Tuesday, December 27, 2011

တရားမင်းသခင် - ၄၀။ အငြိမ်းလမ်းစ



ကျောင်းတော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ဘုရားရှင်သည် လိစ္ဆ၀ီမင်းသား တစ်ယောက်နှင့် စကားပြောနေတော်မူစဉ် ကျောင်းဝင်းအပြင်ဘက်မှ ဥပ္ပလ၀ဏ်၏ ငိုကြွေးသံကို ကြားတော်မူလိုက်၍ ဥပ္ပလ၀ဏ်ကို ခေါ်တော်မူ၏။

“ဥပ္ပလ၀ဏ် . . . ဒီကို လာပါ။”

ဘုရားရှင်၏ ကရုဏာ ပြည့်ဝသည့် အသံတော်ကို ကြားလိုက်ရသောခါ  ဥပ္ပလ၀ဏ် စိတ်လှုပ်ရှားသွား၏။ ဘုရားရှင်က သူ့ကို မှတ်မိနေ၍ အံ့သြရပြန်သည်။ ဥပ္ပလ၀ဏ်သည် ဘုရားရှင်ထံ သွားရောက်ပြီး ဘုရားရှင်၏ ရှေ့တော်မှောက်၌ လဲကျသွား၏။ သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူ့ဆံပင်တို့ ဖွာလံကြဲနေ၏။

 “နှမ . . . ပဇာပတိ အရှင်မဆီ မရောက်ခဲ့ရသေးဘူးလား။”

“အရှင်ဘုရား ခွင့်ပြုတော်မူလိုက်တာနဲ့ အရှင်မဆီ အလောတကြီး ထွက်ပြေးခဲ့တာပါ ဘုရား . . .။ ဒါပေမယ့် ဘုရား . . .။ လမ်းမှာ သုဓီရဆိုတဲ့ ကောင်းလေးက တပည့်တော်မကို လိုက်ဖမ်းပါတယ် ဘုရား။ သူက တပည့်တော်မကို ကာမဂုဏ်နဲ့ မြှူဆွယ်ဖြားယောင်းပြီး ဗလက္ကာရ ပြုကျင့်ပါတယ် ဘုရား။ တပည့်တော်မဟာ ဘ၀ဇာတ်ကြောင်း မလှပတဲ့ ကံခေသူပါ ဘုရား။ တပည့်တော်မ မငြိမ်းချမ်းနိုင်ပါ ဘုရား . . .။ တပည့်တော်မရဲ့ အလှဟာ တပည့်တော်မအတွက် ကျိန်စာပါပဲ ဘုရား။ အရှင်ဘုရား . . . တပည့်တော်မကို သနားတော်မူပါ ဘုရား . . .။ ရဟန်းပြုဖို့ သွားတဲ့လမ်းမှာ ဖြစ်ခဲ့ရတဲ့ ကိစ္စကြောင့် တပည့်တော်မကို ငြင်းပယ်တော်မမူပါနဲ့ မြတ်စွာဘုရား . . .။ လောကီသားဖြစ်တဲ့ တပည့်တော်မကို ခွင့်လွှတ်တော်မူပါ ဘုရား . . .။”

“နှမ . . . သုဓီရ မတရားပြုကျင့်တာကို အလိုတူအလိုပါ လိုက်လျောခဲ့သလား။”

“အရှင်ဘုရား . . . သုဓီရကို မြင်မြင်ချင်း ဘီလူးတစ်ကောင်ကို တွေ့လိုက်ရလို ကြောက်ရွံ့ထိတ်လန့်ခဲ့ပါတယ် ဘုရား။ တပည့်တော်မ သူနဲ့လွတ်အောင် ကြိုးစားပြီး ပြေးခဲ့ပါတယ် ဘုရား။ သူ မီလာပြီး တပည့်တော်မကို ဆွဲဖမ်းတော့လည်း သူ့လက်ကလွတ်အောင် အကြောက်အကန် ရုန်းခဲ့ပါတယ် ဘုရား။ သူ့ကို ပါးစပ်နဲ့လည်း ကိုက်ပါတယ်၊ လက်နဲ့လည်း ကုတ်ဖဲ့ပါတယ် ဘုရား . . .။ ဒါပေမယ့် သူက တပည့်တော်မကို အလွတ်မပေးပါ ဘုရား။ သူက တပည့်တော်မကို ချစ်စကား ကြိုက်စကားတွေနဲ့ သွေးဆောင်ပါတယ် ဘုရား။ အဓမ္မ ပွေ့ဖက်ပြီး ဇွတ်နမ်းပါတယ် ဘုရား။

သူ့နဲ့အတူ အလိုတူအလိုပါ လိုက်လျောမိခဲ့တာ တပည့်တော်မရဲ့ မကောင်းမှုပါ မြတ်စွာဘုရား . . .။ တပည့်တော်မ ကိုယ့်ကိုယ်ကိုယ်လည်း ရွံရှာစက်ဆုပ်လှပါပြီ . . . ။ တပည့်တော်မ ကံဆိုးမကို ခွင့်လွှတ်တော်မူပါ အရှင်ဘုရား . . .။”

“နှမ . . . မင့်ကို ငါ အပြစ်မတင်ပါဘူး။ ယုတ်နိမ့်တဲ့အကျင့်၊ လူတွေရဲ့အကျင့်ဖြစ်တဲ့ ရာဂကိစ္စရဲ့ ဆိုးကျိုးတွေကို ကောင်းကောင်းကြီး သိလိုက်ရပြီပဲ . . .။ ဒါဟာ သောက ကုန်ဆုံးဖို့ ဖြစ်ပါစေ။ သတိနဲ့ ပြည့်စုံပါစေ။ မင့်ရဲ့ဘ၀ အခြေအနေ အမျိုးမျိုးမှာ ဒုက္ခမျိုးစုံကို နည်းမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပြီပဲ။ ဒါကြောင့် မင်းဟာ လူ့ဘ၀ကို အမှန်တကယ် နားလည်လိုက်ပြီ . . .။ ဖြစ်ခဲ့တာတွေ အားလုံးကို ပြန်သုံးသပ်ကြည့်ပါ။ သံသရာ သမုဒ်ပြင်ကို ကူးခတ်ဖို့ နည်းလမ်းတွေအဖြစ် အသုံးပြုပါ။ ဒီဘ၀ တစ်ခုထဲမှာ ဒီလောက်များပြားတဲ့ ဒုက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ မင်းဟာ သာသနာတော်အတွင်း ၀င်ရောက်ခွင့်ရဖို့ အသင့်တော်ဆုံးပါပဲ။ နှမ . . . မင့်ကို အထင်သေးစရာ မိန်းမတစ်ယောက်လို့ ငါ မယူဆပါဘူး။ ဉာဏ်ပညာ ကြီးမားတဲ့၊ ဘ၀အတွေ့အကြုံတွေ ဗဟုသုတတွေ ထူးထူးခြားခြား ရရှိထားတဲ့ အမျိုးသမီးတစ်ယောက်လို့ သတ်မှတ်ပါတယ်။ နှမ . . . ထပါ။ ခွင့်ပြုပြီးသား ရဟန်းခံခွင့်ကို တစ်ခါထပ်ပြီး ခွင့်ပြုပါတယ်။”

ဥပ္ပလ၀ဏ်သည် ညှိုးရော်နေသော သစ်ရွက်အညွန့်အဖူးကို မိုးရေဆွတ်ဖျန်းလိုက်သကဲ့သို့ လန်းဆန်းလာပြီး မတ်ရပ်လိုက်သည်။ ထိုအခါ အမှောင်ရိပ်၌ တစ်ချိန်လုံး အလျားမှောက်လျက် စောင့်ကြည့်နေသူ သုဓီရသည် ဘုရားရှင်၏ ရှေ့တော်မှောက်သို့ ထွက်လာပြီး ဥပ္ပလ၀ဏ်၏ အနီး၌ ဒူးထောက်ထိုင်ကာ ဘုရားရှင်ကို ရှိခိုး၏။

“သုဓီရ . . . ကြည့်ရတာ အကြီးအကျယ် စိတ်ဆင်းရဲ ပင်ပန်းနေပုံပဲ . . .။ ဘာဖြစ်လို့လဲ။”

သုဓီရသည် ဘုရားရှင်ကို ငိုယိုလျက် လျှောက်ထား၏။

“အရှင်ဘုရား . . . တပည့်တော်ဟာ ကဲ့ရဲ့ရှုတ်ချသင့်တဲ့ အောက်တန်းစားပါ ဘုရား။ တပည့်တော်ရဲ့ အစ်မကြီးအရွယ်ဖြစ်တဲ့ ဒီ အမျိုးသမီးကို တပည့်တော် သွေးဆောင်ဖြားယောင်မိခဲ့ပါတယ် ဘုရား။ နိုင်ထက်စီးနင်း မြှူဆွယ်ပြီး အဓမ္မပြုကျင့်မိခဲ့ပါတယ် ဘုရား။”

“သုဓီရ . . . သင့်အလိုဆန္ဒ ပြည့်ဝခဲ့တာကို ဘာဖြစ်လို့ ၀မ်းနည်းနေရတာလဲ။”

“အို . . . ရှင်တော်ဘုရား။ အကုသိုလ်ကောင် မာရ်နတ်ဆိုးများ တပည့်တော်ကို ပူးဝင်ခဲ့သလား မသိပါဘုရား . . .။”

“သုဓီရ . . . နတ်ဆိုးရော နတ်ကောင်းရော သင့်စိတ်ပါပဲ။”

“အရှင်ဘုရား . . . တပည့်တော် . . . လူဝတ်ကြောင် ဘ၀ရဲ့ ဆိုးကျိုးတွေကို သိလို့ အရှင်ဘုရားရဲ့ တရားဒေသနာကို နာယူခဲ့ပါတယ် ဘုရား။ စင်ကြယ်မြင့်မြတ်တဲ့ ရဟန်းဘောင် ၀င်ရောက်ခွင့်ရဖို့ မိဘနှစ်ပါးနဲ့ ဇနီးမယားဆီကနေ တပည့်တော် ခက်ခက်ခဲခဲ ခွင့်တောင်းခဲ့ရပါတယ် ဘုရား။ ရဟန်းပြုဖို့ ရည်ရွယ်ချက်နဲ့ အရှင်ဘုရားဆီ မျှော်လင့်တကြီး လာခဲ့တာပါ ဘုရား။ ဒီရောက်တော့ ကျောင်းဆောင်ထဲဝင်ပြီး အရှင်ဘုရားကို ရှာခဲ့ပါသေးတယ် . . .။ အရှင်ဘုရား ကျောင်းတော်ရဲ့ နောက်မှာ ရောက်နေတာကို တွေ့လိုက်ရပါတယ် ဘုရား။ အရှင်ဘုရားဆီသွားတော့ အရှင်ဘုရား တစ်ယောက်တည်းတင် မကဘဲ အရှင်ဘုရားရဲ့ရှေ့မှာ ဒူးထောက်ထိုင်နေတဲ့ မိန်းမချော တစ်ယောက်ကို မြင်လိုက်ရပါတယ် ဘုရား။ အမှန်ကို မထိန်မချန် လျှောက်ထားပါ့မယ် ဘုရား . . .။ အဲဒီ အမျိုးသမီး အရှင်ဘုရားကို ရိုရိုသေသေ လျှောက်ထားနေတုန်း သူ့ရဲ့ ကျယ်ကားတဲ့တင်တွေ၊ ဖွံ့ဖွံ့ထွားထွား အမျိုးသမီး ပီသပုံတွေကို မြင်လိုက်ရပါတယ် ဘုရား။ သူ့အလှတွေကို မြင်လိုက်ရတော့ ပြာဖုံးနေတဲ့ မီးခဲ ပေါ်လာသလို တပည့်တော်ရဲ့ ကာမရာဂတွေ ထကြွသောင်းကျန်းလာပါတယ် ဘုရား။ တပည့်တော်ရဲ့ နှလုံးသားမှာ မီးစွဲလောင်ခဲ့ပါတယ် ဘုရား။ သူ မတ်တတ်ရပ်လိုက်တော့ သူ့ရဲ့ လင်းလက်တောက်ပတဲ့ မျက်လုံးလှလှတွေကို မြင်လိုက်ရပါတယ် ဘုရား။ ရှင်တော်ဘုရား . . .။ တပည့်တော် အရှင်ဘုရားဆီ လာခဲ့ရတဲ့ မူလရည်မှန်းချက်ကို မေ့သွားပါတယ် ဘုရား။ သူ့ကိုပဲ တပည့်တော် ငေးကြည့်နေခဲ့တာပါ . . .။ သူ့ကို စိတ်နဲ့ . . . ပြစ်မှားနေခဲ့တာပါ . . .။ အရှင်ဘုရား . . .။ တပည့်တော် ရာဂကြောင့် ရူးသွပ်ခဲ့ရပါတယ် ဘုရား။ ကျောင်းတော်ကနေ သူ ထွက်သွားတော့ သူ့နောက်လိုက်ပြေးပြီး သူ့ကို မိအောင်ဖမ်းပါတယ် ဘုရား . . .။

အရှင်ဘုရား . . . တပည့်တော်ကို သနားတော်မူပါ ဘုရား။ အရှင်ဘုရား . . . တပည့်တော်ကို ကယ်မတော်မူပါ ဘုရား . . .။”

“သုဓီရ . . . သင့်ကို ငါ ကူကယ်ပါ့မယ်။ မကြာခင်လေးတုန်းက အလိုရမ္မက် ပြင်းပြင်းပျပျနဲ့ သင် မိုက်မိုက်မဲမဲ ကျူးလွန်စော်ကားခဲ့တဲ့ အမျိုးသမီး ဥပ္ပလ၀ဏ်ရဲ့ မျက်နှာကို စေ့စေ့ ကြည့်လိုက်စမ်းပါ။ အခု သင် ဘယ်လို ခံစားရသလဲ။”

“အရှင်ဘုရား . . . တပည်တော်ရဲ့ စိတ်ထဲမှာ တစစ်စစ် နာကျင်နေပါတယ် ဘုရား။ နောင်တမီး လောင်မြှိုက်ခံနေရပါတယ် ဘုရား။ တပည့်တော် သူ့မျက်နှာကို မကြည့်ဝံ့ပါ ဘုရား . . .။”

“ဟုတ်ပြီ . . . ။ နှမ ဥပ္ပလ၀ဏ် . . .။ မင့်ကို ငါ မေးမယ်။ သုဓီရကို ကျေကျေနပ်နပ် လိုက်လျောခဲ့တယ်လို့ စောစောက မင်း ပြောခဲ့တယ်။ သူ့ကို ကြည့်လိုက်စမ်းပါ။ အခု မင်း ဘယ်လို ခံစားရသလဲ။”

“အရှင်ဘုရား . . . တပည့်တော်ရဲ့ စိတ်ထဲမှာ မခံမရပ်နိုင်လောက်အောက် စက်ဆုပ်ရွံရှာနေပါတယ် ဘုရား။ ရှက်ရွံ့လှပါတယ် ဘုရား။ နားကြည်းမိပါတယ် ဘုရား . . .။ ဒီကောင်လေး တစ်ယောက်တည်းကိုသာ မဟုတ်ပါဘုရား။ တစ်လောကလုံးကို တပည့်တော် စက်ဆုပ်ရွံရှာနေပါတယ် ဘုရား . . .။”

“သုဓီရ . . . ဥပ္ပလ၀ဏ် . . . နားထောင်ကြပါ။ ကာမစ္ဆန္ဒရဲ့ အကျိုးဆက်တွေကို အပြည့်အ၀ နားလည်ကြပြီးသား ဖြစ်တဲ့သူတွေကို ငါ့အနေနဲ့ ကာမဂုဏ်တွေ မကောင်းကြောင်း ပြောပြနေစရာ မလိုတော့ပါဘူး။ သုဓီရ . . . ဒီ အမျိုးသမီးကို ကူညီလိုက်ပါ။ အမှောင်ကျနေတဲ့ တောအုပ်ကို ဖြတ်ပြီး သူနဲ့အတူ ဘိက္ခုနီကျောင်း သွားပါ။ သူ့ကို စောင့်ရှောက်ပေးလိုက်ပါ။ သူ့ကို အရှင်မ ပဇာပတိဆီမှာ အပ်နှံခဲ့ပြီး ငါ့ဆီ ပြန်လာခဲ့ပါ။ အဲဒီအခါမှာ သင့်ကို ရဟန်းပြုပေးမယ်။ သုဓီရ . . . ဟုတ်ပြီလား။”

“အရှင်ဘုရား . . . သူ့ကို တပည့်တော်ရဲ့ အစ်မအရင်းတစ်ယောက်လို သဘောထားပြီး ဘိက္ခုနီကျောင်း အရောက် ပို့ပေးလိုက်ပါမယ် ဘုရား . . .။”

သုဓီရသည် ဘုရားရှင်ကို ၀န်ခံသည့်အတိုင်း ဥပ္ပလ၀ဏ်ကို ဘိက္ခုနီကျောင်းသို့ ဘေးကင်းလုံခြုံစွာ ပို့ပေးလိုက်၏။ ဘိက္ခုနီကျောင်းမှ ပြန်လာပြီး ရဟန်းအဖြစ်ကို ခံယူ၏။ ရဟန်းခံ ပြီးချိန်၌ ညသန်းခေါင် ကျော်လေပြီ။ ရဟန်းသစ် ရှင်သုဓီရသည် ဘုရားရှင်၏ ကရုဏာတော် အေးရိပ်၌  ကင်းဆိတ်အေးချမ်းစွာ ကျိန်းစက်တော်မူလေ၏။

 
:)
ရှင်အာစာရ

Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment