ဘုရားရှင်သည် ယမုနာမြစ်ကို ဖြတ်ကျော်ကာ ကုရုတိုင်းမှ
ကောသလတိုင်းသို့ ကြွတော်မူ၏။ ကြီးပွား ထွန်းကားနေသည့် စိုက်ကွင်းများ ဥယျာဉ်ခြံမြေများကို
ဖြတ်သန်း၍ ကြွချီတော်မူ၏။ ပိန်သေးသေး လယ်သမားကြီး တစ်ယောက်သည် ဘုရားရှင်၏
ရှေ့တော်မှောက်သို့ ရောက်ရှိလာပြီး ငိုကြွေးနေ၏။ လယ်သမားကြီးသည် လက်ဆယ်ဖြာ
ထိပ်မှာမိုး၍ ဘုရားရှင်ကို ရှိခိုး၏။ တစ်စုံတစ်ရာ မျှော်လင့်ချက်ဖြင့် ဘုရားရှင်၏
မျက်နှာတော်ကို မော်ဖူးနေသည်။
“ဒကာတော် . . . ဘာများ ဒုက္ခရောက်နေသလဲ”ဟု ဘုရားရှင်က
မေးတော်မူ၏။
“တပည့်တော်ဟာ လယ်သမားပါ ဘုရား။ တပည့်တော်မှာ
နွားသုံးကောင် ရှိပါတယ် ဘုရား။ နွားတွေဟာ တပည့်တော်ရဲ့ သားသမီးတွေလိုပါပဲ ဘုရား။ ဥဂ္ဂတသရီရ
ပုဏ္ဏားကြီးက တပည့်တော့် နွားတွေကို ယဇ်ပူဇော်ဖို့ ယူသွားပါတယ် ဘုရား။ အရှင်ဘုရားဟာ
နတ်ဗြဟ္မာတမျှ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်လို့ တပည့်တော် ထင်ပါတယ် . . .။ တပည့်တော်
ချစ်မြတ်နိုးရတဲ့ တပည့်တော့် နွားတွေကို ယူသွားတဲ့ ဥဂ္ဂတသရီရ ပုဏ္ဏားကြီးကို
ကျိန်စာတိုက်ပေးပါ ဘုရား။”
“ဥဂ္ဂတသရီရ ပုဏ္ဏားကြီးက သင့်ကို တန်ရာတန်ကြေး
နွားဖိုး မပေးခဲ့ဘူးလား။”
“မပေးပါဘူး . . .။ တပည့်တော်ကို ဈေးစကားတောင်
ပြောမသွားပါဘူး။ သူ့အပေါင်းအပါတွေက ချည်နေကျ ချည်တိုင်မှာ ချည်ထားတဲ့ နွားတွေကို ဘာတစ်ခွန်းမှ
မပြောဘဲ ဖြုတ်ယူသွားတာပါ။ သူတို့ပိုင်တာ ကျနေတာပါပဲ ဘုရား။”
“သူက သင့်နွားတွေကိုပဲ ယူတာလား။”
“မဟုတ်ပါ ဘုရား။ တစ်ရွာလုံးမှာရှိတဲ့ တောင်သူလယ်သမား
ဆင်းရဲသားတွေရဲ့ နွားတွေအားလုံး ယူတာပါ . . .။ နွားအိုတွေကိုပဲ ချန်ထားခဲ့ပါတယ်
ဘုရား။”
“မင်းမှုထမ်း အာဏာပိုင်တွေကို တိုင်ကြားပြီးတော့ နွားတွေ
ပြန်ရအောင် မကြိုးစားဘူးလား။”
“တိုင်ကြားလို့လည်း အလကားပါ ဘုရား။ ပုဏ္ဏားကြီးဟာ
တောင်သူလယ်သမားတွေရဲ့ ကျွဲ နွား သိုးဆိတ်တွေကို ယဇ်ပူဇော်ဖိုပ ယူပိုင်ခွင့်
ရထားပါတယ် ဘုရား။ ပုဏ္ဏားကြီး ဦးခေါင်း ခုနစ်စိတ် ကွဲအောင်သာ ကျန်စာတိုက်
ပေးတော်မူပါ ဘုရား။”
လယ်သမားကြီးသည်
ပုဏ္ဏားကြီးအပေါ် ရမ်းပုံမီးကျ ဒေါသဖြစ်နေ၏။
“လယ်သမားကြီး . . . ဘယ်လို ဖြစ်ချင်တာလဲ။ နွားတွေကို
ပြန်ရချင်တာလား။ ပုဏ္ဏားကြီးကို ကျိန်စာတိုက်စေချင်တာလား။”
“တပည့်တော့် နွားတွေကို ပြန်ရရင် ကျန်တာ ဘာမှ
မလိုတော့ပါ ဘုရား။”
“ဥဂ္ဂတသရီရ ပုဏ္ဏားကြီးက ဘယ်မှာလဲ။ သင့်နွားတွေ
ပြန်ရအောင် ငါ လုပ်ပေးမယ်။”
လယ်သမားကြီးသည် မျက်ရည်များ
သုတ်လိုက်ပြီးနောက် ဘုရားရှင်ကို ဥဂ္ဂတသရီရ ပုဏ္ဏားကြီး ရှိရာသို့ ပင့်ဆောင်သွား၏။
ယဇ်ပူဇော်ရာ ကွင်းပြင်၌ နွားကြီး ငါးရာ၊ နွားငယ် ငါးရာ၊ နွားမတန်းမ ငါးရာ၊ ဆိတ်
ငါးရာ၊ သိုး ငါးရာတို့ကို ယဇ်တိုင် အသီးသီးမှာ ချည်နှောင်ထားသည်။ ဥဂ္ဂတသရီရ
ပုဏ္ဏားကြီးသည် ခမ်းနားစွာ ပြင်ဆင်ထားသည့် နေရာ၌ ထိုင်နေရင်း ယဇ်ပူဇော်ရန်
ပြင်ဆင်နေသည့် အစေအပါးတို့ကို အမိန့်ပေး ညွှန်ကြားနေ၏။ လယ်သမားကြီးသည်
ယဇ်ကွင်းပြင်သို့ မ၀င်ရဲသည်ဖြစ်၍ ယဇ်ကွင်းပြင်နှင့် ခမ်းလှမ်းလှမ်းမှာ ရပ်လိုက်၏။ မြောက်များစွာသော
တိရစ္ဆာန်များကြား၌ ရှိနေသည့် သူ့နွားများကို လယ်သမားကြီး မှတ်မိ၏။ လယ်သမားကြီးသည့်
သူ့နွားများကို ၀မ်းနည်းကြေကွဲစွာ ငေးကြည့်နေ၏။
ဥဂ္ဂတသရီရ ပုဏ္ဏားကြီးသည်
သူ့ထံသို့ ရဟန်းတစ်ပါး ခြေလှမ်းမှန်မှန်နှင့် လာနေသည်ကို မြင်လိုက်၏။ ထိုရဟန်းမှာ
သဗ္ဗညု ဘုရားရှင် ဖြစ်သည်ဟု ပုဏ္ဏားကြီး မသိပေ။ ကြုံလိုက်ရသည့် မြင်ကွင်းကို
မနှစ်မျို့သူ ပုဏ္ဏားကြီးသည် မကျေမနပ်နှင့် ထိုင်နေ၏။ ဘုရားရှင် သူ့ထံသို့
တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို သိလိုက်ရသောအခါ သူ့ ထိုင်ခုံကို မီးရှို့ခံလိုက်ရသကဲ့သို့
ပျာပျာသလဲနှင့် နေရာမှ ထလိုက်သည်။ သူ့ရှေ့သို့ ဘုရားရှင် ရောက်တော်မူသည့်အခါ
ထိုင်ခုံကို ယူ၍ ဘုရားရှင် ထိုင်တော်မူရန် ချပေး၏။ ခုံ၌ ထိုင်တော်မူရန်လည်း
လျှောက်ထား၏။ ထို့ပြင် မြေပြင်ပေါ် ဒူးထောက်၍ ဘုရားရှင်ကို ရှိခိုးလိုက်ပြီး
သူ့ဖြစ်အင်ကို ရိုးသားစွာ လျှောက်ထား၏။
“ရဟန်းမြတ် . . . အရှင်ဘုရားဟာ အစွမ်းထက်တဲ့ နတ်ဒေ၀ါ
တစ်ပါးနဲ့ တူပါတယ် . . .။ အရှင်ဘုရား အဝေးကနေ ကြွလာနေတာကို မြင်လိုက်ရတုန်းက
အရှင်ဘုရားကို မောင်းထုတ်ဖို့ အစေအပါးတွေကို အမိန့်ပေးလိုက်တော့မလို့ ပါပဲ . . .။ ဒါပေမယ့်
အရှင်ဘုရား တပည့်တော်နား ရောက်လာတော့ . . . တပည့်တော် ထိုင်ခုံမှာ ဆက်ပြီး
ထိုင်မနေနိုင်တော့ပါဘူး။ နတ်ဒေ၀ါတွေနဲ့ ဘုရင် ကောသလကိုပဲ ဦးညွတ်လေ့ရှိတဲ့
တပည့်တော်ဟာ အရှင်ဘုရား ရှေ့မှာ ဒူးထောက်မိလျက်သား ဖြစ်သွားပါတယ်။ အရှင်ဘုရားဟာ
တပည့်တော်ထက် ကြီးမြတ်ပုံ ရပါတယ် . . .။”
“ပုဏ္ဏားကြီး . . . တကယ်ပဲ အဲဒီလို ထင်သလား။”
“မှန်ပါတယ် . . .။”
“ပုဏ္ဏားကြီး . . . သင့်ရဲ့တန်ဖိုး ဘယ်လောက်
ထိုက်တန်မလဲ။”
“မခန့်မှန်းနိုင်ပါဘူး။ တပည့်တော်က စည်းစိမ်ဥစ္စာတွေ
အလျှံပယ် ကြွယ်ဝချမ်းသာပါတယ်။ တပည့်တော်ရဲ့ ကျော်စောသတင်းကလည်း ကြီးမားပါတယ်။
ဘုရင်မင်းမြတ်ရဲ့ ချီးမြှောက်ထောက်ပံ့မှုကိုလည်း တပည့်တော် ရထားပါတယ် . . .။”
“ပုဏ္ဏားကြီး . . . ဒီလို ခန့်မှန်းကြည့်ရအောင်။ သင့်တန်ဖိုးဟာ
အခု ယဇ်ကွင်းပြင်မှာ ရှိကြတဲ့ နွားတွေ ဆိတ်တွေ သိုးတွေ စုစုပေါင်း တန်ဖိုးရဲ့
ဘယ်နှဆလောက် ရှိမလဲ။”
“အဆပေါင်း သိန်းသန်း ကျော်မှာပေါ့ . . .။”
“ပုဏ္ဏားကြီး . . . ငါ့တန်ဖိုးက အဲဒီထက်တောင်
ပိုသေးတယ်။”
“မှန်ပါတယ်။ တပည့်တော် လက်ခံပါတယ် ဘုရား။”
“ပညာရှိ ပုဏ္ဏားကြီး . . .။ ယဇ်တိုင်တွေမှာ
ချည်နှောင်ထားတဲ့ တိရစ္ဆာန်တွေကို လွှတ်ပေးလိုက်ပါ။ ငါ့ကိုသာ ယဇ်တိုင်မှာ
ချည်လိုက်စမ်းပါ။ သင့်ရဲ့ နတ်ဒေ၀ါတွေကို ငါ့သွေးနဲ့ ပူဇော်လိုက်စမ်းပါ။
ပိုမိုမြင့်မြတ်တဲ့ နည်းနဲ့ ယဇ်ပူဇော်တာ ဖြစ်တဲ့အတွက် နတ်ဒေ၀ါတွေရဲ့ စောင်မမှုကို
ပိုပြီးတော့ ရရှိပါလိမ့်မယ်။ ဆာလောင်မွတ်သိမ့်ကြလို့ တိရစ္ဆာန်တွေ အော်မြည်နေတာ
မကြားဘူးလား။ တိရစ္ဆာန်တွေရဲ့ လည်ချောင်းသွေးတွေ ယဇ်ကွင်းပြင်မှာ
ချောင်းစီးအောင်လုပ်ပြီး ပူဇော်ပသတဲ့အတွက် ဘယ်လို ကောင်းချီးမင်္ဂလာတွေ ရမှာလဲ။ အခုလို
ကြမ်းတမ်းရိုင်းစိုင်းတဲ့ နည်းမျိုးနဲ့ နတ်ဒေ၀ါတွေကို ပူဇော်လို့ ရရှိမယ့်
အကျိုးကို ပြောပြစမ်းပါ။ ဒီ ယဇ်ကောင်တွေဟာ နွမ်းပါးတဲ့ တောင်သူလယ်သမားတွေရဲ့
သားသမီးတွေ ဆိုရင်လည်း ဟုတ်တယ်။ ကျေးဇူးရှင်တွေ ဆိုရင်လည်း မှန်တယ်။ ထောင်ချီတဲ့
ဒီ တိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်းဟာ တိုင်းပြည်ရဲ့ စိုက်ပျိုးရေး လုပ်ငန်းကို
အဟန့်အတား ဖြစ်စေတယ်။ အကျိုးဆက် အနေနဲ့ အငတ်ဘေး ဆိုက်သွားနိုင်တယ်။
ယဇ်တိုင်လုပ်ဖို့ သစ်ပင်တွေကို ခုတ်ဖြတ်တာဟာ သဘာဝ အရင်းအမြစ်ကို ဖျက်ဆီးတာပဲ။
ဒီတော့ ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာချိန် မှန်မှာမဟုတ်တော့ဘူး။ တိရစ္ဆာန်တွေကို
သတ်ဖြတ်တဲ့ အကုသိုလ်ကံကြောင့် သင်ရော၊ သင့်ရဲ့ နောက်လိုက် အစေအပါးတွေပါ ဒီဘ၀က
သေလွန်ရင် ငရဲကျလိမ့်မယ်။ ပညာရှိ ပုဏ္ဏားကြီး . . . ဒီလို ကြမ်းတမ်းရိုင်းစိုင်းတဲ့
နည်းနဲ့ ယဇ်ပူဇော်လို့ အကျိုးခံစားရတဲ့ နိုင်ငံရယ်လို့ ရှိသလား၊ လူမျိုးရယ်လို့
ရှိသလား။ ရှိရင် နမူနာ တစ်ခုလောက် ပြောပြစမ်းပါ။”
“အရှင်ဘုရား . . . ယဇ်ပူဇော်ဖို့ အသတ်ခံရတဲ့ တိရစ္ဆာန်တွေတောင်
ကောင်းကင်ဘုံနတ်နန်း ရောက်ကြရသေးတာပဲ . .
.။”
“ပုဏ္ဏားကြီး . . . တိရစ္ဆာန်တွေကို ကောင်းကင်ဘုံနတ်နန်း
ပို့ချင်လို့ ယဇ်ပူဇော်တာလား။ သင် ကောင်းချီးမင်္ဂလာ လိုချင်လို့ ယဇ်ပူဇော်တာလား။”
“အရှင်ဘုရား . . . နှစ်မျိုးလုံး အတွက်ပါပဲ . . .။”
“ဟုတ်ပြီ ပုဏ္ဏားကြီး . . .။ သင်မှာ သားသမီးတွေ မရှိဘူးလား။”
“ရှိတာပေါ့ . . .။”
“သင့် သားသမီးတွေကို . . . ကောင်းကင်ဘုံနတ်နန်းမှာ နတ်ချမ်းသာ
မခံစားကြ စေချင်ဘူးလား။”
“ခံစားကြ စေချင်တာပေါ့ . . .။”
“ယဇ်ပူဇော်ဖို့ အသတ်ခံကြရတဲ့ နွားတွေ ဆိတ်တွေ သိုးတွေ
ကောင်းကင်ဘုံနတ်နန်း ရောက်ကြရတယ် ဆိုရင် . . . ဘာဖြစ်လို့ သင့် သားသမီးတွေကို
ယဇ်တိုင်မှာ မချည်ရတာလဲ။ သင့် သားသမီးတွေကို ကောင်းကင်ဘုံနတ်နန်း ပို့ပေးတဲ့
အနေနဲ့ သူတို့လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်လိုက်ပါ့လား။”
ပုဏ္ဏားကြီးသည် ဘုရားရှင်ကို စကားတုံ့
မပေးနိုင်ဘဲ အချိန်အတော်ကြာအောင် ငေးနေ၏။ အကြာကြီး စဉ်းစားပြီးမှ ဘုရားရှင်ကို
ပြန်လည်လျှောက်ထားနိုင်၏။
“အရှင်ဘုရား . . . ဟို ရှေးပဝေသဏီ ကတည်းကပဲ မင်းတွေ၊
သူကြွယ်တွေ၊ ပညာရှိ ပုဏ္ဏားတွေ ယဇ်ပူဇော်ခဲ့ကြတာပါ . . .။ ယဇ်ပူဇော်ပွဲတွေ
ပြုလုပ်တော့ နိုင်ငံလည်း ကြွယ်ဝတယ်။ ကျန်းမာရေးလည်း ကောင်းကြတယ်။ ကျော်စောသတင်းနဲ့
ကျန်းမာခြင်းတွေ ရရှိတာပေါ့။ ဘုရင်မင်းမြတ်လည်း ရန်သူမင်းတွေကို
အောင်နိုင်တာပေါ့။”
“ပညာရှိ ပုဏ္ဏားကြီး . . .။ ယဇ်မာန္တာန်တွေ ရွတ်တာဖတ်တာ
ကျွမ်းကျင်သူတွေက ဘယ်သူတွေလဲ။ ယဇ်ပုရောဟိတ်တွေဟာ မန္တာန်တွေရွတ်
ယဇ်တွေပူဇော်ပေးပြီး အသက်မွေးနေကြတာပဲ။ သင်တို့က မဆင်မခြင်နဲ့ သူတို့နောက် လိုက်နေကြတာပဲ။
ဘုရင်တွေ စစ်ဖြစ်ကြတော့ နှစ်ဘက်လုံးက ဘုရင်တွေ ယဇ်ပူဇော်ကြတာပဲ။ ဒါပေမယ့် တစ်ဘက်ပဲ
နိုင်တယ်။ တစ်ဘက်က ရှုံးရတယ်။ ဒီတော့ စစ်ရှုံးတဲ့ ဘုရင်ရဲ့ ယဇ်ပူဇော်မှုက
ဘာအကျိုးရှိတော့မှာလဲ။ ယဇ်ပူဇော်တဲ့ အတွက်ကြောင့် စစ်နိုင်တာလို့ သင် တကယ်
ပြောနိုင်သလား။ ပုဏ္ဏားကြီး . . . သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေဟာ ယဇ်ပွဲမှာ
တိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့ ရက်စက်မှုမျိုးကို မလိုလားကြပါဘူး။”
“အရှင်ဘုရား . . . ဒါဆိုရင် နတ်ဒေ၀ါတွေကို ဘယ်လိုနည်းနဲ့ ပူဇော်တာဟာ
အကောင်းဆုံး ဖြစ်ပါသလဲ ဘုရား . . .”ဟု ပုဏ္ဏားကြီးက အရှုံးပေးသည့် လေသံဖြင့် ဘုရားရှင်ကို
မေးလျှောက်၏။
“ယဇ်တိုင်တွေမှာ ချည်နှောင်ထားတဲ့ သေဒဏ်သင့်
တိရစ္ဆာန်အားလုံးကို လွှတ်ပေးလိုက်ခြင်းဟာ နတ်ဒေ၀ါတွေကို အကောင်းဆုံးနည်းနဲ့
ပူဇော်တာပါပဲ။”
“တပည့်တော် လွှတ်ပေးလိုက်နိုင်ပါတယ် ဘုရား . . .။ ဒါပေမယ့် ဒီတိရစ္ဆာန်တွေကို
လွှတ်ပေးလိုက်ရင် ဗြဟ္မဏ အသိုင်းအ၀ိုင်းမှာ တပည့်တော် နေရာပျောက်သွားပါလိမ့်မယ်
ဘုရား။ တပည့်တော်ကို နားကြည်းမုန်းတီးကြပါလိမ့်မယ် ဘုရား။ အပြစ်ဆို
စွပ်စွဲကြပါလိမ့်မယ် ဘုရား။ ၀ိုင်းပယ် စွန့်ပစ်လိုက်ကြပါလိမ့်မယ် ဘုရား။”
“အလွဲအမှားတွေ စွဲလမ်းယုံကြည်ထားတဲ့ သူတွေဆီက ရလာမယ့်
အကျိုးစီးပွားက ဘာအသုံးကျမှာမို့လဲ။ သနားစရာကောင်းတဲ့ ဒီ တိရစ္ဆာန်တွေကို
ကြင်ကြင်နာနာနဲ့ လွှတ်ပေးလိုက်မယ်ဆိုရင် စိတ်ကောင်းရှိတဲ့သူတွေက သင့်ကို
ရိုသေလေးစားကြမှာ သေချာပါတယ်။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင်မမှုကိုလည်း သင်
ရရှိလိမ့်မယ်။”
“ဒါဆိုရင်လည်း ယဇ်ပူဇော်ဖို့ ဖမ်းထားတဲ့ တိရစ္ဆာန်တွေ
အားလုံးကို လွှတ်ပေးလိုက်ပါမယ် ဘုရား။”
ဥဂ္ဂတသရီရ ပုဏ္ဏားကြီး၏ အမိန့်အရ
နွားများ ဆိတ်များ သိုးများကို လွှတ်ပေးလိုက်ကြ၏။ လွတ်မြောက်သွားသော
တိရစ္ဆာန်တို့သည် ယဇ်ကွင်းပြင်၌ တစ်ခဏမျှပင် မနေတော့ဘဲ ဦးတည့်ရာရာ
အရပ်ရှစ်မျက်နှာသို့ ထွက်ပြေးကြလေ၏။
လယ်သမားကြီး၏ နွားသုံးကောင်သည်
ယဇ်တိုင်၌ ချည်နှောင်ခံထားရစဉ်က တချိန်လုံးပင် လယ်သမားကြီးဆီသို့ လှမ်း၍လှမ်း၍
ငေးကြည့်နေခဲ့ကြ၏။ ယဇ်တိုင် အသီးသီးမှ လွတ်မြောက်သည့်အခါ လယ်သမားကြီးထံသို့
တန်းတန်းမတ်မတ် ရောက်လာကြပြီး လယ်သမားကြီးကို လျှာနှင့်လျက်ပေး နေကြလေ၏။
ထိုစဉ် ဘုရားရှင်သည် ပုဏ္ဏားကြီးကို
မိန့်တော်မူ၏။
“ပုဏ္ဏားကြီး . . . သေဘေးကို ထိတ်လန့်ကြောက်ရွံ့နေတဲ့ သနားစရာ့
တိရစ္ဆာန်တွေ . . . ခုတော့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ထွက်ပြေးကြပြီ . . .
ကြည့်စမ်းပါဦး။ သင်ဟာ ကိုယ်ကျင့်သီလ ကောင်းမြတ်တဲ့သူပါ။ အခု သင် ကုသိုလ်တွေ
အများကြီး ရလိုက်ပြီ။ ပျော်ပျော်ရွှင်ရွှင် နေပေတော့။”
“အရှင်ဘုရား . . . များပြားလှတဲ့ တိရစ္ဆာန်တွေ
ထွက်ပြေးလွတ်မြောက် သွားကြသလို လွဲမှားတဲ့ အမြင်တွေ၊ အယူသီးမှုတွေလည်း
တပည့်တော်ဆီကနေ ထွက်ပြေးကြပါပြီ ဘုရား။ အရှင်ဘုရား . . . အရှင်ဘုရားက ဘယ်သူပါလဲ
ဘုရား။”
“မြင့်မြတ်တဲ့ ပုဏ္ဏားကြီး . . . ငါဟာ ဂေါတမ ဗုဒ္ဓ ဖြစ်တယ်။”
ရှင်အာစာရ
-----
Ref:
Portrait of the Buddha (from a
Novelist's Pen) by Jayasena Jayakody, English Translation by K. D. de
Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
No comments:
Post a Comment