခင်းတစ်ခု ဖြစ်၏။ ဇေတ၀န် ကျောင်းတော်၏ ရေကန်ကြီးနား၌ အုတ်အော်သောင်းနင်းမှုကြီး တစ်ခု ဖြစ်ပေါ်နေသည်။ မိစ္ဆာဒိဋ္ဌိ ပရိဗိုဇ် တစ်ချို့နှင့် ၎င်းတို့၏ သာဝကတို့သည် ရေကန်အနီး၌ မြေကို တူးဆွနေကြ၏။ တစ်စုံတစ်ရာကို တူးဖော်နေကြခြင်း ဖြစ်သည်။ ရှင်အာနန္ဒာသည် အကျိုးအကြောင်းကို စုံစမ်းရန်အတွက် အုတ်အော်သောင်းနင်း ဖြစ်နေရာသို့ သွား၏။ တိတ္ထိတို့၏ သာဝက တစ်ယောက်သည် ရှင်အာနန္ဒာ၏လက်ကို ရိုင်းပျစွာ ဆွဲဖမ်းလိုက်ပြီး အရှင့်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်သွားသည်။ တိတ္ထိသာဝက လူရမ်းကားသည် မြေမှ တူးဖော်ထားသည့် အမျိုးသမီးချော တစ်ယောက်၏ အလောင်းကောင်ကို ညွှန်ပြရင်း ရှင်အာနန္ဒကို စေ့စေ့ကြည့်လျက် ငေါက်ငမ်းသည့် လေသံဖြင့်မေး၏။

“ဒါ ဘာလဲ။”

“အမျိုးသမီး အလောင်းပဲ . . .”ဟု ဖြေကြားသူ ရှင်အာနန္ဒာသည် အခြေအနေကို နားမလည်နိုင်ပေ။

“အမျိုးသမီးအလောင်း ဆိုတာကတော့ သင့်အရင်ကတည်းက ငါတို့ သိတာပဲ။ ဒီအလောင်းက ဒီနေရာ ဘယ်လိုလုပ် ရောက်လာရတာလဲ။”

“ဒကာ . . . ငါ မသိဘူး . . .။”

“အေး . . . ကောသလ ဘုရင်ကြီးကိုလည်း ဒီအတိုင်းပဲ ပြောပေါ့။ သေမယ် . . . သေမယ်။ သင်တို့ဆရာ ရဟန်းဂေါတမဆီ ချဉ်းကပ်နေတဲ့ ဒီ အမျိုးသမီးကို သင်တို့ သွန်သင်လိုက်ပုံက သိပ်ကို ပညာသားပါတာပဲ။ ဒါဟာ သုန္ဒရီရဲ့ အလောင်းပဲ။ နေ့တိုင်းနေ့တိုင်း တစ်နေကုန်အောင် ဇေတ၀န်ကျောင်းထဲ ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ မိန်းမချောလေ။ မနေ့ညကတော့ ရဟန်းဂေါတမနဲ့ သင်တို့ နောက်လိုက်နောက်ပါတွေက သူ့ကို ကျောင်းထဲထိ ဆွဲသွင်းပြီး အကြမ်းဖက် စော်ကားလိုက်ကြတာ သူ သေသွားတယ် မဟုတ်လား။ သူသေသွားတော့ သူ့ကို တိတ်တိတ်ပုန်း မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြတာ မဟုတ်လား။”

တိတ္တိသာဝက၏ စကားအဆုံး၌ တိတ္တိတစ်ယောက်က ဆိုပြန်၏။

“ဒီမယ် ရဟန်း . . .။ ဒီ အမျိုးသမီးဟာ အရင်ကတော့ ငါတို့ဘက်သားပဲ။ ရဟန်းဂေါတမကို မြင်မြင်ချင်း ကြိုက်သွားလို့ ငါတို့ဆီက ထွက်သွားတာ။ သင်တို့ဆရာကြီး ဂေါတမကလည်း သူ့ကို ကြိုက်တာပဲ။ ဒါကြောင့် ဒီကောင်မက နေ့ရောညပါ ဇေတ၀န်ထဲ ၀င်လိုက်ထွက်လိုက် လုပ်နေတာပေါ့။ သင်တို့ ဆရာကြီး ဘာတွေလုပ်လုပ် ငါတို့နဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ပြောစမ်းပါအုံး။ ဂေါတမက သုန္ဒရီကို အကြမ်းဖက်ခွင့် ရှိသလား။ ဂေါတမ တပည့်တွေကလည်း ဂေါတမနဲ့ တစ်ကြိတ်တည်း တစ်ကြံတည်းပဲ။ သုန္ဒရီလည်း သေသွားရော တက်ညီလက်ညီနဲ့ အလောင်းကို ကျောင်းဝင်းထဲမှာ တိတ်တဆိတ် မြှုပ်ပစ်လိုက်ကြတယ်။ နေ့ခင်းမှာတော့ လူအထင်ကြီးအောင် မျက်လွှာ တချချနဲ့နေပြီး ညညကျမှ ဖောက်ပြန်တဲ့ သင်တို့ဆရာကြီး ဂေါတမရဲ့ ညဇာတ်လမ်း ဖြစ်ရပ်မှန်ကို ကောသလမင်းကြီးဆီ သတင်းပို့ရမယ်။ သင်တို့ရဲ့ တထာဂတ ဂေါတမကြီးရဲ့ စရိုက်ဆိုးတွေ အခုတော့ ဗူးပေါ်သလို ပေါ်နေပြီ မဟုတ်လား။”

ဤစကားများကို ကြားလိုက်ရသူ ရှင်အာနန္ဒာမှာ မျက်ရည်မဆည်နိုင်တော့ပေ။ စကားတုံ့ တစ်ခွန်းမှ မဆိုနိုင်ဘဲ တွေဝေငေးမောလျက် မျက်ရည်မိုးသာ ဖြိုင်ဖြိုင်ရွာချနေ၏။ မထင်မှတ်ဘဲ ရုတ်တရက် စွပ်စွဲခံလိုက်ရသဖြင့် ပူဆွေးသောကရောက်၍ အားကိုးရာရှာရန် ဘုရားရှင်ထံသို့ တန်းတန်းမတ်မတ် ပြေးသွားလေ၏။

“မြတ်စွာဘုရား . . . တပည့်တော်တို့ ပျက်စီးပါပြီဘုရား . . .။ တိတ္ထိပရိဗိုဇ်တွေဟာ တပည့်တော်တို့ ကျောင်းဝင်းကနေ အမျိုးသမီးငယ် တစ်ယောက်ရဲ့ အလောင်းကို တူးဖော်လိုက်ကြပါတယ် ဘုရား . . .။ အရှင်ဘုရားကိုရော တပည့်တော်တို့ ရဟန်းတွေကိုပါ တိတ္ထိတွေက စွပ်စွဲနေကြပါတယ် ဘုရား။ အဲဒီ အမျိုးသမီးဟာ မနေ့ညက တပည့်တော်တို့ဆီ တရားလာနာတယ်၊ တပည့်တော်တို့က သူ့ကို ဖမ်းချုပ်ပြီး ကျူးလွန်စော်ကားကြတယ်၊ သူသေတဲ့အထိ ပြစ်မိကျူးလွန်မိပြီး အသေကောင်ကို ကျောင်းဝင်းထဲမှာ မြေမြှုပ်လိုက်ကြတယ်လို့ စွပ်စွဲကြပါတယ် ဘုရား”ဟု ရှင်အာနန္ဒသည် ငိုကြီးချက်မနှင့် ဘုရားရှင်ကို လျှောက်ထား၏။

ဤသို့ ရှင်အာနန္ဒာ လျှောက်ထားနေစဉ် ဘုရားရှင်၏ ကျောင်းရှေ့၌ ဆူသံများ ထွက်ပေါ်လာသည်။ တိတ္ထိသာဝကတို့သည် သုန္ဒရီ၏ အလောင်းကို သယ်လာခဲ့ကြပြီး ဘုရားရှင်ကို တိုက်ရိုက် စွပ်စွဲကြလေ၏။ ဘုရားရှင်၏ အနီး၌ ရှိနေကြသော ဒကာဒကာမတို့ ထွက်သွားကြပြီး ခမ်းလှမ်းလှမ်းမှ အကဲခတ်ကြည့်နေကြ၏။ ထိတ်လန့်ခြင်း ရှက်ရွံ့ခြင်းတို့ လွှမ်းမိုးအပ်သူ ရှင်အာနန္ဒကား ငိုလျက်သာ ရှိနေလေ၏။

ဆဲဆိုငေါက်ငမ်းသံ၊ အပြစ်တင် ကြိမ်းမောင်းသံ၊ ကဲ့ရဲ့ရှုတ်ချသံတို့ အချိန်အတော်ကြမှ ငြိမ်သက်သွား၏။ ဘုရားရှင်သည် တစ်ချိန်လုံး မျက်စိ မှိတ်ထားတော်မူ၏။ ကျောင်းတော်အတွင်း၌ အသံဗလံတို့ တိတ်ဆိတ်သွားမှ မျက်လုံးအစုံကို ဖွင့်ကြည့်တော်မူ၏။ ဘုရားရှင်ကို ငေးမောကြည့်ရှုနေကြသည့် ကူကယ်ရာမဲ့ မျက်နှာငယ် သံဃာတော်တို့ကိုသာ တွေ့တော်မူလိုက်ရ၏။ ကျောင်းပရိဝုဏ် အတွင်း၌ လူဒကာဒကာမ တစ်ယောက်တစ်လေမှပင် မရှိတော့ပေ။ ဘုရားရှင်သည် ရှင်အာနန္ဒာနှင့် ရဟန်းတော်တို့ကို သိမ်မွေ့ညင်သာစွာ မိန့်တော်မူ၏။

“အာနန္ဒာ . . . အချိန်မဟုတ် အခါမဟုတ်နဲ့ တိုက်ခတ်လိုက်တဲ့ မုန်တိုင်းကြောင့် ဇေတ၀န် ကျောင်းတော်ထဲမှာ မိုးတွေသည်းခဲ့တယ်။ အခုတော့ သာဝတ္ထိ လမ်းတွေထဲမှာ ရွာချနေပြန်ပြီ။ အာနန္ဒာ . . . ရာသီအလိုက် ပုံမှန် ပေါ်ပေါက်လာတဲ့ သဘာဝ နေဒဏ် မိုးဒဏ်တွေကို ကြံ့ကြံ့ခံသလို မုန်တိုင်းရူးကြောင့် ဖြစ်ပေါ်လာတဲ့ ဒီ မိုးရူးကိုလည်း ကြံ့ကြံ့ခံနိုင်ရမယ်။ အာနန္ဒာရဲ့ အတွေးစိတ်ကူးတွေ ဖြူစင်သားပဲ။ ကိုယ့်ဦးခေါင်းကိုယ် စင်ကြယ်မှုနဲ့ ကာကွယ်ပါ။ မိုး မစိုနိုင်ပါဘူး။

ရဟန်းတို့ . . . ခိုင်ခိုင်မာမာ ရပ်တည်ကြပါ။ လောကဓံမိုးရူး သည်းစမ်းပါစေ။ လောကဓံမိုးကြိုးတွေ ထစ်ချုန်းစမ်းပါစေ။ လောကဓံလျှပ်စီးတွေ လက်စမ်းပါစေ။ ငါ့ကို နမူနာယူပြီး ငါ့လိုပဲ ခိုင်ခိုင်မာမာ ရပ်တည်ကြပါ။”

* * * * * * * * * *

လူဒကာဒကာမတို့ ကင်းဆိတ်နေသည့် ဇေတ၀န် ကျောင်းတော်ထဲသို့ ပိန်ပါးပါး အမျိုးသမီးတစ်ဦး ပြေးဝင်လာ၏။ အမျိုးသမီး၏ ရင်ခွင်၌ ကလေးငယ် တစ်ယောက်ကို ပွေ့ပိုက်ထား၏။ နုံနုံချာချာ အသွင်ရှိနေသည့် ထိုအမျိုးသမီးသည် အရူးမ တစ်ယောက်ကဲ့သို့ ပြူးပြူးပြာပြာ ဖြစ်နေ၏။ ထိုအမျိုးသမီးကို မြင်လိုက်ရသူ ရှင်အာနန္ဒာသည် ဘုရားရှင်ကို အသရေဖျက်ရန် တိတ္ထိတို့ နောက်တစ်မျိုး ကြံကြပြန်ပြီလားဟု တွေးမိပြီး ထိတ်လန့် တုန်လှုပ်သွား၏။

အဆိုပါ အမျိုးသမီးသည် ကိသာဂေါတမီ ဖြစ်၏။ သားသံယောဇဉ်ကြောင့် သူ တကယ် ရူးနေရှာသည်။ သားသေကို ရင်ဝယ်ပိုက်၍ ဘုရားရှင်ထံ သူ ရောက်လာ၏။ ဘုရားရှင်၏ ထံတော်မှ အကူအညီကို လိုလားနေသူ ကိသာဂေါတမီသည် သားငယ်၏ အလောင်းကို ဘုရားရှင်ရှင်၏ ခြေတော်ရင်း၌ ချထားလိုက်ပြီး ဘုရားရှင်ကို အားကိုးတကြီး လျှောက်တင်၏။

“မြတ်စွာဘုရား . . .။ ဒါဟာ တပည့်တော်ရဲ့ သားပါ။ တပည့်တော်ရဲ့ အသက်ပါ။ မနေ့တုန်းက သားလေးကို ချော့မြှူကစားရင်း တပည့်တော် ပျော်ရွှင် ကြည်နူးခဲ့ရပါသေးတယ် . . .။ သားလေးလည်း ပြုံးလို့ပျော်လို့ လက်ခုပ်လက်ဝါးတွေ တီးလို့ . . .။ နို့လည်း ကောင်းကောင်း စို့ခဲ့ပါသေးတယ် . . .။ ရင်ကလေး ရှိုက်ဖိုရှိုက်ဖိုနဲ့ ပုံမှန် အသက်ရှူရင် သက်တောင့်သက်သာ အိပ်ပျော်သွားခဲ့တာပါ။ ဒါပေမယ့် မြတ်စွာဘုရား . . . တပည့်တော့်သား တပည့်တော်အသက် . . . ခုတော့ တပည့်တော်ကို စကားမပြောနိုင်တော့ပါ ဘုရား . . .။ နို့လည်း မစို့နိုင်တော့ပါ ဘုရား။ တပည့်တော်ရဲ့ ရင်ငွေ့ကို ခုလှုံရင်း တပည့်တော်ကို သူ့လက်ချောင်းလေးတွေနဲ့ မဆုပ်နိုင် မကုတ်နိုင်တော့ပါ ဘုရား။ တပည့်တော်ရဲ့ အိမ်သားက ကလေး သေပြီလို့ ပြောပါတယ် ဘုရား။ မြတ်စွာဘုရား . . . မဖြစ်နိုင်ပါဘူး ဘုရား။ မနေ့ညနေကပဲ တပည့်တော်နဲ့ မြူးတူးပျော်ပါး ကစားခဲ့သေးတာပဲ . . .။ တစ်ညတည်းနဲ့ ဘယ်လိုလုပ် သေနိုင်မှာလဲ။ မြတ်စွာဘုရား . . .။ ဇီဝက အပါအ၀င် ထင်ရှားတဲ့ သမားတော်ကြီးတွေဆီ တပည့်တော် သွားခဲ့ပါတယ်။ သမားတော်ကြီးတွေကလည်း သားလေး ပြီလို့ပဲ ပြောကြပါတယ် ဘုရား။ မြတ်စွာဘုရား . .  .။ အရှင်ဘုရားက အရာရာကို သိသူပါ . . .။ တပည့်တော့်သားလေး မသေးပါဘူး . . .။ သားလေး နေကောင်းလာအောင် လုပ်ပေးပါဘုရား။ သားလေး တကယ် မသေးသေးပါဘူး ဘုရား။ သားလေးရဲ့ အသက်ဟာ တပည့်တော်ရဲ့ အသက်ပါပဲ မြတ်စွာဘုရား။ အို . . . ရှင်တော်ဘုရား . . .။ တပည့်တော်သားလေ ပြန်ကောင်းလာအောင် ဆေးဝါးများ ပေးသနားတော်မူပါ ဘုရား။ တပည့်တော့် သားလေးကို ပြန်လိုချင်ပါတယ် ဘုရား”ဟု ကိသာဂေါတမီက ဘုရားရှင်ကို တောင်းပန် လျှောက်ထား၏။

ဘုရားရှင်သည် ခြေတော်ရင်း၌ ချထားသည့် ကလေးကို ကြည့်တော်မူ၏။ ကလေး သေနေပြီဖြစ်ကြောင်း သံသယပွားစရာ မရှိပေ။ ဘုရားရှင်သည် ကိသာဂေါတမီကို ကရုဏာဖြင့် ကြည့်တော်မူရင်း မိန့်တော်မူ၏။

“နှမ . . . သင့်သားလေးကို ကုသနိုင်မယ့် ဆေးဝါးကို ငါသိတယ်။ အဲဒီ ဆေးကိုသာ ငါ့ဆီ ယူလာခဲ့ပါ။”

“ရှင်တော်ဘုရား . . .။ ဘာဆေးလဲ ဘုရား။ ဟိမ၀န္တာထိ သွားရသွားရ တပည့်တော် အဲဒီဆေးကို ပြေးယူလိုက်ပါ့မယ် ဘုရား။ ဘယ်လိုဆေးလဲ ဘုရား။ အမိန့်ရှိပါ ဘုရား”ဟု ကိသာဂေါတမီ ၀မ်းသာအားရ အော်နေ၏။ သူ စိတ်မရှည်နိုင်တော့ပေ။

“နှမ . . . သင့် သားလေးကိုပါ ခေါ်သွားပါ။ လူမသေးဖူးသေးတဲ့ အိမ်က မုန်ညင်းစေ့ လက်တစ်ဆုပ်ကိုသာ ယူလာခဲ့ပါ။ အဲဒီကျရင် သင့်ကလေး ပြန်ကောင်းလာအောင် ငါ လုပ်ပေးမယ်။”

ကိသာဂေါတမီသည် အချိန်ဆိုင်း မနေတော့ဘဲ သားသေကို ရင်ဝယ်ပိုက်လျက် ဇေတ၀န် ကျောင်းတော်မှ ထွက်ပြေးသွား၏။ အနှောင်အဖွဲ့မှ လွတ်မြောက်သည့် ငှက်တစ်ကောင်နှင့် တူနေပေတော့သည်။


  
:)
ရှင်အာစာရ

-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment