မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။ |
အပုပ်ကောင် ရုပ်ဆောင်ထား၊
ဟုတ်ယောင်မှား တွယ်ခင်။
ငုတ်မှောင်သား ကွယ်မမြင်၊
အကယ်ပင် စုံကန်း။
အနှစ်မဲ့ ခန္ဓာဘင်ကို၊
မှန်စွာမြင် လွတ်ဖို့မမှန်း။
ချစ်ဖွယ်အတိ မှတ်ကာသာ၊
တပ်အာသာ မက်ငန်း။
ထွတ်အခေါင် နိဗ္ဗာန်နန်းကိုလ၊
စိတ်ကြံမှန်း မှီခို။
ခုအနေ ချိန်သာခိုက်မှာကွယ့်၊
လိမ္မာလိုက် များလှလူဗိုလ်။
သန်အားပြည့် ရုပ်နုပျိုကို၊
အပုပ်စုလို မြင်မှတ်လို့။
တင်ကပ်စို့ ရိုးစုသညာ၊
ဖြိုးစုပညာ။
သမုဒ်ဝ ၀ဲသံသရာကို၊
ခဲမြန်မကြာ ကူးမြောက်စို့လေး . . .။
ရှေ့ရုပ်နောက်ရုပ်၊ ရှေ့နာမ်နောက်နာမ်၊ ရှေ့ခန္ဓာနောက်ခန္ဓာ၊ ရှေ့နောက်ရုပ်နာမ်ခန္ဓာ အသစ်အဟောင်းတို့ တပြောင်းပြန်ပြန် အစဉ်မပြတ် ဖြစ်ပေါ်ချုပ်ပျက် နေခြင်းသည် သံသရာ မည်၏။ ရုပ်နာမ်ခန္ဓာ အစဉ်ကို သံသရာဟု သတ်မှတ်သည်။ ခန္ဓာအစဉ် ခန္ဓာစီးကြောင်းကား မပြတ်စီးဆင်း နေပေသည်။ ခန္ဓာကိုယ် ရပိုင်ထားသည့် သံသရာလောကသား လူနတ်ဗြဟ္မာ သတ္တ၀ါများသည် ရရှိထားသော ခန္ဓာကြောင့်ပင် သံသရာမှ မလွတ်နိုင် မရုန်းနိုင် ဖြစ်ကြရသည်။ ခန္ဓာကို တဏှာနှင့် စွဲမိ၍ စွဲလမ်းတောင့်တအပ်သော ခန္ဓာအသစ်အသစ် ဘ၀အမျိုးမျိုး ရရှိကာ သံသရာမှာ နှောင်ဖွဲ့ခံနေကြရသည်။ မိမိဘ၀ မိမိခန္ဓာကို သာယာဖွယ်အဖြစ် တပ်မက်စွဲလမ်းကြသည်။ သူတစ်ပါးဘ၀ သူတစ်ပါးခန္ဓာကိုလည်း လိုချင်တောင့်တကြသည်။ အထင်ကြီး အားကျကြသည်။ ထို့ကြောင့် သတ္တ၀ါးများ ရှည်လျားပင်ပမ်းသော သံသရာခရီးကို အပြင်း လျှောက်လှမ်း နေကြရလေသည်။
ပရမတ္ထသဘာဝအားဖြင့် သူရောကိုယ်ပါ အပုပ်ကောင်များသာ ဖြစ်ကြသည်။ သို့သော် ဓမ္မအမြင် မရှိသော သတ္တ၀ါတို့ကား အပုပ်ကောင်ကို တွယ်တာကြသည်။ အပုပ်သဘာဝ အပုပ်ဓာတ်ကို မနှစ်သက်ကြပြန်၍ အပုပ်သဘောဆောင်သည့် ခန္ဓာကိုယ်ကို မပုပ်အောင် ပြုပြင်စီမံကြသည်။ တွယ်တာတပ်မက်ကြသည်။ ခန္ဓာကိုယ်သည် ပြုပြင်စီမံသည့် ကြားမှပင် သူ့သဘာဝ စက်ဆုပ်ဖွယ်ကို အခွင့်သင့်တိုင်း ထုတ်ပြတတ်သည်။ သို့သော် သတ္တ၀ါတို့က စက်ဆုပ်ဖွယ်ကို ကြိုးစား၍ ရှောင်ကွင်းကြသည်။ သာယာ နှစ်သက်ဖွယ်ဖြစ်အောင် ပြုပြင်စီမံကြသည်။ သန့်ရှင်း သုတ်သင်ကြသည်။ တန်ဆာဆင်ကြသည်။ နံ့သာလိမ်းကျံကြသည်။ သူတစ်ပါး၏ အပုပ်ခန္ဓာ စက်ဆုပ်စရာကို အပေါ်ယံကြည့်၍ တွယ်တာကြသည်။ ကိုယ့်ခန္ဓာ ကိုယ့်အပုပ်ကိုလည်း မြင်ပန်းလှအောင် ဖန်တီးမွမ်းမံကြသည်။ တစ်ခြားသူတို့ နှစ်သက်စွဲလမ်းအောင် ပြင်ဆင် ခြယ်သကြသည်။ ညှို့ယူဖမ်းစားကြသည်။ ခန္ဓာ၏ အပုပ်သဘာဝကို သိုဝှက်ကာ ဟန်ကြီးပန်ကြီးလုပ်၍ ဟိတ်ထုတ်နေကြသည်။ ဟန်ဆောင် ဖုံးကွယ်ထားအပ်သော အပုပ်ခန္ဓာကို အဟုတ်ထင်ကာ တွယ်တာ ခင်မင်ကြပြန်သည်။
ထိုသို့ ဖြစ်ရသည်ကား ပညာမျက်စိ ဥာဏ်အမြင် မရှိသောကြောင့်တည်း။ သတ္တ၀ါတို့၏ ဥာဏ်အမြင်ကို အ၀ိဇ္ဇာ အမိုက်တိုက်က အုပ်ဖုံးကာကွယ်ထားသည်။ ထို့ကြောင့် သတ္တ၀ါတို့သည် တရားမှန်ကို ဥာဏ်ဖြင့်ထိုးဖောက်၍ မမြင်နိုင်ကြပေ။ အသုဘကို သုဘထင်ကြသည်။ မတင့်တယ်သည်ကို တင့်တယ်သည် ထင်မှတ်ကြ၏။ စက်ဆုပ်ဖွယ်ကို သာယာဖွယ် ထင်ကြ၏။ အ၀ိဇ္ဇာ၏ နှောင့်ယှက်မှုကြောင့် သတ္တ၀ါတို့၏ ထင်မြင်ယူဆမှု မှန်သမျှ အမှန်နှင့် ပြောင်းပြန်ဖြစ်ရသည်။ တရားမှန် မမြင်နိုင်သော ပုထုဇဉ် သတ္တ၀ါတို့ကို အကန်းဟု ခေါ်နိုင်၏။ အ၀ိဇ္ဇာကြောင့် ကန်းကုန်သော သတ္တ၀ါတို့သည် ဘ၀ခန္ဓာကို တဏှာရမ္မက်ဖြင့် တပ်စွဲကြသည်။ တစ်ဖန် တပ်စွဲမှုကြောင့် သံသရာမှာ ဆင်းရဲတွင်းနက်ကြရသည်။ ထိုသဘောကို ရည်ရွယ်၍ အ၀ိဇ္ဇာ နှင့် တဏှာ၊ မသိမိုက်မှားမှု နှင့် တွယ်တာတပ်မက်မှုကို ၀ဋ်မြစ်မူလ၊ သံသရာလည်ခြင်း၏ အကြောင်းရင်းဟု ဘုရားရှင် ဟောတော်မူသည်။
ဇီဝဖြစ်စဉ် အလျဉ်မပြတ်အောင် ရုန်းကန်ထောက်ပင့် ပေးထားရသောခန္ဓာ၊ အပုပ်သဘာဝ စက်ဆုပ်ဖွယ်သဘော မပေါ်လွင်အောင် မွမ်းမံ ပြုပြင် ပိတ်ဆို့ထားရသော ခန္ဓာ၊ အစိတ်အစိတ်ခွဲလျှင် သာယာဖွယ်မရှိ အစုအပေါင်းအင်အားဖြင့် ဟန်ကျနေသော အရေ အသား အသွေး အကြော အရိုး ကောဋ္ဌာသ အမျိုးမျိုးဖြင့် ဖွဲ့စည်းထားအပ်သော ခန္ဓာ၊ ဤဘ၀ခန္ဓာကား ပကတိအားဖြင့် အနှစ်မရှိ။ အကာအတိသာ ဖြစ်၏။ ရုန်းကန်ထောက်ပင့်မှု၊ ပြုပြင်မွမ်းမံမှု၊ စုစည်းပေါင်းစပ်မှု မရှိသည်နှင့် အသုံးမကျတော့ပေ။ သုံးမရတော့ပေ။
သဘောစစ်အားဖြင့် မစင်ကဲ့သို့ စက်ဆုပ်ဖွယ်သာဖြစ်သော အနှစ်မဲ့ ခန္ဓာကို အရှိအမှန်အတိုင်း မကြည့် မမြင်နိုင်သော ပုထုဇဉ်သားတို့သည် ခန္ဓ၀ိမုတ်ဖြစ်သော နိဗ္ဗာန်ကို မရည်မျှော်နိုင်ကြပေ။ ခန္ဓဒုက္ခ ကင်းဝေးရာသို့ မရောက်နိုင်ကြပေ။ ဘ၀ခန္ဓာကိုသာ မြတ်နိုးဖွယ်အဖြစ် နှစ်သက်ခုံမင်နေကြလေသည်။
ဘုရားရှင်၏ ဟောညွှန်လမ်းပြမှု တရားအလင်း မရှိလျှင် သတ္တ၀ါတို့သည် ခန္ဓာကိုယ်ကို စွဲ၍ သံသရာလည်ကြရ၏။ ခန္ဓာကို တဏှာဖြင့် မစွဲမက်ဘဲ ဘ၀လွတ်မြောက်ရေးအတွက် ခန္ဓာကို အရင်းပြု၍ အသုဘဘာဝနာ ပွားများရန် ဘုရားရှင် ညွှန်ကြားတော်မူ၏။ ခန္ဓာကို စက်ဆုပ်ရွံရှာဖွယ် ထင်မြင်အောင် ရှုမှတ်ပွားများ ဆင်ခြင်ရသော အသုဘဘာဝနာ တရားတော်သည် သာသနာထွန်းကားသော ယခုအချိန်၌ ပရိတ္တိနည်းစနစ် တစ်ခုအဖြစ် တည်ရှိနေပေသည်။ လက်တွေ့ကျင့်သုံးမှု ပဋိပတ္တိအသွင်ဖြင့်လည်း တည်ရှိနေပေသည်။ သံသရာအဆက်ဆက် အမြစ်တွယ်လာသော ၀ဋ်ရင်းတဏှာ ကာမရာဂကို အသုဘဘာဝနာဖြင့် ကာလအပိုင်းအခြား တစ်ခုအထိ ပယ်ခွာထားနိုင်သည်။ သံသရာစက် မောင်းနှင်အားကို အရှိန်လျှော့ချနိုင်သည်။ အသုဘဘာဝနာသည် ရာဂအားကြီးသူအတွက် အထူးသင့်လျှော်၏။
ဝဋ်မြစ်မူလ တဏှာလက်ချက်ကြောင့် သတ္တ၀ါတို့ သံသရာရှည်ကြရသည်။ ဘ၀ကို ဖန်တီးသော ထိုတဏှာသည် အသုဘကို ကြောက်၏။ ထို့ကြောင့် ဘ၀မျိုးစေ့ကို အသုဘဘာဝနာဖြင့် ဖျက်ဆီးပစ်ရန် ဘုရားရှင် လမ်းညွှန်တော်မူသည်။ ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား အရေစသော ခန္ဓာ၏အစိတ် ကောဋ္ဌာသအစုစုကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှုမှတ်ဖန်များလျှင် တဏှာသည် ပါး၍ပါး၍ နောက်ဆုံး၌ ကြေပျောက်သွားနိုင်၏။ တပ်မက်မှုတဏှာ ပါးလျလာသည်နှင့်အမျှ စိတ်နှလုံး ချမ်းမြေ့မှုကို ရရှိသည်။ စိတ်နေစိတ်ထား ကြီးမားရင့်ကျက်လာရသည်။
အသုဘဘာဝနာကို ရှုမှတ်ကာ သံသရာခရီးကို အဆုံးသတ်နိုင်သော အရိယာသူမြတ်တို့ မြောက်များစွာ ရှိခဲ့သည်။ ကကုသန်ဘုရားရှင်၏ သာသနာတော် အတွင်း၌ ပရဗိုဇ်မ တစ်ယောက်သည် မစင်အိမ်၌ ပိုးလောက်များကို ရွံရှာဖွယ်ရှုမြင်ကာ ပုဠုဝကအသုဘသညာ ပွား၍ ပထမဈာန် ရခဲ့သည်။
ဂေါတမဘုရားရှင်၏ သာသနာ အစပိုင်း၌ ကပြဖျော်ဖြေကြပြီး အိပ်မောကျနေသော ကချေသည်များကို သူသေကောင်အသွင် ရှုမှတ်၍၊ မိမိနေအိမ်ကို သုသာန်တစပြင်ကဲ့သို့ နှလုံးသွင်းကာ ထိတ်လန့်သံဝေဂဖြင့် ရဟန်းပြုလာသော ယသသူဋ္ဌေးသားသည် ဘ၀တစ်ခု၌ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ရုပ်ကြွင်းကို မီးသင်္ဂြိုဟ်ရင်း သူသေကောင်၏ ရွံရှာဖွယ်ကို နှလုံးသွင်း ဆင်ခြင်ခဲ့ဖူးသည်။ ထိုပါရမီကြောင့် ဤသာသနာတော်၌ အကျွတ်တရား ရခဲ့သည်။
ခြောက်ကြိမ်တိုင်တိုင် လူထွက်သော စိတ္တဟဋ္ဌမထေရ်သည် ခုနစ်ကြိမ်မြောက် နောက်ဆုံးရဟန်းပြုရာ၌ အိပ်ပျော်နေသော ကိုယ်ဝန်ဆောင် ဇနီးသည်ကို သူသေကောင်ပုပ်အသွင် ရှုမြင်ခဲ့သည်။ ဥဒ္ဓုမာတက အသုဘသညာ ပွားခဲ့သည်။ အသုဘဘာဝနာ ပွားများရင်း ရဟန်းပြုရန် ဇေတ၀န်ကျောင်းတော်သို့ အသွား လမ်းခုလပ်၌ သောတာပန်တည်ခဲ့သည်။
စေတိယတောင်၌ သီတင်းသုံးသော အရှင်မဟာတိဿသည် သူ့ကို ပြုံးရယ်ပြသော အမျိုးသမီးတစ်ယောက်၏ သွားများကို အရိုးစုအဖြစ် အဋ္ဌိကသညာတင်၍ ဈာန်မဂ်ဖိုလ် ရခဲ့၏။
အခင်းကြီး အခင်းငယ်သွားရင်း၊ ချွဲ သလိပ် နှပ်တံတွေးစွန့်ရင်း အသုဘဘာဝနာပွားလျှင် အကျိုးများနိုင်သောကြောင့် မြောက်နန်းကျောင်း ဆရာတော်က မှူးမတ်စည်းစိမ်ကို ရေအိမ်တစ်ခါတက်မျှလောက်ပင် အဖိုးမတန်ဟု မိန့်တော်မူခဲ့သည်။
ထိုထိုပါရမီရှင်တို့ကဲ့သို့ အသုဘသညာ မရင့်သန်သေး၍ မဂ်ပေါက်ဖိုလ်ဝင် မကျင့်နိုင်သေးလျှင် မဂ်ဖိုလ်မျိုးစေ့ရအောင် အခွင့်ရှာ၍ အသုဘသညာ ပွားများသင့်သည်။ ကျွတ်လွတ်ငြိမ်းချမ်းကြပြီးသော အရိယာသူမြတ်တိုင်း ပါရမီအဆင့်ဆင့် ဖြည့်ဆည်းကာ မဂ်ဖိုလ်မျိုးစေ့ စုဆောင်းခဲ့ကြရသည်။ မဂ်ဖိုလ်မျိုးစေ့ ပါရမီကုသိုလ်ကား တစ်ဆင့်ချင်း ရင့်ကျက်ရသော သဘောရှိ၏။ ပါရမီဓာတ်ခံ ရှိသူသည် အကုသိုလ်ကြောင့် ဆင်းရဲတွင်း နက်၍ အပါယ်ကျနေရပါစေ သာသနာထွန်းကားခိုက်မှာ အပါယ်မှ ကျွတ်လွတ်၍ မဂ်ဖိုလ် ရနိုင်၏။
ခန္ဓာကို အသုဘအဖြစ် ရှုမြင်နိုင်သော ဥာဏ်ပညာကို သုံးဆင့် ခွဲခြားနိုင်သည်။ ပရိယတ္တိအသွင်၊ လမ်းညွှန်ချက်အဖြစ် ဘုရားရှင် ဟောတော်မူခဲ့သော အသုဘဘာဝနာ နည်းစနစ်ကို လေ့လာမှတ်သား ကြားနာ၍ ရလာသော အသိဥာဏ်သည် သုတမယဥာဏ် မည်၏။ ထို ဗဟုသုတကို အခြေခံ၍ ပင်ကိုယ်အခံ ဗီဇဥာဏ်ရည်ဖြင့် ဆင်ခြင်သုံးသပ်၍ ရလာသော အသိသည် စိန္တာမယဥာဏ် မည်၏။ ထို ဥာဏ်နှစ်မျိုးထက် လွန်၍ ခန္ဓာကို အသုဘဖြစ် အထပ်ထပ် ရှုမြင်ကာ ခန္ဓာ၏ သဘောယုတ်ကို အဟုတ်အမှန်အတိုင်း သိမြင်နိုင်သော ဥာဏ်သည် ဘာဝနာမယဥာဏ် မည်၏။
ဤသို့သော ဥာဏ်ကိစ္စ ဥာဏ်အလုပ်ကို စိတ်ရောကိုယ်ပါ နုပျိုတက်ကြွ အားရှိနေခိုက် သန်တုန်းမြန်တုန် အချိန်၌ ဆောင်ရွက်သင့်သည်။ ခန္ဓာအားပျော့ ဥာဏ်အားလျော့ချိန် အိုမင်းမစွမ်းဖြစ်မှ ဥာဏ်ကိစ္စ ဘာဝနာအလုပ်ကို အားထုပ်လျှင် အကျိုး ဖြစ်သင့်သလောက် ဖြစ်မလာနိုင်တော့ပေ။ ထို့ကြောင့် သတိ ကြပ်ကြပ်စိုက်၍ ပျိုမြစ်ချိန်မှ စတင်ကာ တစ်စတစ်စ အသုဘသညာ စုဆောင်းသင့်သည်။
ဓမ္မသဘာဝ သက်သက်ဖြစ်သော ခန္ဓာကိုယ်သည် သာယာတပ်မက် စွဲလမ်းထားလျှင် သံသရာလည်ကြောင်း ဖြစ်သကဲ့သို့ သဘောမှန်ကို ဥာဏ်စိုက်ကြည့်နိုင်လျှင် သံသရာဝဲမှ ထွက်မြောက်ကြောင်း ဖောင်ကူးတို့သဖွယ် ဖြစ်၏။ ဆိုးရွားပြင်းထန်လှသော သံသရာခရီး၌ ခန္ဓာစီး၍ နစ်မွန်းမျောပါ မနေကြဘဲ သံသရာ သမုဒ်ပြင်ကို ခန္ဓာစီး၍ ကူးမြောက်သင့်ကြပေသည်။
"32 Parts of the body in 16 Languages"
ReplyDeletehttp://www.facebook.com/permalink.php?story_fbid=181710121859490&id=100000233375905#!/album.php?fbid=1341629232060&id=1571088397&aid=2046816
-------------------------------------
ဟိုဘက်,ဒီဘက်၊ ရေလယ်ချက်နှင့်
ကျွန်းထက်မတင်၊ လူပင်မဆယ်
နတ်မဆယ်ဘဲ၊ ၀ဲဝယ်မမြုပ်
ဆွေးမပုပ်သော်
သမုဒ်ပင်လယ် ရောက်လိမ့်မယ်..။
(ရှင်တော်မြတ်ရဲ့ သစ်တုံးတရား - ဒါရုက္ခန္ဓောပမသုတ်)
29.07.09 နေ့က ဆရာတော် ဦးဃောသိတ တရားတော်ကနေ ကော်ပီထားတာဘုရား :)
ကူးပြီးရင် ကျက်။ ကျက်ပြီးရင် စပေတော့။ :)
ReplyDeleteစာချည်းရေးနေတဲ့ ဘုန်းဘုန်းကို.. တရားတစ်ပွဲလောက် တောင်းဆိုဦးမှ.. :)
ReplyDeleteနာကိုး၊ တောင်းရှစ်၊ သာဓုတစ်၊ ဟောလစ် အသင်္ချေတဲ့..
တရားတောင်းတဲ့သူက ရှစ်ကမ္ဘာအပါယ်မလား
တရားဟောတဲ့သူက သက်တမ်းအသင်္ချေ အပါယ်မလားတဲ့.. :)
အွန်လိုင်းကနေ တစ်ပွဲလောက် ချီးမြှင့်ပါဦးဘုရား.. :)
ဟုတ်ပါ့မလား။ လက်ရေးကတော့ အကောင်း။ :) နှုတ်ရေး ကျတော့ :(
ReplyDeleteစင်္ကာပူကျွန်းကလူတွေ အကျွတ်တရားရပြီး တပည့်တော်တို့ ကျန်ခဲ့မှာစိုးလို့ပါ ဘုရား... :)
ReplyDeleteဘာပါမစ်မှ မလိုတဲ့ အွန်လိုင်းတရားပွဲမို့ပါ ဘုန်းဘုန်း..။ အပြင်မှာဆို မလွယ်ဘူး...
ဘုန်းဘုန်း အဆင်ပြေမယ်ဆို ဘယ်ရက်တွေမှာ ဘယ်အချိန်တွေ အားတယ်ဆိုတာ မိန့်ထားပေးပါဦး..
ရိုသေစွာဖြင့် (မျက်နှာလုပ်တာ ဟုတ်ဘူးနောဘုရား..:) ဘုန်းဘုန်းအားမှပါ။)
ကိုရင်ဖိုးသား (တော်သေးတယ် ဦးဇင်းဖိုးသားလို့ မခေါ်လို့..:( )
အဲဒီလို တရားပွဲမျိုး ကြုံဖူးလား။ စိတ်ထဲမှန်းကြည့်ရတာ ဟောတဲ့ဘုန်းကြီး ပေါကြောင်ကြောင်ကြီး ဖြစ်နေတယ်။ :)
ReplyDeleteGmailမှာတွေ့ရင် ဆွေးနွေးမယ်လေ။ အဲဒီမှာ တစ်ခါတည်း ဟောလိုက်လည်း ရတာပဲ။
အဲ.. ဘုန်းဘုန်း.. ဘုန်းဘုန်း ထင်သလို မဟုတ်ပါဘူး.. :) အွန်လိုင်းတရားပွဲက မနှစ်ကတည်းက အစ်ကိုတစ်ယောက် ဦးဆောင်မှုနဲ့ အဆင်ပြေသွားတာ ဘုရား.. အရင်ကတော့ စကိုက်ပီနဲ့ လုပ်တယ်ဘုရား.. ခုတော့ ဆိုဒ်ပါ သက်သက်ထောင်ထားတယ် ဘုန်းဘုန်း.. စင်္ကာပူက တရားပွဲတိုင်း အွန်လိုင်းက တိုက်ရိုက်လွှင့်တာကြာပြီ ဘုရား..
ReplyDeletehttp://livedhamma.com/ ဒီဆိုဒ်ကနေ လွှင့်မှာပါဘုရား..
ရိုသေစွာဖြင့်..
ကိုရင်မဟုတ်သော ကိုရင်ဖိုးသား :)
တပည့်တော်လည်းအရှင်ဘုရားဟောတဲ့တရားနာကြည့်ချင်လို့ 
ReplyDeleteလုပ်လေဘုရား...။ အားမငယ်ပါနဲ့ ။ ပေါကြောင်ကြောင်မဖြစ်နိုင်ပါဘူး...။
တရားနာချင်တဲ့ပရိတ်သတ်တွေရှိမှာပါ...။
ကိုရင်ဖိုးသားနဲ့ မူအားဖြင့် သဘောတူထားပါတယ်။ ဟောဖြစ်မယ့်တစ်နေ့ သူ မောင်းထုမယ် ပြောပါတယ်။ စာရေးစာဖတ်-နေ အကောင်းသား တရားဟောတရားနာ-မှ စိတ်ပျက်စရာ ကောင်းမှန်းသိ-ဖြစ်နေမှ။ :(
ReplyDeleteဟောတာတော့ ဟောမှာပါ။ နာဖို့သာပြင်။
ငယ်ငယ်က အမေ အော်တာငေါက်တာ သတိရမိတယ်။ “နာချင်လို့လား!”တဲ့။
:)
နာချင်ပါတယ်ဘုရား.. ကရုဏာဒေါသောနဲ့ ငေါက်တာပဲကို :)
ReplyDeleteခုတော့ အမေ့ရဲ့အမှတ်တမဲ့ ဒီလိုစကားလေးတွေက အမှတ်တရ ဖြစ်လို့ :(
ငိုချင်လာပြီ :( .. အဲ ဟုတ်ဘူး.. နာချင်လာပြီ။
ရိုသေစွာဖြင့်