Friday, January 20, 2012

Interview - အတွင်းထဲသို့ လှမ်း၍ ကြည့်ခြင်း



နေပြည်တော်၊ ဗမာ

ဗမာနိုင်ငံ သမ္မတ ဦးသိန်းစိန် ရာထူးရပြီးတဲ့နောက် ကိုးလအတွင်းမှာ နိုင်ငံရဲ့ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပါပြီ်၊ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးလိုက်ပါပြီ၊ မြန်မာလို့လည်း အများသိကြတဲ့ ဗမာနိုင်ငံနဲ့ နှစ်ဘက်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် အမေရိကန်ကလည်း လုပ်လိုက်ပါပြီ။ ဒီတစ်ပတ် ဦးသိန်းစိန်က ၀ါရှင်တန်ပို့စ် သတင်းထောက် Lally Weymouthကို တွေ့ဆုံမေးမြန်းခွင့် ပြုခဲ့ပါတယ်။ ဦးသိန်းစိန် နိုင်ငံခြားသား သတင်းထောက်နဲ့ ပထမဆုံး  တွေ့ဆုံလိုက်ခြင်း ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းခန်း ကောက်နုတ်ချက် -

သမ္မတ ဦးသိန်းစိန် -
ကျွန်တော်တို့ရဲ့ နေပြည်တော်ကို ရောက်လာတာ . . . ကြိုဆိုပါတယ်။ ၀ါရှင်တန်ပို့စ်ဟာ အမေရိကမှာ ကျော်ကြားတဲ့ သတင်းစာတစ်စောင် ဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါဟာ ပြည်ပ သတင်းမီဒီယာနဲ့ ပထမဆုံး တွေ့ဆုံခြင်းပဲ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး ၀န်ကြီးပါ။ သတင်းနှင့်ပြန်ကြားရေး ၀န်ကြီးပါ။ အလုပ်သမားရေး ၀န်ကြီးပါ။

မေး -
အနောက်နိုင်ငံတွေက ခင်ဗျားတို့ နိုင်ငံထဲက အပြောင်းအလဲတွေကို စောင့်ကြည့်နေကြပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပါတီကို လာမယ့် ဧပြီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးလိုက်တာ၊ တိုင်းရင်းသား လူမျိုးစု တစ်ချို့နဲ့ အပစ်အခတ် ရပ်စဲခဲ့တာ။ ဒီအပြောင်းအလဲတွေကို စောင့်ကြည့်နေကြပါတယ်။ သမ္မကြီး အနေနဲ့ အချိန်တို အတွင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့တာပဲ။ ခင်ဗျားတို့ နိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာဖို့၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ် စတင်လိုက်ဖို့ ဘာက လှုံ့ဆော်ပေးခဲ့တာပါလဲ။

ဖြေ -
ကျွန်တော်တို့ နိုင်ငံမှာ လုပ်နေတဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု အများကြီး ပါပါတယ်။

ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ် အေးချမ်းတဲ့ နိုင်ငံတစ်ခုအဖြစ် မြင်ချင်ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အခြေခံပြီးတော့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေပါတယ်။ ပြည်တွင်း တည်ငြိမ် အေးချမ်းရေး ရရှိဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံရေး ပါတီတွေနဲ့ ဆက်ဆံရေး ကောင်းဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးရာကနေ နားလည်မှု ရရှိခဲ့ပါတယ်။

ပြည်သူတွေက တည်ငြိမ် အေးချမ်းမှုကို မြင်ချင်ကြပါတယ်။ ဒါကြောင့် လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေနဲ့ စေ့စပ်တာတွေ လုပ်ပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ဟာ ပြည်သူ့သဘောထား၊ ပြည်သူ့ဆန္ဒ အပေါ်မှာ အခြေခံပါတယ်။

မေး -
သမ္မတကြီးရဲ့ ဦးဆောင်မှု မပါဘဲနဲ့ ပြည်သူတွေဟာ အခုလို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို စနိုင်ခဲ့မှာ မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ သမ္မတကြီး ဆုံးဖြတ်ခဲ့ပါတယ် . . .။ နောက်ထပ် ဘာဆက်လုပ်ဦးမလဲ။ ဒီ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ဆက်လုပ်မှာလား။

ဖြေ -
ကျွန်တော်တို့ရဲ့ အနာဂတ် အမြင်နဲ့ ပတ်သက်လို့ ပွင့်လင်းမှုကို မြင်ချင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိအောင် ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်၊ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရေရှည်တည်တံ့အောင်လည်း လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး -
ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ နောက်တစ်ဆင့်က ဘာဖြစ်မယ်ဆိုတာ ပြောပြနိုင်မလား။ သမ္မတကြီးရဲ့ အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ -
ကျွန်တော်တို့ရဲ့ ဦးတည်ချက်ကို သိထားသင့်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်တာက ကျွန်တော်တို့ နိုင်ငံမှာ တည်ငြိမ် အေးချမ်းမှု ရရှိဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်။ ဒီ ရည်မှန်းချက်တွေ ပြည့်ဝဖို့ အနာဂတ်မှာ လုပ်သင့်တာတွေ ဆက်လုပ်သွားရမှာပါပဲ။

မေး -
သမ္မတကြီး အနေနဲ့ အမေကန်နဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်လိုက်ပါပြီ။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါပြီ။ လက်နက်ကိုင် တိုင်းရင်းသား အုပ်စု တစ်ချို့နဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပါပြီ။ နောက်တစ်ဆင့် လှမ်းဖို့ တစ်ခုခု တိတိကျကျ ရှိပါသလား။

ဖြေ -
လာမယ့် (ဧပြီ ၁) ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်အောင် ပါလီမန်က ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီ-ချုပ်လည်း နိုင်ငံရေးပါတီ တစ်ခုအဖြစ် မှတ်ပုံတင်ပြီးပါပြီ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ပါလိမ့်မယ်။ ပြည်သူတွေက သူ့ကို မဲပေးကြရင် သူ ရွေးကောက်ခံရပြီး ပါလီမန် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမှာပါ။ ပါလီမန်က သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိမ့်မယ် ဆိုတာလည်း ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ အစီအစဉ်ပါပဲ။

 

Lally Weymouth,

9:05 AM, Friday

January 20, 2012

http://www.washingtonpost.com/opinions/burma-president-thein-sein-country-is-on-right-track-to-democracy/2012/01/19/gIQANeM5BQ_story.html

-----

Comment:

ပြစ်မှားသော စိတ်ဖြင့် ပြောဆိုသူ၊ ပြုမူသူ၏ နောက်သို့
ဆင်းရဲဒုက္ခ တကောက်ကောက် လိုက်၏။
လှည်းသွားလေရာ လှည်းဘီးပါသကဲ့တည်း။

ကောင်းမြတ်သော စိတ်ဖြင့် ပြောဆိုသူ၊ ပြုမူသူ၏ နောက်သို့
ချမ်းသာသုခ တကောက်ကောက် လိုက်၏။
လူသွားလေရာ အရိပ်ပါသကဲ့သို့တည်း။

(ဓမ္မပဒ)



ပုံ -

http://www.buddhanet.net/dhammapada/d_twin.htm



:)
ရှင်အာစာရ

No comments:

Post a Comment