Wednesday, December 28, 2011

ညိုမြ


သူ့ငယ်နာမည်က မောင်ဌေးလွင် ဖြစ်ပါတယ်။ ဆရာတော် အရှင်ဇနကာဘိဝံသနဲ့ ငယ်နာမည်တူပါတယ်။ သူဘွဲ့ကတော့ ရှင်ဒေ၀ိန္ဒပါ။ သူ့မိဘတွေက တောသူဌေးတွေပါ။ သူ့အဖေက ဦးညိုမြ၊ သူ့အမေက ဒေါ်မိုးရီ ဖြစ်ပါတယ်။ အသက်ဆယ်နှစ်မှာ ရှင်ပြုခဲ့ပါတယ်။ မြို့စာသင်တိုက် (မုံရွာမြို့၊ မြို့မရွှေဂူပါဠိတက္ကသိုလ်)ရောက်တော့ (သိပ်မကောင်းလှတဲ့) ထုံးစံအတိုင်း သူ့ကို သူအဖေနာမည်နဲ့ ခေါ်ကြတာ ခံလိုက်ရပါတယ်။ ညိုမြတဲ့။

စာသင်တိုက်မှာမှ မဟုတ်ပါဘူး အရပ်ထဲမှာလည်း သားကို သူ့အဖေနာမည်နဲ့ ခေါ်တာတွေ ရှိတာပါပဲ။ အထူးသဖြင့် အနေအေးတဲ့သူတွေကို အဖေနာမည်နဲ့ ခေါ်ကြပါတယ်။ အဖေကို ဂုဏ်ပြုတဲ့သဘော မဟုတ်ဘဲ နှိမ်တဲ့သဘော၊ အနိုင်ကျင့် စော်ကားတဲ့သဘောလို့ ထင်ပါတယ်။ ကိုယ့်ကို ကိုယ့်အဖေနာမည်နဲ့ ခေါ်တာကို ဘယ်သူ ကြိုက်မှာလဲ။ ကိုယ်လေးစားတဲ့ ကိုယ့်အဖေကို ဦးမတပ်ဘဲ အထက်စီးကနေ ရိုင်းရိုင်းပျပျ ခေါ်လိုက်တာကို ကြားလိုက်ရတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ကို ခံစားကြည့်ပေါ့။ မကြိုက်ပေမယ့် “ဟေ့ကောင် ညိုမြ”လို့ ဦးဇင်းတွေကခေါ်ရင် “ဘုရား”လို့ သူက ရိုရိုသေသေ ပြန်ထူးပါတယ်။ အပြုံးလေးနဲ့ပါ။ သူထက်ငယ်တဲ့ ကိုရင်လေးတွေကတော့ သူကို “ကိုရင် ညိုမြ”လို့ ခေါ်ကြပါတယ်။ ဦးဇင်းတွေ ခေါ်ပုံနဲ့စာရင် ကိုရင်တွေ ခေါ်ပုံက ယဉ်ကျေးသေးတာပေါ့။ ဘယ်လိုခေါ်ခေါ် သူကတော့ ကိစ္စမရှိပါဘူး။

သူ့မှာ ချစ်သူခင်သူတွေ ပေါပါတယ်။ သူက သဘောကောင်းတာကိုး။ သူက အစားတော့ တော်တော်ပုပ်ပါတယ်။ ဘုန်းနဲ့ကံနဲ့မို့ ဆွမ်းတွေ ဆွမ်းဟင်းတွေ အများကြီးရလို့ တော်သေးတာပေါ့။ သူက တော်တော်လေး ဥာဏ်ကောင်းပါတယ်။ ဥာဏ်ကောင်းပေမယ့် စာမေးပွဲကံ မပါတာလား၊ စာမေးပွဲ မဖြေတတ်တာလားတော့ မသိပါဘူး။ အခြေပြုမူလတန်းပဲ အောင်ပါတယ်။ (အခု စာမေးပွဲစနစ်မှာ အခြေပြုမူလတန်း မရှိတော့ပါဘူး။ ပထမငယ်တန်းက စဖြေရပါတယ်။) အခြေပြုမူလတန်း အောင်ပြီးတဲ့နောက် ပထမငယ်တန်းကို ခြောက်ခါကျခဲ့ပါတယ်။

သူ ကိုရင်ကြီး ဘ၀နဲ့ စာမေးပွဲတွေ တဖုန်းဖုန်း ကျနေတုန်း ရှစ်လေးလုံး အရေးအခင်းကြီး ပေါ်လာခဲ့ပါတယ်။ သူလည်း အရေးတော်ပုံကြီးထဲ ပါသွားတာပေါ့။ ဆန္ဒပြတွေ လိုက်ပါတယ်။ ကျောင်းပြန်မလာဘဲ သပိတ်စခန်းမှာ အိပ်တဲ့အခါ အိပ်ပါတယ်။ ဦးဇင်းတွေနဲ့အတူ ရပ်ကွက်လုံခြုံရေးအတွက် ကင်းလှည့်လည်းလိုက်ပါတယ်။ ဓားလွယ်ကြီးနဲ့ ကင်းလှည့်လိုက်တဲ့ ကိုရင်ကြီး ကျောင်းပြန်လာတဲ့အခါ ကြည့်ရတာ တော်တော် ရယ်စရာကောင်းပါတယ်။ စာမေးပွဲတွေ ကျလွန်းလို့ မပျော်နိုင်တဲ့ ကိုရင်ကြီး အဲဒီကျမှ ပျော်နိုင်ပါတော့တယ်။ သူက သူ ကြားနာမှတ်သားခဲ့ရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်းတွေကို ကိုရင်လေးတွေဆီ ပြန်ပြီး ဖောက်သည်ချတတ်ပါသေးတယ်။ သတ္တိရှိဖို့၊ အမှန်တရား မြတ်နိုးဖို့တွေ သြ၀ါဒ ချွေတတ်တတ်ပါသေးတယ်။ သူက တိုင်းပြည်ကောင်းစားရေး လုပ်နေသူကြီးကိုး။ ကိုရင်လေးတွေရဲ့ သူရဲကောင်းကြီးပေါ့။

သူဟာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အရေးအခင်း ကာလထဲမှာ ရူးသွားရှာပါတယ်။ အဲဒီတုန်းက စစ်တပ်အာဏာမသိမ်းခင် မုံရွာမှာ ဆန္ဒပြအုပ်စု နှစ်ခု ကွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ဦးဆောင်တာက သံဃာ့သမဂ္ဂလား၊ သံဃာ့သမဂ္ဂီလား မသိပါဘူး။ လက်ပတ်အနီတွေ ပတ်ထားကြပါတယ်။ အဲဒီကနေ ပြည်သူ့သံဃာဆိုပြီး အဖွဲ့ကွဲသွားတာပါ။ ဘာလို့ ကွဲတာလဲတော့ မသိပါဘူး။ အဖွဲ့သစ်ရဲ့ အဖွဲ့ဝင်တွေက လက်ပတ်အဖြူတွေ ပတ်ကြပါတယ်။ ကိုရင်ကြီးကတော့ လက်ပတ်နီ အဖွဲ့ဝင်ပေါ့။ အဲဒီနှစ်ဖွဲ့ ကွဲသွားတာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ကြခိုက်ကြတဲ့အထိ ဖြစ်လာပါတယ်။ အသတ်အဖြတ်တွေပါ ပါလာပါတယ်။ သစ္စာဖောက်ဆိုပြီး ခေါင်းဖြတ်တာလည်း ပါပါသေးတယ်။ ခေါင်းဖြတ်ကြီး တုတ်နဲ့ထိုးပြီး မြို့ထဲလှည့်ပြတာကို မြင်ဖူးတယ်ရှိအောင် ကြောက်ကြောက်နဲ့ ထွက်ကြည့်ခဲ့ပါသေးတယ်။ အဲဒီလို အနိဋ္ဌာရုံတွေနဲ့ အနီးကပ် ကြုံတွေ့ခဲ့ရတဲ့ ကိုရင်ကြီး သွေးပျက်သွားသလား မသိပါဘူး။

နောက်တစ်ခုကတော့ သူ တော်တော်ကြောက်သွားတာ သေချာပါတယ်။ အရေးအခင်းကြီး ပြီးခါစ သိပ်မငြိမ်သက်သေးခင်မှာ ကိုရင်ကြီး ပြူးပြူးပြာပြာ ဖြစ်နေပါတယ်။ သူကို ဖမ်းဖို့ ရဲတွေ စစ်သားတွေ လာနေပြီလို့ သူ့စိတ်ထဲမှာ ထင်နေပါတယ်။ တစ်ခါတစ်ခါ သူတစ်ယောက်တည်း ပုန်းပုန်းနေတတ်ပါတယ်။ တစ်စတစ်စနဲ့ သိသိသာသာကြီး ရူးသွားလို့ ကိုရင်ကြီးကို လူဝတ်လဲပေးလိုက်ရပါတယ်။

လူဝတ်လဲပြီးတော့လည်း ဖောက်နေတုန်းပါပဲ။ ဒါနဲ့ လူကြီးမိဘတွေက ဘယ်လိုစိတ်ကူး ပေါက်ကြသလဲ မသိပါဘူး သူ့ကို အိမ်ထောင်ချပေးလိုက်ကြပါတယ်။ အဲဒါ မဆိုးဘူးလို့ ပြောရမယ် ထင်ပါတယ်။ အိမ်ထောင်ကျတော့ သူ အရူးပျောက်သွားပါတယ်။ သမီးတစ်ယောက် ရလိုက်ပါသေးတယ်။ သားနဲ့မယားနဲ့ တောင်သူတွေ လုပ်လို့ပေါ့။ ဒါပေမယ့် သုံးနှစ်လောက်နေတော့ အရူး ပြန်ထတာပါပဲ။ အဲဒီတော့လည်း သူ့ကိုဖမ်းဖို့ လာနေကြပြီဆိုပြီး ပုန်းပုန်းနေတတ်ပါတယ်။

အဲဒီလိုနဲ့၊ အရူးဘ၀နဲ့ ပုန်းရင်းရှောင်ရင်း သူ့ဘ၀ နိဂုံးချုပ်သွားရှာပါတယ်။ ရွာဘေးက စိုက်ပျိုးရေး တူးမြောင်းကြီးရဲ့ လက်တံလေး တစ်ခုထဲမှာ သူ့အလောင်းကိုပဲ တွေ့ခဲ့ရတာပါ။ ရေတိမ်နစ်တာတော့ မဖြစ်နိုင်ပါဘူး။ လက်တံထဲမှာ ရေက ခြေသလုံးတစ်ဝက်လောက်ထိပဲ ရှိတာကိုး။ ရဲတွေ စစ်သားတွေကို ကြောက်လွန်းလို့ လက်တံထဲမှာ ရေငုတ်ပုန်းနေရင်း ရေမွန်းလို့ သေသွားတာများလား။

:)
ရှင်အာစာရ
-----

Comment:
ခေတ်ပြိုင်အရူးတွေ ရှိလေမလား။
ကင်းရှင်းကြပါစေ။
ကောင်းရာသုဂတိ လားပါစေ။

No comments:

Post a Comment