သိပ်တော့ မဆိုင်လှပါဘူး။ ညိုမြဆိုတဲ့ နာမည်ကို သတိရလို့ ညိုမှည့် လုပ်လိုက်တာပါ။ တကယ်က ဦးညိုမှည့်ပါ။ သူ့မှာ ထင်ထင်ရှားရှား မှည့်ညိုကြီး ရှိနေလို့ ညိုမှည့်လို့ ခေါ်ခဲ့တာများလား မသိပါဘူး။ ဆိုပါစို့။ ရင်းရဲရွာ အရှေ့ပိုင်းက ဦးညိုမှည့်။ သူ့ဒကာမကြီးက ဒေါ်အေးရှိ။ သူ့ သားသမီးတွေ ဘယ်သူဘယ်ဝါ ဆိုတာတော့ အတိအကျ မသိပါဘူး။ ရွာနဲ့ အနေဝေးခဲ့တာ ကြာလို့၊ နောက်ပြီး တစ်ရွာတည်း ဆိုပေမယ့် သူ့မိသားစုနဲ့ အနေဝေးလို့ပါ။
ဝေးပေမယ့် သူ့အကြောင်း နည်းနည်းပါးပါးတော့ သိပါတယ်။ တစ်ရွာလုံး၊ တစ်နယ်လုံး ဟိုးလေးတကျော် ဖြစ်ခဲ့တာမို့ သိတာပါ။ ဦးညိုမှည့်က တောထဲမှာ နေတာများပါတယ်။ တစ်လတစ်ခါလောက်ပဲ ရွာပြန်ပြန် လာတတ်တာပါ။ ကုန်းမြေယာကွက်က ရွာနဲ့ဝေးတယ်ဆိုရင် ကုန်းထဲမှာပဲ တဲဆောက်ပြီး အခြေချနေကြတာ ရွာ့ထုံးစံပေါ့။ စိုက်ရင်းပျိုးရင်း၊ စိုက်ခင်းတွေလည်း စောင့်ရှောက်ရင်းပေါ့။ တစ်ချို့ဆိုရင် မိသားစုလိုက် တောထဲမှာ အခြေချနေကြတာ။ ရွာထဲမှာ အိမ်ကို မရှိကြတော့ဘူး။ ကုန်းမြေ အားလုံးက ရွာနဲ့ ဝေးနေလို့ပါ။ ဦးညိုမှည့်ကတော့ တစ်ယောက်တည်း တောထဲမှာ နေတာ။ သူ့မိသားစုက ရွာထဲမှာ။ ရွာနဲ့နီးတဲ့ ကုန်းတွေ လယ်တွေက သူ့ မိသားစုရဲ့ တာဝန်။ သူ့တာဝန်က အဝေးကုန်းတွေ။
တောထဲမှာ တစ်ယောက်တည်း နေတယ်ဆိုပေမယ့် ဦးညိုမှည့်က ဘုရားတရား မြဲတယ်။ သူများလို မုဆိုးတံငါအလုပ် မလုပ်ဘူး။ ပုံမှန် ဘုရားရှိခိုးတာတော့ ပြောစရာကို မလိုပါဘူး။ တရားတောင် အားထုတ်သေးတယ်။ ဦးညိုမှည့် ကမ္မဋ္ဌာန်း ထိုင်ပါတယ်။ အဲဒီမှာ ပြဿနာ ဖြစ်သွားတာပါ။ သူတရားထိုင်တာ ဘယ်လိုထိုင်သလဲ၊ ဘယ်နည်းကို ဘယ်လိုကျင့်သုံးသလဲတော့ မသိပါဘူး။ ဦးညိုမှည့်ကြီး တရားထိုင်ရင်း ရူးသွားရှာတယ်။
ညမှာ သူတစ်ယောက်တည်း တဲထဲမှာ တရားထိုင်နေတုန်း တဲအမိုးပေါ်က ခြေတောက်ကြီး တစ်ခု ကျွံကျလာတယ်တဲ့။ အကောင်ကြီး တစ်ကောင်က တဲမိုးပေါ် တက်နင်းလိုက်တာတဲ့။ ဘာကောင် ဘာခြေတောက်ဆိုတာတော့ မသိဘူး၊ အမွှေးတွေ ပါတယ်တဲ့။ အဲ့ဒီလို ခြေတောက်ကြီး ကျွံကျလာတော့ လန့်ဖျပ်သွားတာ၊ သွေးပျက်သွားတာတဲ့။
သူတစ်ယောက်တည်း တောထဲမှာမို့ သူ့ဟာသူ စိတ်ချောက်ချားပြီး ထင်ယောင်ထင်မှား ဖြစ်တာများလား။ နာနာဘာဝ ၀ိနာဘာဝတွေက တကယ်များ နှောင့်ယှက်လိုက်သလား။ သမာဓိ စမ်းတာလား။ ဘာလဲတော့ မသိပါဘူး။ တစ်ယောက်တည်း တောထဲမှာဆိုတော့ ချောက်ချားမယ်ဆိုရင်လည်း ချောက်ချားစရာ ကောင်းပါတယ်။ ဘုရားဖြစ်ကာနီး မာရ်နတ် နှောင့်ယှက်သလို မာရ်နတ်ရဲ့ နောက်လိုက်နောက်ပါတွေက နှောက်ယှက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တဲမိုးပေါ်က ကျွံကျလာတဲ့ ခြေတောက်ကြီးကို ကြောက်လန့်သွားပြီး ဦးညိုမှည့်ကြီး ရူးသွားရတာလို့ ပြောကြပါတယ်။
တစ်သက်လုံး ရူးသွားရှာတာ။ ဘယ်လိုမှ ဆေးကုလို့ မရဘူး။ ဦးညိုမှည့်ကြီးက ရူးပေမယ့် တရားအားထုတ်တာတော့ အပျက်မခံဘူး။ အရူးဘ၀နဲ့ ဆက်လက် အားထုတ်သွားရှာတယ်။ ရာသက်ပန် ဧကစာရီ ယောဂီကြီး အဖြစ်နဲ့ တောရဆောက်တည် သွားရှာတယ်။ သူ စိတ်ကူးပေါက်ရင်တော့ ရွာပြန်လာတတ်တယ်။
ယောဂီကြီး ဦးညိုမှည့် မသေခင် လေးငါးနှစ်လောက် အလိုမှာ ထူးထူးဆန်းဆန်း တစ်ခု လုပ်သွားတယ်။ ရွာထဲ အလည်ပြန်လာရင်း လုပ်သွားတာ။ ကိလေသာ ပယ်တာတဲ့။ သူ့ရဲ့ ယောက်ျားအင်္ဂါကို သူ့ဟာသူ ဓားနဲ့ ဖြတ်ပစ်လိုက်တယ်။
Comment:
တရားထိုင်ရင်း ရူးသွားတာ ရှိဖူးပါတယ်။
ဆိတ်ငြိမ်ရာမှာ တရားအားထုတ်ရတယ် ဆိုပေမယ့် ချောက်ချားစရာတော့ မဖြစ်သင့်ပါဘူး။ စိတ်မခိုင်ရင် အတန်အသင့် တိတ်ဆိတ်ပြီး လုံခြုံအေးချမ်းတဲ့ နေရာမှာ အားထုတ်သင့်ပါတယ်။ မလိုအပ်ဘဲ၊ ကိုယ်နဲ့ မသင့်တော်ဘဲ လွန်လွန်ကျွံကျွံကြီး ဆိတ်ငြိမ်ရာ မရှာသင့်ပါဘူး။
ကိလေသာပယ်ရင် ပယ်နည်းမှန်ဖို့ လိုပါတယ်။

:)
ရှင်အာစာရ
-----Comment:

No comments:
Post a Comment