ဘုရင် သုဒ္ဓေါဒနသည် သားတော် သိဒ္ဓတ္တကို မတွေ့ရသည်မှာ ရက် အတန်ကြာပြီ ဖြစ်သောကြောင့် သားတော် စံပျော်ရာ သုရမ္မနန်းဆောင်သို့ ကာဠုဒါယီ အမတ်နှင့်အတူ ကြွရောက်လာ၏။ ယသောဓရာသည် ယောက္ခမတော် မင်းကြီးကို မြင်သည်နှင့် တပြိုင်နက် မင်းကြီး၏ ခြေတော်ရင်းမှာ ဒူးထောက်၍ ခစားလိုက်ပြီး မင်းကြီးထိုင်ရန် နေရာပြင်ပေး၏။ မင်းကြီး ထိုင်ပြီးသောအခါ သင့်တော်သော အကွာအဝေးမှာ နေ၍ ခစား၏။
“ကျန်းမာပါရဲ့လား သမီးတော်။ သားတော် ရှိပုံမရဘူး ထင်တယ်နော်။”
“မှန်လှပါ ဖခမည်းတော် ဘုရား။ မောင်တော်ဟာ ကာဠာမ ရသေ့ရဲ့ ကျောင်းသင်္ခမ်း သွားနေတာ နာရီပိုင်းအထိ ကြာသွားပါပြီ။ ခုထိ ပြန်မလာသေးတာပါ ဘုရား”
ပြန်လည် လျှောက်ထားချက်ကို ဘဝင်မကျ၍ မင်းကြီး မျက်နှက်ပျက် သွားပြီဟု ယသောဓရာ ခံစားလိုက်ရသည်။ မင်းကြီးသည် အတန် ကြာအောင် နှုတ်ဆိတ်နေ၏။ စိတ် အနှောင့်အယှက် ဖြစ်သွားဟန် တူသည်။ နောက်ဆုံး၌ မင်းကြီး မိန့်မြွက်တော်မူ၏။
“သမီးတော်။ မင်း ဒီကို စရောက်ရောက်ချင်း ငါ ပြောခဲ့ သင်ခဲ့တာတွေကို မေ့သွားပြီလား။ သားတော် ကာမဂုဏ်တွေ ငြီးငွေ့ စိတ်ပျက်သွားအောင် ဘာမှ မလုပ်ရဘူးလို့ ငါ ပြောခဲ့တာ မှတ်မိသေးရဲ့လား။ သားတော် ပျော်ရွှင်အောင် ပြုစုပေးရမယ်။ သူ့ရဲ့ လိုအင်ဆန္ဒ မှန်သမျှကို ဖြည့်ဆည်းပေးဖို့ ငါ့တာဝန်သာ ဖြစ်တယ်။ ကာဠာမ ရသေ့နဲ့ ဘာမှ မဆိုင်ဘူး။ သူက ကာဠာမ ရသေ့ဆီ ဘာဖြစ်လို့ သွားရတာတဲ့လဲ။ ကာဠာမ ရသေ့က ငါ စီမံမပေးနိုင်တဲ့ စည်းစိမ်ချမ်းသာတွေ ဖန်တီးပေးနိုင်လို့တဲ့လား။ အင်း . . . ငါ့ ပုဏ္ဏားတော်တွေ ဟောခဲ့တဲ့အတိုင်း သူ ထီးနန်းစည်းစိမ်းတွေကို စွန့်ခွာသွားလေမလားလို့ တွေးလိုက်ရင် သိပ် စိတ်ပူတာပဲ သမီးတော်ရယ် . . .။ ငါ့ နေပြည်တော်အတွက် သာကီမျိုးနွယ်အတွက် သူ့ကိုပဲ ငါ မျှော်လင့်ထားတာ။ ဒီမယ် သမီးတော်။ ငါ့သားတော် မအီမသာ ခံစားရတဲ့ အရိပ်အရောင် တွေ့မိရင် ငါ့ကို ချက်ချင်း အသိပေးပါ။”
“သည်းခံတော်မူပါ ခမည်းတော် ဘုရား။ မောင်တော် ညအိပ်ယာ ဝင်ချိန်မှာ အချိန်အတော်ကြာအောင် ယောဂကျင့်တဲ့အကြောင်း ခမည်းတော်ကို အသိပေးခဲ့တာ မှတ်မိမယ် ထင်ပါတယ်ဘုရား။ အဲဒီကတည်းက ခမည်းတော် ညွှန်ကြားတဲ့အတိုင်းပဲ မောင်တော် စိတ်လက်ပျော်ရွှင်အောင် အထူးအာရုံစိုက်ပြီး အစွမ်းကုန် ပြုစုစောင့်ရှောက် လုပ်ကျွေးပါတယ်ဘုရား။ သူ့ရဲ့ အရိပ်တစ်ခုလို သူနဲ့ နီးနီးကပ်ကပ် နေပါတယ်ဘုရား။ ဒါပေမယ့် သူက 'မင်းနဲ့ငါတို့ရဲ့ သီးခြားကမ္ဘာရဲ့ အပြင်ဘက်မှာ ကမ္ဘာတစ်ခု ရှိသေးတယ်'လို့ပဲ အမြဲ ပြောနေပါတယ် ခမည်းတော်။ ခုတလော မောင်တော်ဟာ သမီးတော်နဲ့အတူ စကားစမြည် ပြောနေရတာ ပျော်စရာတစ်ခုခု လုပ်ကိုင်ဆောင်ရွက် နေရတာထက် ပြင်ပကမ္ဘာကို သိမြင်နားလည်နိုင်ဖို့ ဒီနန်းဆောင် အပေါ်ထပ်ကနေ ပြတင်းတံခါးတွေ ဖွင့်ကြည့်ဖို့ကိုပဲ ဆန္ဒပြင်းပြပါတယ် ဘုရား။ မနေ့ကတော့ နန်းတော်တံခါး အပြင်ဘက်မှာ စဏ္ဍာလ ကလေးငယ်တစ်ယောက် အမှိုက်ကျင်းမှာ စွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေ လိုက်ကောက်ပြီး စားနေတာကို ဟို ပြတင်းပေါက်ကနေ သူ လှမ်းမြင်လိုက်ပါတယ် ဘုရား။ အဲဒါကို မြင်လိုက်ရတော့ သူ စိတ်ထိခိုက်သွားပြီး ဒီနန်းဆောင်ပေါ်ကနေ ပြေးဆင်းသွားပါတယ် ဘုရား။ စဏ္ဍာလကလေးကို သမီးတော်ဆီ လက်ဆွဲခေါ်လာပြီး စဏ္ဍာလကလေး အားရကျေနပ်တဲ့အထိ ပွဲတော်စာတွေ ကျွေးလိုက်ဖို့ သမီးတော်ကို အမိန့်ပေးပါတယ် ဘုရား။”
“အလို လေးလေး. . . သမီးတော်။ အဲဒီလို မြင်သာတဲ့ နေရာမှာ အကြွင်းအကျန်တွေ စွန့်ပစ်ဖို့ အခြွေအရံ အလုပ်အကျွေးတွေကို စေခိုင်းလိုက်ရသလား သမီးတော်ရယ်။”
“ခမည်းတော် ဘုရား။ သမီးတော် ဒီကို မရောက်ခင်ကလည်း အကြွင်းအကျန်တွေကို အဲဒီနေရာမှာ စွန့်ပစ်တာပါပဲ ဘုရား။ မောင်တော်ဟာ အမှိုက်ကျင်းထဲမှာ စွန့်ပစ်ထားတဲ့ အကြွင်းအကျန်တွေကို မြင်ဖူးပြီးသား ဖြစ်ပါလိမ့်မယ် ဘုရား။ မောင်တော်ရဲ့ စိတ်ကို ထိခိုက်စေတာက အမှိုက်ကျဉ်း မဟုတ်ပါ ဘုရား။ အမှိုက်ကျင်းထဲက အကြွင်းအကျန်တွေ ကောက်စားနေတဲ့ စဏ္ဍာလလေးကို မြင်လိုက်ရလို့ မောင်တော် စိတ်ထိခိုက်သွားတာ ဖြစ်ပါတယ်ဘုရား။”
“အို . . . သမီးတော်။ နောက်နောင်မှာ ဘယ်စဏ္ဍာလကိုမှ မမြင်တွေ့စေရဘူး။ မဟုတ်သေးဘူး။ နန်းတော်နဲ့ အနီးတစ်ဝိုက်မှာ ဘယ်လိုဇာတ်နိမ့်တွေမှ ခြေမချစေရဘူး။ စဏ္ဍာလကို လက်ဆွဲ ခေါ်လာတုန်းက သားတော် ဘာတွေပြောတယ်ဆိုတာ တိတိ ကျကျ ပြန်ပြောပြ စမ်းပါ သမီးတော်။”
“စဏ္ဍာလကို လက်ဆွဲခေါ်လာတာ မြင်ရတော့ တအံ့တသြနဲ့ မောင်တော့်ဆီကို ပြေးသွားခဲ့ပါတယ် ဘုရား။ စဏ္ဍာလလေးဟာ ကြောက်လွန်းလို့ တုန်တုန်ရီရီ ဖြစ်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ပါ ဘုရား။ သူ့ဝမ်းဗိုက်ဟာ ပိန်ချပ်နေပြီး သူ့မျက်တွင်းတွေကလည်း ဟောက်ပက်ပက်ပါ ဘုရား။ အဲဒီ စဏ္ဍာလလေးရဲ့ ခေါင်းကိုလက်နဲ့ ကိုင်ထားရင်း မောင်တော်က သမီးတော်ကို 'အို. . . ယသောဓရာ။ ကူကယ်ရာမဲ့ ဒီကလေးဟာ လူသားမျိုးဆက်ပါကွယ်။ ငါတို့က ကောင်းမွန်မြင့်မြတ်တဲ့ ပွဲတော် စာတွေ စားသုံးနေချိန်မှာ သူက အမှိုက်ကျင်းထဲက စွန့်ပစ်ထားတဲ့ အကြွင်းအကျန်တွေကို ကောက်စားနေတာ။ သူ ငါ့ကိုမြင်တော့ ကြောက်လန့်ပြီး ထွက်ပြေးဖို့ ကြိုးစားသေးတယ်။ အဲဒီတုန်းက ငါ စိတ်ထိခိုက်တာပဲ ရှိတယ်။ ဘာအနှောင်အဖွဲ့မှ မရှိဘူး။ ဒီလို သိမ်ငယ်တာတွေ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့အတွက် တိုင်းပြည်ရဲ့ အရှင်သခင် ငါတို့မှာ တာဝန် မရှိဘူးလား။ တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာကို ကောက်ယူပြီး တိုင်းပြည်တွင်းမှာ ရှိနေတဲ့ ဒီလို သိမ်ငယ်တာတွေကို တာဝန်မဲ့ မျက်ကွယ်ပြုနိုင်တဲ့ ပြည့်ရှင်မင်းရဲ့ အဆင့်အတန်းကို ဘယ်လို သတ်မှတ်မလဲ။ ကဲကဲ ယသောဓရာ . . . ။ လောလောဆယ် သူ့ကိုသာ ချိုမြိန်ကောင်းမြတ်တဲ့ အစားအစာတွေ ပေးလိုက်ပါ။ သူ စားနိုင်သလောက် စားစမ်းပါစေ။' လို့ အမိန့်ရှိပါတယ် ဘုရား။
“သမီးတော်က ဘာမှ ပြန်မပြောဘူးလား”
“ခမည်းတော်။ မောင်တော် ညွှန်ကြားတဲ့အတိုင်းပဲ ပန်းကန်ပြားထဲ ထမင်းထည့်ပြီး စဏ္ဍာလလေးကို ပေးလိုက်ပါတယ် ဘုရား။ စဏ္ဍာလလေးက ထမင်းပန်းကန်ပြားကိုယူ၊ အောက်မှာ ထိုင်. . . ”
ယသောဓရာ စကားမဆုံးမီ မင်းကြီးသည် စိတ်ဆိုးမန်ဆိုး အော်လိုက်၏။
“အလိုလေးလေး . . . သမီးတော်။ ငါ့ ရွှေနန်းတော်မှာ စဏ္ဍာလအတွက် ပန်းကန်ပြား ဘယ်နေရာကများ ရသလဲ။ သမီးတော် ရူးများနေသလား။”
“သည်းခံတော်မူပါ ခမည်းတော် ဘုရား။ ဇာတ်နိမ့်တွေနဲ့ ပတ်သက်လို့ လိုက်နာရမယ့် ထုံးတမ်းစဉ်လာတွေကို သမီးတော် သိပါတယ် ဘုရား။ ဒါကြောင့် ကျွန်မတစ်ယောက်ကို ငှက်ပြောရွက်ပိုင်းတစ်ခု အယူခိုင်းပြီး အဲဒါနဲ့ ထည့်ကျွေးဖို့ စဏ္ဍာလရဲ့ ဘေးနားမှာ ချခင်းလိုက်ပါတယ် ဘုရား။ အဲဒီတော့ မောင်တော်က ထမင်းကို ပန်းကန်ပြားထဲ ထည့်ပေးဖို့ အမိန့်ရှိပါတယ် ဘုရား။”
အခြေအနေမှာ ဆိုးရွားနေပြီ၊ ထင်ထားသည်ထက် ပို၍ အကြပ်ရိုက်နေပြီဟု မင်းကြီး နားလည်လိုက်၏။ စိုးရိမ်ခြင်း ကြီးစွာဖြင့် ငြီးတွားလိုက်လေသည်။
“အို . . . နတ်ဒေဝါတို့။ အို . . . နတ်ဗြဟ္မာတို့။”
တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့သော ကာဠုဒါယီ အမတ်က ဆို၏။
“နားဆင်တော်မူပါ အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ သားတော်ဟာ ပညာဉာဏ်နဲ့ ပြည့်စုံသူ ဖြစ်ပါတယ် ဘုရား။ သူ့ကို ကာမဂုဏ်တွေနဲ့ ပျော်မွေ့နေအောင် လုပ်မယ်ဆိုရင် ဒီလို အခြေအနေမျိုးနဲ့ ကြုံရမှာပါပဲ ဘုရား။ ပုဏ္ဏားတော်တွေ ညွှန်းကြားတဲ့အတိုင်း မင်းကြီးက သားတော်ကို သဘာဝလောက အစစ်နဲ့ ထိတွေ့ရင်းနှီးခွင့် မပေးပါဘူးဘုရား။ မင်းကြီးက ကောင်းမြတ်ခြင်း ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတဲ့ ဘဝရဲ့ မျက်နှာစာ တစ်ဘက်ကိုပဲ သားတော်ရှေ့မှာ ဖွင့်လှစ်ပြထားပါတယ် ဘုရား။ ပညာရှိတဲ့ မင်းသားကတော့ ဘဝရဲ့ ဆင်းရဲကြပ်တည်းတဲ့ မျက်နှာစာကိုလည်း သိမြင်လာလိမ့်မယ်လို့ ကျွန်တော်မျိုး နားလည် သဘောပေါက်ခဲ့ပြီးသား ဖြစ်ပါတယ် ဘုရား။ အရှင်မင်းကြီး။ အလွန်အမင်း ချမ်းသာသူတွေနဲ့ အလွန်အမင်း ဆင်းရဲသူတွေသာ ဘဝအတွက် စိုးရမ်ကြောင့်ကြ ပိုတတ်ကြ ပါတယ် ဘုရား။ သန်းပေါင်းများစွာရှိတဲ့ အလယ်အလတ် တန်းစားတွေကတော့ ဘဝမှာ လွန်လွန်ကဲကဲ ပျော်ရွှင်တာ မရှိသလို အလွန်အကျွံလည်း သောကရောက်လေ့လည်း မရှိပါ ဘုရား။ ဘဝရပ်တည်ဖို့ ရုန်းကန်ရခြင်းသာလျှင် သူတို့အတွက် စိုးရိမ်ပူပန်စရာ ဖြစ်ပါတယ် ဘုရား။ သားတော်မင်းသားကို လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ထိန်းထားပြီး ထီးနန်း လွှဲအပ်နိုင်မယ်လို့ အရှင်မင်းကြီး ထင်ထားပါလိမ့်မယ် ဘုရား။”
“အဲဒီတော့ ဘာဖြစ်သလဲ။ အမှိုက်တွင်းထဲက ကောက်စားတဲ့ စဏ္ဍာလတွေကို တွေ့မြင်ရလို့၊ ထမင်းမစားဘဲ ဖွဲစားတဲ့ အရူးတွေနဲ့ ဘာမှ မထူးတဲ့ တောပျော်ရသေ့တွေကို တွေ့မြင်ရလို့ ငါ့သားတော်မှာ ဘာတွေ အကျိုးထူးမှာမို့လဲ။ ငါ့သားတော်က တစ်ခြားနေပြည်တော်တွေ သိမ်းပိုက်အောင်မြင်တာကို ငါ မြင်ချင်တယ်။ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး တစ်ခုတည်းသော အလံတော်အောက်မှာ သိမ်းသွင်းလိုက်နိုင်တာကို ငါ မြင်ချင် တယ်။ ဘုန်းသမ္ဘာနဲ့ ပြည့်စုံတဲ့ ငါ့သားတော်ဟာ အဲဒီလို အောင်မြင်နိုင်စွမ်း ရှိတယ်။ ငါက သူ့ကို တိုက်တွန်းလိုက်ဖို့ပဲ လိုတယ်။ သူ ဘဝကို စိတ်ပျက်ငြီးငွေ့စရာ မလိုဘူး။ မိခင်ဟာ စူးရှ အန္တရာယ်ဖြစ်စေမယ့် လက်နက် အချွန် အထက်တွေကို သူ့သားငယ် မမီနိုင်တဲ့ နေရာမှာ ထားသလို ငါလည်း ငါ့သားတော်ကို ထိတ်လန့်သံဝေဂ ရစေမယ့် အရာတွေနဲ့ ဝေးအောင် ရှိသမျှ ငါ့ စွမ်းအားနဲ့ ငါ့ အမိန့်အာဏာကို အသုံးပြုမယ်။ မနက်ဖန်က စပြီး လုံခြုံရေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ချထားမယ်။ သူတောင်းစား အားလုံး နဲ့ ရသေ့ရဟန်း မှန်သမျှ ငါ့နန်းတော်တွင်း ချင်းနင်းဝင်ရောက်ခြင်း မရှိစေရဘူး။”
“အရှင်မင်းကြီး . . . ။ သည်းခံတော်မူပါ ဘုရား။ အဲဒီလို စောင့်ကြပ် ပိတ်ပင်ခြင်းဟာ မင်းသားရဲ့ မခံချင်စိတ်ကို နှိုးဆွပေးရာ ရောက်ပါလိမ့်မယ် ဘုရား။ အဲဒီလိုသာ တင်းကြပ်လိုက်မယ်ဆိုရင် မင်းသားဟာ တနည်းနည်းနဲ့ နန်းတော်ကို စွန့်ခွာသွားပါလိမ့်မယ် ဘုရား။ အတင်းအကြပ် မလုပ်ပါနဲ့ ဘုရား။ စစ်မှန်တဲ့ လောကရဲ့ သဘောမှန်ကို မင်းသားသိခွင့် ပေးလိုက်ပါ ဘုရား။”
တစ်ချိန်လုံး ခေါင်းငိုက်စိုက် ချထားပြီး တွေတွေဝေေ၀ ကြောင်ငေး တွေးတောနေသူ ယသောဓရာသည် မင်းကြီးကို ရဲဝံ့စွာ လျှောက်ထား၏။
“ခမည်းတော် . . . ။ ခမည်းတော် နှစ်သက်တော်မူတဲ့ ဗျစ်ရည်များ ဆက်သပါရစေ ဘုရား။ ခွင့်ပြုပါ ခမည်းတော်။ ဗျစ်ရည် သွားယူဖို့ ခဏလေး အချိန်ပေးပါ ဘုရား။”
“ဒီအချိန်မှာ အဲဒီ ဗျစ်ရည်က ဘာအဓိပ္ပာယ် ရှိမှာလဲ။ ငါ သွားမယ်။ သားတော် ပြန်လာရင်သာ ငါ့ကို ချက်ချင်းလာတွေ့ဖို့ ပြောလိုက်ပါ။”
ပြောပြောဆိုဆိုပင် မင်းကြီးသည် နေရာမှ ထလိုက်၏။ မင်းကြီး ခံပြင်းဒေါသ ဖြစ်နေသည်။ စိတ်လက် မပျော်ရွှင်နိုင်ပေ။ ယသောဓရာလည်း မရွှင်သော မျက်နှားထားဖြင့် မင်းကြီးရှေ့မှောက်၌ ဒူးထောက်၍ အရိုအသေ ပေးလိုက်ပြီး မင်းကြီးကို သုရမ္မနန်းဆောင် မုခ်ဝအထိ လိုက်ပါပို့ဆောင် နှုတ်ဆက်လေ၏။ သုဒ္ဓေါဒန မင်းကြီးသည်လည်းကောင်း ကာဠုဒါယီ အမတ်သည်လည်းကောင်း ယသောဓရာကို တစ်စုံတစ်ရာ နှုတ်ဆက်စကား မပြောကြားဘဲ ထွက်ခွာသွားကြလေ၏။ ယသောဓရာ မင်းသမီးသည်လည်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပြီး လေးလံနှေးကွေးသော ခြေလှမ်းများ၏ သယ်ဆောင်ရာသို့ လိုက်ပါလျက် သုရမ္မနန်းဆောင်ဆီ ဦးတည်နေ၏။ မင်းသမီးသည် နန်းဆောင်ပေါ်သို့ မတက်မီ သိဒ္ဓတ္ထမင်းသား ပြန်လာလေပြီလား မျှော်လင့်ချက်ဖြင့် နောက်ပြန် လှည့်ကြည့်လိုက်၏။ တိတ်ဆိတ် ငြိမ်သက်သော တံခါးမုခ်ကိုသာ တွေ့ရလေသည်။
ဒီနေရာမှာနှိပ်ပြီး AudioBook နားဆင်နိုင်ပါတယ်။
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
*သစ္စာရှာဖို့ မြင်းစီးသူ*
ReplyDeleteအလိုဗျာ အရှည်တွေးလိုက်တော့
အို ‘နာ’ သေ ဘေး မကြိုက်တော့တာမို့
စရိုက်ကိုပြင်
အကြိုက်ကို နှင်ပြီ
အလျင်သာသော့လော့ ကဏ္ဍက
ရင်မှာတော့ မချိပါဘူးလေ…။
အို…
ခန်းတွင်း ကုတင်မှာ
မွေ့ပျော်နေပါသော
‘ယ’သော်ဓရာရေ..
တော်ရာမှာ
ပျော်သလိုသာ နေတော့ကွယ်။
ခင်နှမအပေါ်လေ..
မောင်တော်ဘုရား
မတရားပြုရက်တယ်လို့တော့
မစွပ်စွဲလိုက်ပါနဲ့
မုန်းရက်လေတာတော့
မဟုတ်ပါဘူး
သို့ပေမယ့်ကွာ
သစ္စာကိုရှာချင်တာမို့
အတိတ်ကပုံရိပ်တွေကိုခ၀ါချ
အကြင်နာတွေကိုစွန့်လွှတ်
အချစ်တွေကို သင်ပုန်းချေ
သွားပြီ ယသော်ဓရာရေ…။
အော်…
ရင်မှဖြစ်သော
ချစ်စရာ့ ‘က’လေးငယ်
လူမမယ်စာမမြောက်
သားတော်ရာဟုလာရယ်
သားငယ်လေးကိုလည်း
ဖခမည်းတော်လေ
ရက်စက်လေတာ
မဟုတ်ပါဘူးကွာ
အသက်တမျှချစ်ပေမယ့်
လောကအကျိုးရှေးရှု
လောကလူသားတွေ
လွတ်မြောက်ရေးအတွက်
ငဲ့ကွက်ကာပင်
ချစ်ခြင်းကိုစတေးလို့
ခရီးအဝေးနှင်လိုက်ရပါပြီ
ကျန်ရစ်လေဦး သားတော်…။
ငါကိုယ်တော်လေ
ရင်တွင်းမှာပူနေပေမယ့်
သူသူငါငါ အကျိုးအတွက်
မှန်းလို့သာတွေးကြည့်တော့
နန်းကိုကျောခိုင်း
စိတ်ပိုင်းလိုက်ပြီ
လှမ်းပေတော့ ကဏ္ဍက။
*****************************
ဘုန်းဘုန်း ဒါကတော့ မောင်စိန်ဝင်း (ပုတီးကုန်း) မဟုတ်တော့ဘူး ဘုရား.. "မောင်ဖိုးသား (ကွမ်းခြံကုန်း)" :)
ဘုန်းဘုန်းကိုလည်း ကျေးဇူးတင်ကြောင်း ကျေးဇူးစကားတစ်ခွန်း လျှောက်တင်ခဲ့ပါတယ် ဘုရား..။
ရိုသေစွာဖြင့်
သြ . . .။ :)
ReplyDelete. . . လျှောက်တင်ခဲ့ပြီး ဘယ်သွားမှာလဲဟ။