Thursday, January 19, 2012

တရားမင်းသခင် - ၄၁။ သူငယ် သောပါက

(. . . . .မှ အဆက်)


ညဦးယံတုန်းက မိုးဖွဲဖွဲ ရွာချခဲ့သည် ဖြစ်၍ သစ်ရွက်ဖျား မြက်ပင်ဖျားတို့၌ မိုးစက်တို့ တွဲလဲခိုနေ၏။ ပုရစ်သံ စီစီညံနေသည့် ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထု လွှမ်းနေ၏။ တောအုပ် အစွန်ရှိ ရသေ့ရဟန်းတို့ နေထိုင်သီတင်းသုံးသည့် သုဿာန်တစပြင်မှ တောခွေးတို့၏ အူသံကို ကြားနေရသည်။ တောခွေးအူသံများ ကြားရ၍ အိမ်ခွေးတို့ ဟောင်ကြပြန်သည်။ များမကြာမီမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။ တစ်လောကလုံး အိပ်ပျော်နေသည်နှင့် တူလှတော့သည်။

ဘုရားရှင်သည် စင်္ကြံကြွတော်မူရင်း လောကကို ဥပေက္ခာဖြင့် ကြည့်ရှုတော်မူနေ၏။ ထိုအခိုက်၌ ဘုရားရှင်၏ သောတ၀ိဉာဉ်သည် တစ်နေရာဆီ ဦးတည်ရောက်သွားသည်။ သာမန်လူများ ကြားနိုင်သည့် အကွာအဝေးထက် ခုနှစ်ဆ ရှစ်ဆခန့် ပိုဝေးသည့် နေရာသို့ ရောက်သွားသည်။ ကလေးသူငယ်တစ်ယောက် ကြောက်လန့်၍ ဟစ်အော်သံကို ဘုရားရှင် ကြားတော်မူလိုက်သည်။ ကလေးငယ်ကိုလည်း ဘုရားရှင် မြင်တော်မူ၏။

အမှောင်ထု လွှမ်းလာချိန်၌ ခုနစ်နှစ်အရွယ်ရှိ သောပါကမည်သော သူငယ်သည် ကြောက်လန့်တကြား အော်ငိုနေခြင်း ဖြစ်၏။ သုဿာန်တစပြင်၌ ဖြစ်သည်။ သောပါက၏ ခြေလက်တို့ကို သူသေကောင် တစ်ခုနှင့် ပူးတွဲချည်နှောင်ထား၏။ သန်းခေါင်ယံအချိန် ရောက်သောအခါ သူငယ် သောပါက မောပန်းနွမ်းနယ်လာသည်။ ငိုနိုင်အား မရှိတော့ပေ။ မျက်လုံးများ မှေးမှိတ်လျက် ငြီးတွားနေသည်။ သောပါက၏ နောက်ကျောမှာ ပူးချည်းထားသော ကိုယ်လုံးတီး သူသေကောင်သည် သောပါကကို ဖိထား၏။ ထိုသူသေကောင်သည် ပုပ်ပွနေပြီး အနံ့တလှောင်းလှောင်း ထွက်နေ၏။ တောခွေးများ ရောက်လာကြပြီး သူသေကောင်ကို ဆွဲယူမွှေ့ရမ်း စားသောက်ကြ၏။ သောပါက ဟစ်အော်လိုက်လျှင် တောခွေးများ နောက်တွန့်သွားကြပြီး တစ်ဖန် ပြန်၍ စားသောက်ကြပြန်သည်။ သောပါကသည် သူသေကောင်အောက် ရောက်နေ၏။ သူသေကောင်မှ ထွက်ကျလာသည့် သွေးပြည်များ ပေကျံနေ၏။

သူငယ်သည် ကမ္ဘာပေါ်တွင် သူအချစ်ရဆုံးဖြစ်သော မိခင်ကို သူ့ဆီ လာရောက်၍ ကူကယ်ရန် တမ်းတမ်းတတ ခေါ်နေ၏။ တောခွေးတစ်ကောင်က သောပါကကို ကိုက်မိလေရာ သောပါက ဘုရားတ၍ အော်လေ၏။ မိခင်ကို မတဘဲ ဘုရားတမိ၏။ ကြမ်းတမ်းသည့် တောခွေးများ သူ့ကို အရှင်လတ်လတ် ၀ါးစားကြတော့မည်ဟု တွေးမိ၍ သောပါက တုန်လှုပ်ချောက်ချားသွား၏။ သေရတော့မည် သေချာနေသော သူငယ်လည်း အော်ဖို့ ငိုဖို့ အင်အားမရှိတော့ပေ။ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မျက်စိမှိတ်လျက် သေမင်းကို အညံ့ခံလိုက်တော့သည်။ ထိုစဉ် တစ်ခဏအတွင်း၌ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ တောခွေးများ၏ တကျွတ်ကျွတ်ဝါးသံ၊ စားသောက်သံ၊ ကုတ်ခြစ်သံ၊ ဟောင်သံ၊ မာန်ဖီသံတို့ မကြားရတော့ပေ။ သူငယ်သည် မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ရာ သိမ်မွေ့အေးချမ်းသည့် အလင်းတစ်ခုကို မျက်ရည်များကြားမှ မြင်လိုက်ရ၏။ သူငယ့်ထံသို့ မဟာကရုဏာတော်ရှင် ဘုရားရှင် ကြွတော်မူလာခြင်း ဖြစ်၏။ ဘုရားရှင်သည် သူငယ်၏ အနီးသို့ ချဉ်းကပ်တော်မူ၍ သူငယ်ကို သနားကြင်နာစွာ မိန့်တော်မူလိုက်၏။

“သူငယ် သောပါက . . .။ မကြောက်ပါနဲ့။ ငါ ကူကယ်ပါ့မယ်။ ငါဟာ ကလေးရဲ့ ကိုးကွယ် အားထားရာပဲ။ သူငယ် သောပါက . . .။ ငါဟာ ဗုဒ္ဓပါ။ ကလေးအတွက် ခမည်းတော်ပါပဲ။”

သောပါကသည် ဘုရားရှင်ကို စကားတုံ့ လျှောက်တင်ရန် ကြိုးစားသော်လည်း ပါးစပ် မဖွင့်နိုင်ပေ။ သောပါကနှင့် တွဲချည်ထားသော သူသေကောင်သည် ရွံရှာဖွယ်အတိ ဖြစ်နေ၏။ အူခွေတို့ အပြင်ထွက်နေသည်။ အသားများ ပဲ့ရွဲ့နေပြီး အတစ်အတစ် ထွက်နေသည်။ ဘုရားရှင်သည် သူသေကောင်ဆီသို့ ညွတ်ကိုင်းလိုက်ပြီး ချည်နှောင်ထားသည့် ကြိုးများကို တစ်စချင်း ဖြေပေးတော်မူ၏။ ထို့နောက် သူငယ်ကို မိန့်တော်မူ၏။

“ကလေး . . . ငါ ကလေးကို လာရှာတာပဲ။ ကလေးကို ကူကယ်ဖို့ ငါ လာခဲ့တာပါ။ လွှတ်ပေးမယ် . . .။ ကလေး လွတ်တော့မှာပါ။ ကလေး . . . မကြောက်ပါနဲ့။”

သောပါက၌ နှောင်ကြိုးများ မရှိတော့ပေ။ သူသေကောင်ကိုလည်း ဖယ်ရှားလိုက်ပြီ ဖြစ်၏။ သို့သော် သူငယ်သောပါက ပုံမှန်အသိ မ၀င်သေးပေ။ မတ်တတ်လည်း မရပ်နိုင်သေးဘဲ အိပ်တစ်ဝက် နိုးတစ်ဝက် ပုံစံဖြင့် ဘုရားရှင်၏ မျက်နှာတော်ကို တွေတွေကြီး ငေးစိုက်၍ ကြည့်နေလေ၏။ ဘုရားရှင်က သောပါကကို အထခိုင်းတော်မူ၏။

“ကလေး . . . ထပါ။ ဘာမှ ကြောက်စရာ လန့်စရာ မရှိပါဘူး။ သတိထားပါ . . .။”

သူသေကောင်၏ သွေးပြည်များ ပေကျံနေသူ သောပါကသည် အိပ်မက်မှ လန့်နိုးလာသူ တစ်ယောက်ကဲ့သို့ မတ်တတ်ရပ်လိုက်၏။ ဘုရားရှင်က သူ့ခေါင်းကို ပုတ်၍ သူ့လက်ကို ဆွဲကိုင်တော်မူလိုက်မှ သောပါက အသိပြန်ဝင်လာ၏။ သောပါက ငိုလေသည်။

“ကလေး . . . ကြောက်လန့်သွားတာလား . . .။”

“အို . . . မြတ်စွာဘုရား။ တပည့်တော် ကြောက်လို့သေတော့မယ်တောင် ထင်ခဲ့ပါတယ် ဘုရား။”

“သောပါက . . . အခု ဘာဖြစ်လို့ ငိုရတာလဲ။”

“ကြောက်ရွံ့ထိတ်လန့်ခဲ့ရတာကို ပြန်သတိရလို့ ငိုတာပါ ဘုရား။ အို . . .။ တပည့်တော် နံစော်နေတာပဲ။ ရွံစရာလည်း ကောင်းပါတယ် ဘုရား။”

“မင့်အနံ့ဆိုးတွေကို ရေဆေးပစ်လို့ ရတာပဲ။”

ဘုရားရှင်သည် ရသေ့ရဟန်းတို့ သီတင်းသုံး နေထိုင်ရာ တောအုပ်နှင့် သုဿာန်အကြား၌ စီးဆင်းနေသည့် ချောင်းငယ်တစ်ခုသို့ ဆင်းတော်မူ၏။ ဘုရားရှင်သည် သောပါကကို ကြည်ကြည်လင်လင် စီးဆင်းနေသည့် ချောင်းရေဖြင့် ရေးချိုးပေးတော်မူ၏။ သောပါက၏ လက်ကို ဆွဲကိုင်ရင်း မိန့်တော်မူ၏။

“ကဲ ကလေး . . . ပြောပြစမ်းပါဦး။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ပြောပြစမ်းပါ။”

“အရှင်ဘုရား . . .။ တပည့်တော်မှာ အဖေမရှိပါ ဘုရား။ အမေကတော့ ရှိပါသေးတယ် ဘုရား။ အဖေ မရှိတော့တဲ့နောက်မှာ ပထွေးကြီး ရောက်လာပါတယ် ဘုရား။ ပထွေးကြီးက တော်တော် ကြောက်စရာကောင်းပါတယ် ဘုရား။ သူက ပသိုင်းမွှေးတွေနဲ့ပါ ဘုရား။ သူ့ဆံပင်တွေက ၀က်ဝံမွှေးတွေနဲ့ တူပါတယ် ဘုရား။ တပည့်တော်ရဲ့ အမေဟာ ပထွေးနဲ့ သမီးလေးတစ်ယောက် ရခဲ့ပါတယ် ဘုရား။ ပထွေးကြီးက ညီမလေးကိုပဲ ချစ်ပါတယ် ဘုရား။ အမေကတော့ တပည့်တော်ကိုလည်း ချစ်ပါတယ် ဘုရား။ တပည့်တော် စားတဲ့သောက်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ ထိုင်တဲ့နေရာ အိပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ စကားပြောတဲ့ အခါမှာပဲဖြစ်ဖြစ် ပထွေးကြီးက တပည့်တော်ကို အမြဲတမ်းပဲ ဆူပူကြိမ်းမောင်းနေပါတယ် ဘုရား။ တပည့်တော်ကို မကြာခဏလည်း ရိုက်ပါတယ် ဘုရား။ မနေ့ညနေတုန်းက ညီမလေးငိုတော့ တပည့်တော်ကြောင့် ညီမလေးငိုတာလို့ ထင်တဲ့အတွက် ပထွေးကြီးက တပည့်တော်ကို နားရွက်ကနေဆွဲပြီး လက်သီးနဲ့ ထိုးပါတယ် ဘုရား။ တပည့်တော် ငိုတာပေါ့ . . .။ တပည့်တော် ငိုတော့ ညီမလေးလည်း ကြောက်ပြီး ငိုပြန်တာပေါ့ . . .။ ပထွေးကြီး တပည့်တော်ကို နောက်ထပ်ထပ်ပြီး ရိုက်တော့မှာပဲ ထင်တာပေါ့ ဘုရား။ တပည့်တော် မငိုဘဲ ကျိတ်မှိတ်နေပြီး ကြောက်ကြောက်နဲ့ နားရွက်လေးပွတ်ရင်း ထိုင်နေတာပေါ့ ဘုရား။ မငိုပေမယ့် တပည့်တော် ရှိုက်တော့ ရှိုက်မိတာပေါ့ . . .။ အဲဒီတုန်းက အမေက အိမ်မှာ မရှိပါ ဘုရား။ တပည့်တော် ရှိုက်နေတာ အသံကြားတော့ ပထွေးကြီးက တပည့်တော်ကို ကြိုးနဲ့တုပ်မယ် လုပ်တာနဲ့ တပည့်တော် ထွက်ပြေးရပါတယ် ဘုရား။ တပည့်တော် ခြေဦးတည့်ရာ ထွက်ပြေးခဲ့တာပါ ဘုရား။ ပြေးရင်းနဲ့ သုဿာန်အထိ ရောက်လာတာပါ ဘုရား။ ပထွေးကြီးကလည်း ဆက်လိုက်နေတော့ သုဿာန်မှာ တပည့်တော်ကို ဖမ်းမိပါတယ် ဘုရား။ ပထွေးကြီးက တပည့်တော်ကို ပုပ်ပွနေတဲ့ အလောင်းဆီ ဒရွတ်ဆွဲ ခေါ်ပါတယ် ဘုရား။ တပည့်တော် ဟစ်ငိုရင်း တောင်းပန်ပေမယ့် မရပါဘူး ဘုရား။ တပည့်တော်ကို မြေကြီးပေါ် ပစ်ချလိုက်တာပါ . . .။ တပည့်တော်ကို သူသေကောင်နဲ့ တွဲပြီး ကြိုးနဲ့တုပ်ထားခဲ့ပါတယ် ဘုရား။ သူကတော့ တဟားဟားရယ်ရင်း အိမ်ပြန်သွားပါတယ် ဘုရား။”

“ကလေး သောပါက . . .။ ခု ဘယ်လိုနေသေးလဲ”ဟု ဘုရားရှင် မေးတော်မူ၏။

“အရှင်ဘုရား . . .။ အေးပါတယ် ဘုရား”ဟု ကိုယ်တုံးလုံး ဖြစ်နေသူ သောပါက ဖြေ၏။

“ဒါဆိုရင် ငါပြောမယ်။ မအေးအောင် ကိုယ်လက်လှုပ်ရှားလိုက်ပါ။ ကိုယ်ရော စိတ်ရော သက်တောင့်သက်သာ ဖြစ်သွားလိမ့်မယ်။”

သောပါက ခုန်လိုက်သည်။ ဆယ်ကြိမ်ခန့် ခုန်ပြီး နားလိုက်၏။

“သောပါက . . . အခု ဘယ်လိုနေသေးလဲ”ဟု ဘုရားရှင် မေးတော်မူ၏။

“အရှင်ဘုရား . . . တပည့်တော် မအေးတော့ပါ ဘုရား။ ဒါပေမယ့် အခု တပည့်တော် တော်တော် ဆာနေပါတယ် ဘုရား။”

“မဆာတော့ဘူး ဆိုရင် အဆင်မပြေတာတွေ မရှိလောက်တော့ဘူးလား။”

“မဟုတ်ပါ ဘုရား။ မဆာတော့ဘူးဆိုရင် အမေ့ကို တွေ့ချင်ပါတယ် ဘုရား။”

“ကလေးရဲ့ အမေနဲ့ တွေ့ရပြီဆိုရင် ဘာလိုအုံးမလဲ။”

သောပါက ရုတ်တရက် မဖြေပေ။ တွေတွေကြီး စဉ်းစားရင်း ဖြေ၏။

“အရှင်ဘုရား . . . အမေနဲ့ တွေ့ရင် ပထွေးကြီး ရိုက်တာကို ခံရအုံးမှာ . . .။ အရှင်ဘုရား . . . တပည့်တော် ကြောက်ကြောက်လန့်လန့်နဲ့ နေလာခဲ့ရတာပါ ဘုရား။ ပထွေးကြီးကြောင့် တပည့်တော် ကောင်းကောင်းလည်း မအိပ်ရပါ ဘုရား။ တပည့်တော် ထိုင်ရင်းအိပ်တတ်အောင် ကျင့်ထားရပါတယ် ဘုရား။ ထိုင်ရင်း အိပ်တဲ့အခါမှာ ပူးယှက်ထားတဲ့ လက်နှစ်ဘက်နဲ့ လည်ကုတ်ကို ဖုံးဝှက်ထားရတာပါ . . .။ တပည့်တော်အိပ်နေတုန်း ပထွေးကြီးက လည်မျိုလာညှစ်မှာ စိုးလို့ပါ ဘုရား။”

“ချစ်သား သောပါက . . . ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရောင့်ရဲတဲ့ဘ၀၊ အကြောက်တရား ကင်းကင်းနဲ့ ပျော်ရွှင်ရတဲ့ ဘ၀ကို လိုချင်သလား။”

“အရှင်ဘုရား . . . အလိုရှိပါတယ် ဘုရား။ ကိုရင်လေး ရာဟုလာလို သင်္ကန်းသေးသေးလေး ၀တ်ရမယ်၊ ကိုရင်လေး ရာဟုလာလို အရှင်ဘုရားနဲ့ နီးနီးကပ်ကပ် နေရမယ်၊ အရှင်ဘုရားရဲ့ အမွေကို ခံယူရမယ်ဆိုရင် တပည့်တော်အတွက် ပျော်စရာ အကောင်းဆုံး ဖြစ်မှာပါဘုရား . . .။”

----------

ရှင်အာနန္ဒာသည် ညသန်းခေါင် ကျော်သည်အထိ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပြီးနောက် မကျိန်းစက်မီ ဘုရားရှင်ကို ၀တ်ပြုရှိခိုးရန် ဘုရားရှင် သီတင်းသုံးတော်မူရာ ဂန္ဓကုဋီအတွင်းသို့ ၀င်တော်မူ၏။ ကျောင်းအတွင်း၌ ဘုရားရှင်ကို ရှာဖွေသော်လည်း မတွေ့ရသဖြင့် ကျောင်းပြင်သို့ ပြန်ထွက်လာ၏။ ဂန္ဓကုဋီကျောင်းတော်မှ ထွက်လိုက်သောအခါ ကိုယ်တုံးလုံး ကလေးငယ် တစ်ယောက်ကို လက်ဆွဲလျက် ကြွတော်မူလာသည့် ဘုရားရှင်ကို မြင်လိုက်ရ၏။ ဘုရားရှင် ကျောင်းတော်တွင်းသို့ ၀င်၍ နေရာမြတ်၌ ထိုင်တော်မူလိုက်သောအခါ သူငယ် သောပါကသည် ဘုရားရှင်၏ ခြေတော်ရင်း၌ လဲလျောင်းလိုက်ပြီး အိပ်တော့မည် ဟန်ပြင်၏။ သူ့လက်နှစ်ဘက်တို့ ယှက်သိုင်း၍ သူ့လည်ပင်းကို ဖုံးအုပ်ကာကွယ်ထားကြသည်။

“ကလေး . . . အိပ်တော့မှာလား”ဟု ဘုရားရှင် မေးတော်မူ၏။

“မှန်ပါ . . . အရှင်ဘုရား။ တပည့်တော် အရှင်ဘုရားရဲ့ ခြေတော်ရင်းမှာ အကြောက်လန့်ကင်းကင်း သံသယရှင်းရှင်းနဲ့ အိပ်ပါတော့မယ် ဘုရား။”

“သောပါက . . . ဒါဆိုရင် ဘာဖြစ်လို့ လည်ပင်းကို လက်နဲ့ယှက်ပြီး ၀ှက်ထားရတာလဲ။”

ကျင့်သားရနေသည့် သူ့လက်နှစ်ဘက်တို့ အလိုလို ယှက်သိုင်း၍ သူ့လည်ပင်းကို ဖုံးအုပ်ကာကွယ်ထားလိုက်ကြကြောင်း သောပါက နားလည်လိုက်သည်။ ချက်ချင်းပင် လက်များကို လည်ပင်းမှ ခွာ၍ ဘေးနှစ်ဘက်သို့ အားပါးတရ ဆန့်တန်းလိုက်လေ၏။

“သောပါက . . . မအေးဘူးလား၊ မဆာဘူးလား”ဟု ဘုရားရှင် မေးတော်မူပြန်သည်။

“မဆာပါဘူး ဘုရား။ ဆာဆာနဲ့၊ ချမ်းချမ်းနဲ့ပဲ အိမ်မှာ အိပ်နေကျပါ ဘုရား။ အရှင်ဘုရားရဲ့ ခြေတော်ရင်းမှာ ရောက်နေတော့ အေးလည်းမအေး၊ ဆာလည်းမဆာပါ ဘုရား။ တပည့်တော် စိတ်ရော ကိုယ်ပါ အရမ်းကို သက်သာရာ ရလိုက်ပါပြီ ဘုရား . . .”ဟု သောပါက ဖြေကြားလျှောက်ထား၏။

သူငယ်သည် အလွန်ပင် ပင်ပန်းခဲ့သည်ဖြစ်၍ မကြာမီပင် အိပ်ပျော်သွား၏။ အနီးအပါး၌ တိတ်ဆိတ်စွာ စောင့်နေသည့် ရှင်အာနန္ဒာကို ဘုရားရှင် ခေါ်တော်မူလိုက်၏။

“အာနန္ဒာ . . . သနားစရာကောင်းတဲ့ ဒီကောင်လေးရဲ့ အသက်ကို ငါ ကယ်ခဲ့တယ်။ သူကို သုဿာန်မှာ သူသေကောင်နဲ့တွဲပြီး ကြိုးနဲ့ချည်ထားကြတာ။ ငါ သူ့ကို ရေချိုးပေးပြီး ဒီကို ခေါ်လာခဲ့တာပဲ။ ကြည့်စမ်းပါဦး အာနန္ဒာ . . .။ သူ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေလိုက်တာ . . .။ လူသားတစ်ယောက် ရရှိခံစားနိုင်တဲ့ အကြီးမြတ်ဆုံး ပျော်ရွှင်ခြင်းဟာ ဟောဒီလို ခိုကိုးရာမဲ့ တစ်ယောက်ကို ကူကယ်လိုက်ပြီး ပျော်ရွှင်ချမ်းမြေ့အောင် လုပ်ပေးလိုက်ခြင်းပဲ။ အာနန္ဒာ . . . သူ့ကို ရှင်ပြုပေးဖို့ သူ့မိဘတွေဆီက ခွင့်ပြုချက် မရမချင်း သူ့ကို ကျောင်းတိုက်ထဲမှာပဲ ထားလိုက်ပါ။ အခု သူ့ကို အာနန္ဒာ့အခန်း ခေါ်သွားပါ။ သင့်တော်တဲ့ နေရာမှာ သူ့ကို သိပ်လိုက်ပါ။”

ရှင်အာနန္ဒာသည် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေ၏။ ဘုရားရှင်ကို ရိုသေလေးမြတ်စွာ ငေးကြည့်နေ၏။ ထို့နောက် နှင်းမှုန်နှင်းဖတ်တို့ဖြင့် စိုထိုင်းထိုင်း ဖြစ်နေသည့် ဘုရားရှင်၏ ခြေတော်အစုံကို ပွေ့ပိုက်၍ ဦးခိုက်ရှိခိုးလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ သောပါက သူငယ်ကို ပွေ့ခေါ်သွားလေ၏။

မိုးသောက်ယံ ရောက်ပြီဖြစ်ကြောင်း ကြက်ဖတစ်ကောင်က တွန်ကျူး၍ ကြေငြာလိုက်သည်။ ဘုရားရှင်သည် နေရာမြတ်မှ ထတော်မူ၍ အတန်ငယ်ကြာအောင် စင်္ကြံကြွတော်မူပြီးနောက် ဂန္ဓကုဋီ ကျောင်းတော်တိုက်ခန်းသို့ ၀င်တော်မူကာ ပြင်ဆင်ခင်းကျင်းထားသည့် အိပ်ယာပေါ်၌ လျောင်းစက်တော်မူ၏။ ခြင်္သေ့မင်း၏ အိပ်ခြင်းကဲ့သို့သော အိပ်ခြင်းဖြင့် ဘုရားရှင် နားနေကျိန်းစက်တော် မူလေ၏။


:)
ရှင်အာစာရ

 -----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment