မှာဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။ |
စာတွေဖတ်ပြီး စာရေးချင်စိတ် ပေါက်လာတဲ့ ရဟန်းအစ်မ တစ်ယောက်က စာတစ်ပုဒ်ရေးပြီး သူ့စာကို တည်းဖြတ်ခိုင်းတဲ့အတွက် မြန်မာစာပေနဲ့ ပတ်သက်လို့ ကြုံတောင့်ကြုံခဲ ဆရာလုပ်ခွင့် ရခဲ့ဖူးပါတယ်။
သူ့စာကို သတ်ပုံနည်းနည်းပြင်ပြီး အချိတ်အဆက် ပိုမိအောင် စာတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ပေးခဲ့ပါတယ်။ “ဖြစ်ပါတယ်”လို့ ရေးလိုက်၊ “ဖြစ်၏”လို့ရေးလိုက် စာရေးဟန်နဲ့ စကားပြောဟန် ရောနေတာမျိုးကို ဟန်တစ်ခုတည်း ဖြစ်အောင် ပြင်ပေးလိုက်ပါတယ်။
အားလုံးပြီးတော့ သူစာရေးတာ သူများမသိစေချင်ဘူးဆိုလို့ ကလောင်နာမည်လည်း ပေးလိုက်ပါတယ်။
မြင့်မြတ်သူတို့၏ အသွင်အပြင်ဂုဏ်ရည်
ဂုဏ်ဆိုတာ သီးခြား အရည်အသွေး၊ သီးသန့် အရည်အချင်းများ ဖြစ်ပါတယ်။ ကောင်းမွန်ခန့်ငြား မြင့်မြတ် စင်ကြယ်ခြင်းတွေကိုသာ ဂုဏ်လို့ခေါ်တာ မဟုတ်ပါဘူး။ ဆိုးသွမ်းယုတ်မာခြင်း၊ သိမ်ငယ်ခြင်း၊ အောက်တန်းကျခြင်းတွေဟာလည်း ဂုဏ်ပါပဲ။ ဂုဏ်ဆိုတာ ကောင်းဂုဏ်နဲ့ မကောင်းဂုဏ်ရယ်လို့ နှစ်မျိုးနှစ်စား ရှိပါတယ်။ မကောင်းတဲ့ ဂုဏ်ကိုတော့ အရည်အသွေး၊ အရည်အချင်း အနေနဲ့ လေးစားအားကျ အမွှန်း မတင်ကြပါဘူး။ ဒီနေရာမှာလည်း ဆိုးသွမ်းယုတ်မာတဲ့ မကောင်းဂုဏ်တွေကို အသာထားပြီး ကြည်ညိုမြတ်နိုး ကြည်နူးဖွယ်ရာ ကောင်းမြတ်တဲ့ ဂုဏ်တွေကိုပဲ ညွှန်းဆို ဖော်ကြူးပါရစေ။
သက်ရှိသက်မဲ့ နှစ်လောကလုံးမှာ ကောင်းမြတ်တဲ့ ဂုဏ်အရည်အချင်းတွေ ပြည့်နှက်နေပါတယ်။ ဂုဏ်ကျေးဇူးကို သိဖို့ဆိုရင် မှန်ကန်တဲ့ အရည်အသွေးကို မြင်အောင်ကြည့် သိအောင်ကြံတတ်တဲ့ အရည်အချင်းတော့ လိုတာပေါ့။ အရည်အချင်း ရှိမှသာ အရည်အသွေးကို သိနိုင် မြင်နိုင် ကြံဆနိုင်ပါတယ်။ ပညမျက်စိနဲ့သာ ကြည့်မြင်လို့ရတဲ့ လောကဂုဏ်တွေထဲကနေ အမြင့်ဆုံးဂုဏ်ရည် အမြတ်ဆုံးဂုဏ်ရည် ရတနာ့ဂုဏ်ရည်မှာ ပါဝင်တဲ့ သံဃာ့ဂုဏ်ရည်ကို ဥာဏ်မီသလောက် ဖွင့်ဆိုဖော်ကြူး ကြည်းနူး ပူဇော်ချင်ပါတယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ အနန္တ ဂုဏ်တော်ရှင် ဖြစ်တော်မူပြီး အတုမဲ့ အရည်အသွေးတွေ ပိုင်ဆိုင်တော်မူထားသလိုပါပဲ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်တွေဟာလည်း အနန္တဂုဏ်ရှင် အနှိုင်းမဲ့ စွမ်းအားရှင်တွေ ဖြစ်တော်မူကြပါတယ်။ လောကီလူသားတွေထက် သာလွန်တဲ့ သီးခြား သံဃာ့ဂုဏ်တော်တွေကို အကုန်အစင် ထုတ်ဖော်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒီနေရာမှာတော့ လေ့လာမှတ်သား ကြည်ညိုမိတဲ့ ဂုဏ်ရည် တစ်ချို့ကိုပဲ ပြန်ပြောပြနိုင်မှာပါ။ သံဃာ့ဂုဏ်တော်တွေထဲက အပေါ်ယံဂုဏ်ရည် အသွင်အပြင် ဂုဏ်ရည်ကို စဉ်းစားရင်ပဲ ပြောမပြတတ်လောက်အောင် လေးစားရပါတယ်။ ကြည်ညို အားကျမိပါတယ်။
လူ့သဘာဝဆိုတာ ကိုယ့်ထက်သာမှ အားကျ လေးစားပါတယ်။ ကိုယ့်မှာ မရှိတဲ့ ဂုဏ် အရည်အချင်းတွေ ရှိနေမှ ကိုယ်မလုပ်နိုင်တာတွေ လုပ်ပြနိုင်မှ လေးစားလောက်သူလို့ ဂုဏ်ပြု ဦးခိုက်ကြပါတယ်။ သာမန်လောကသား လူတွေနဲ့ မဆက်ဆံတဲ့၊ ရိုးရိုးလူတွေမှာ မရှိနိုင်တဲ့၊ သီးခြားမွန်မြတ်တဲ့ သံဃာတော်တွေရဲ့ အသွင်အပြင် ဂုဏ်ရည်ကို အမွှန်းတင်လိုပါတယ်။
“ဖန်ဝါသင်္ကန်း ဆင်မြန်းထားခြင်း” နဲ့ “ဦးပြည်းခေါင်းတုံး ရိပ်ထားခြင်း” ဒီနှစ်မျိုးဟာ ရဟန်းတော်တွေရဲ့ လူထက်သာတဲ့ အသွင်အပြင် ဂုဏ်အင်္ဂါတွေ ဖြစ်ပါတယ်။ ရဟန်းသံဃာတွေဟာ လူတွေနဲ့ မတူတဲ့ ဘုရားအမွေတော် သင်္ကန်း ၀တ်ဆင်ထားတာ ကိုကပဲ ကြည်ညိုစရာပါ။ ရဟန်းအသွင်ဟာ သူတော်ကောင်းဓာတ်ခံ ရှိသူတွေရဲ့ စိတ်ဓာတ်ကို ဆွဲဆောင်ဖမ်းစားနိုင်ပါတယ်။ သဒ္ဓါတရားကို နှိုးဆွပေးနိုင်ပါတယ်။ ဖူးမြင်ရသူတွေကို ကျေနပ်ကြည်နူးစေပါတယ်။ အရှင် သာရိပုတ္တရာ ကိုယ်တော်မြတ် သာသနာတော်တွင်း ၀င်ရောက်လာတာဟာ အရှင် အဿဇိရဲ့ အသွင်အပြင်ကို လေးစား ကြည်ညိုခွင့် ရခဲ့လို့ ဖြစ်ပါတယ်။ ဘုရားအလောင်း သူတော်ကောင်းဖြစ်တဲ့ ဆဒ္ဒန်ဆင်မင်းက သူ့ကို မြားနဲ့ခွင်းတဲ့ သောနုတ္တိုရ် မုဆိုးကို အမျက်ဒေါသ အာဃာတ မထားဘဲ ကျေနပ်ခွင့်လွှတ် နိုင်တာဟာလည်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်ဆီက သောနုတ္တိုရ်မုဆိုး ခိုးယူပြီး ၀တ်ဆင်ထားတဲ့ သင်္ကန်းကြောင့် ဖြစ်ပါတယ်။
ရဟန်းသံဃာတွေရဲ့ သင်္ကန်းဟာ အ၀တ်အစားတစ်မျိုး ဖြစ်ပေမယ့် လူ့အ၀တ်လို အဆင်တန်ဆာ မဟုတ်ပါဘူး။ အလှအပ မရှိပါဘူး။ သာယာနှစ်သက်စရာလည်း မဟုတ်ပါဘူး။ အတုမဲ့ သဗ္ဗညုတဥာဏ်ရှင် ဖြစ်တော်မူတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက သင်္ကန်းကို မက်မောစရာ ကင်းအောင် တမင် စီမံတော်မူခဲ့ပါတယ်။ ကောင်းမွန်တဲ့ အ၀တ်စကို အပိုင်းပိုင်းဖြတ်၊ ပြီးမှ ပြန်ချုပ်စပ်၊ ဒီနည်းနဲ့ သင်္ကန်းဖြစ်အောင် စီမံရတာပါ။ အစိတ်စိတ် ဖြတ်တောက်ပြီးမှ ပြန်လည်ဆက်စပ် ချုပ်ဆိုးရတာဆိုတော့ သင်္ကန်းတွေမှာ ချုပ်ရိုးကြောင်း အကွက်အကွက် အစင်းအစင်းတွေ ထင်နေပါတယ်။ ဖြတ်တောက် ချုပ်စပ်တာဟာ နှစ်သက်မှုကင်းအောင် မက်မောမှု မဖြစ်အောင် ရည်ရွယ်တယ်လို့ လေ့လာမှတ်သား ကြည်ညိုရပါတယ်။
နောက်တစ်မျိုးကတော့ သံဃာတော် အရှင်သူမြတ်တွေရဲ့ အနုတ္တရပုညခေတ္တဂုဏ်ကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ သံဃာတော်တွေဟာ လောကသား လူဒကာတွေအတွက် ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်း ဖြစ်ကြပါတယ်။ သံဃာ့ဂုဏ်တော်တွေထဲမှာ “လောကဿ၊ လူအပေါင်း၏။ အနုတ္တရံ၊ အတုမရှိသော။ ပုညခေတ္တံ၊ ကောင်းမူတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏”လို့ လာရှိပါတယ်။ ဒါကြောင့် သင်္ကန်းတွေကို လယ်ကွက်နဲ့တူအောင် လယ်ထဲရေသွင်းတဲ့မြောင်း လယ်ထဲက ရေပြန်ထုတ်တဲ့ မြောင်းတွေနဲ့တူအောင် အ၀တ်စကို အပိုင်းပိုင်းဖြတ်ပြီး အကွက်အကွက် ဖြစ်နေအောင် မြောင်းကလေးတွေလို ဖြစ်နေအောင် စီမံတာလို့ မှတ်သားရပါတယ်။
ရဟန်းတော်တွေ ၀တ်ရုံဆင်မြန်းတဲ့ သင်္ကန်းတော်ဟာ ချုပ်လုပ်မှုပိုင်းမှာ ပုံစံတစ်မျိုးတည်း ဖြစ်ပါတယ်။ အရောင်အသွေးကို ကြည့်မယ်ဆိုရင်လည်း ယေဘုယျအားဖြင့် အတူတူပါပဲ။ အနှစ်သာရအားဖြင့် မထူးခြားပါဘူး။ စာတတ်ပေတတ် ဆရာတော်ကြီးတွေ စာပေကျမ်းဂန် အမျိုးမျိုးညှိပြီး ဘုရားရှင် လက်ထက်တော်က သင်္ကန်းအရောင် ဘယ်လိုရှိမယ်ဆိုတာ မှန်းဆရည်ရော် အတုယူကြပါတယ်။ ဒီတော့ ဆရာတော်ကြီးတွေရဲ့ အယူအဆအရ ဒီနေ့ခေတ်မှာ ရဟန်းသံဃာတွေ ၀တ်ရုံသုံးဆောင်ကြတဲ့ သင်္ကန်းဟာ မသိမသာလေး အရောင်ကွဲပြားမှု ရှိလာပါတယ်။ ကြီးကျယ်တဲ့ ကွဲလွဲမှု မဟုတ်ပါဘူး။ သင်္ကန်းမှာ အညို အ၀ါ အနီ ဘယ်လိုပဲ အရောင်အဆင်း ကွဲပြားနေပေမယ့် သင်္ကန်းရောင်တိုင်းဟာ သဒ္ဓါတရားရှိတဲ့ ဖူးမြင်ရသူ လူဒကာဒကာမတို့အတွက် စိတ်ကို အေးမြစေတဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။
အ၀တ်အထည် အမျိုးမျိုးကို ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုးနဲ့ စိတ်ရူးပေါက်တိုင်း သူ့ထက်ငါ့ အပြိုင် တီထွင်ဝတ်စား ၀ါကြွားကြတဲ့ လူတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ နှိုင်းစာကြည့်မယ်ဆိုရင် ရဟန်းသံဃာတွေရဲ့ အ၀တ်သင်္ကန်းဟာ ရိုးရှင်းပါတယ်။ ပြိုင်ဆိုင်မှု မရှိပါဘူး။ အတ္တ မာနတွေ ကင်းပါတယ်။ ဒီလို အ၀တ်ကို ကျေကျေနပ်နပ် ၀တ်ဆင်နိုင်တဲ့ ရဟန်းသံဃာတော်တွေရဲ့ အသွင်အပြင် ဂုဏ်ရည်ဟာ ကြည်ညိုလေးစားစရာ မဟုတ်ပါလား။
ရဟန်းတော်တွေရဲ့ အသွင်အပြင်ဂုဏ်ရည် နောက်တစ်မျိုးဖြစ်တဲ့ ဦးပြည်းခေါင်းတုံး ရိပ်ထားခြင်း ဆိုတာကလည်း လူသားတွေအတွက် တကယ့်ကို အလုပ်ခက်တဲ့ ကိစ္စပါ။ သာမန်ကြည့်မယ် ဆိုရင်တော့ ခေါင်းတုံးရိပ်ရတာ လွယ်ပါတယ်။ နှစ်မိနစ် သုံးမိနစ်အတွင်း ပြီးနိုင်တဲ့ ကိစ္စပါ။ လက်တွေ့ကျတော့ မလွယ်ပါဘူး။ ဗုဒ္ဓဘာသာဝင် ယောက်ျားလေး တော်တော်များများက ရဟန်းခံဖို့ဆိုရင် ခေါင်းတုံး ရိပ်ရမယ့် ကိစ္စကို အရေးတကြီး ထည့်သွင်း စဉ်းစားတတ်ကြပါတယ်။ တူလေး မောင်လေးတွေကို “နင်တို့ဟယ် . . . ယောက်ျားလေးပဲ၊ ကြုံတုန်းကြိုက်တုန်း ခါကြီးရက်ကြီးများ ပဉ္စင်းလေးဘာလေး တက်ဖို့ စိတ်မကူးကြဘူးလား”ဆိုရင် “ကတုံးမတုံးနိုင်ဘူး”လို့ ပြောတတ်ကြပါတယ်။
လူသားတွေ အတွက်တော့ ခေါင်းပေါ်က ဆံပင်ဟာ အလှအပ အဆင်တန်ဆာ တစ်မျိုးပါပဲ။ ဆံပင်ကိုပဲ ပုံသွင်းကြ ဆေးဆိုးကြနဲ့ လှသည်ထက်လှဖို့ ရှုပ်ယှက်ခတ်အောင် ကြိုးစားနေကြတာပါ။ မိန်းကလေးတွေဆို ပိုဆိုးတာပေါ့။ ပုဂံကတောင်မှ အမျိုးသမီးတွေရဲ့ ဆံပင် ဆင်ယင်ထုံးဖွဲ့ပုံ အမျိုးပေါင်း ငါးဆယ်ကျော်တယ်လို့ ကြားဖူးပါတယ်။ ခုလို လွတ်လပ်ပွင့်လင်း တိုးတက်ပါတယ်ဆိုတဲ့ ခေတ်မှာတော့ အမျိုးသမီးတွေရဲ့ ဆံပင်ပုံစံကို စာရင်းပြုစု ကြည့်မယ်ဆိုရင် ရာချီ ထောင်ချီ ရှိမှာပေါ့။ ကမ္ဘာနဲ့အ၀ှန်း ဆိုရင် သောင်းကျော်များတောင် ရှိလေမလား မသိပါဘူး။ လူဒကာဒကာမတွေ အထူးသဖြင့် မိန်းကလေးတွေပေါ့ ကိုယ့်ခေါင်းပေါ်က ဆံပင်ကို သည်းသည်းလှုပ် ဖြစ်နေကြချိန်မှာ ဆံပင်အပေါ် ကြောင့်ကြစိုက်ပြီး သာယာမှု မရှာဘဲ ဦးပြည်းကတုံး ရိပ်တော်မူကြတဲ့ သံဃာတော်တွေရဲ့ အသွင်အပြင် ဂုဏ်ရည်ဟာလည်း ကြည်ညို လေးစားစရာပဲ မဟုတ်ပါလား။
ရဟန်းတော်တွေရဲ့ ဒီ အသွင်အပြင် ဂုဏ်ရည်နှစ်မျိုးဟာ ဘုရားရှင် အဆူဆူတို့ရဲ့ အစဉ်အလာ ဂုဏ်ရည်လည်း ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များနဲ့ အရှင်မဟာကဿပ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် စတဲ့ ရဟန္တာ အရှင်မြတ်များရဲ့ အမွေအနှစ်လည်း ဟုတ်ပါတယ်။
ရဟန်းတော်တွေ ဆင်မြန်းတဲ့ သင်္ကန်းဟာ ဘုရားရှင် အဆူဆူတို့နဲ့ ပစ္စေကဗုဒ္ဓါ ရဟန္တာ အဆက်ဆက်တို့ ၀တ်ရုံလေ့ရှိတဲ့ သူတော်ကောင်းအ၀တ် ဖြစ်ပါတယ်။ ပွင့်တော်မူခဲ့ကြတဲ့ ဘယ်ဘုရားရှင်ပဲ ဖြစ်ဖြစ် ဘယ်ပစ္စေကဗုဒ္ဓါ ဘယ်ရဟန္တာမဆို ဒီလို သင်္ကန်းချည်းပဲ ၀တ်ရုံ သုံးဆောင်တော်မူခဲ့ကြ ပါတယ်။ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူခဲ့ကြတဲ့ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ အရှင်တိုင်းဟာလည်း ဆံတော်ကို ပယ်စွန့်ပြီး ဦးပြည်းကတုံး အဖြစ်နဲ့ နေသွားတော် မူခဲ့ကြပါတယ်။
ရဟန်းတော် အရှင်မြတ်တွေရဲ့ အသွင်အပြင် ဂုဏ်ရည်ဟာ သာသနာတော်မှာ အလွန် အရေးကြီးပါတယ်။ သစ်ပင် တစ်ပင်မှာဆိုရင် အခေါက် အကာ အပွေးရှိမှ အနှစ် တည်ပါတယ်။ သာသနာတော်မှာလည်း ဒီသဘောပါပဲ။ ရဟန်းတော်တွေရဲ့ အသွင်အပြင် ဂုဏ်ရည် မရှိဘဲ မဂ်အဆင့် ဖိုလ်အဆင့် နိဗ္ဗာန်အဆင့်ဆိုတဲ့ အနှစ်သာရ ရှိမလာနိုင်ပါဘူး။ ဒီနေရာမှာ ခေါင်းတုံးရိပ် သင်္ကန်းဝတ်ပြီး ရဟန်းပြုမှ မဂ်ဖိုလ်နိဗ္ဗာန် ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကိုယ်တိုင် တောထွက် ဆံတော်ပယ် သင်္ကန်းဝတ် ရဟန်းပြုပြီးမှ သစ္စာတရား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသွင်အကာ ရှိပြီးမှ အနှစ်သာရ ရခဲ့တာကို သတိရဖို့ပါ။
ဘုရားရှင်ရဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီးဆိုရင် လူဝတ်ကြောင်နဲ့ ရာဇာပလ္လင်ထက် ထီးဖြူအောက်မှာ ရဟန္တာ ဖြစ်ခဲ့ပေမယ့် ရဟန်းဖြစ်နိုင်တဲ့ အထုံပါရမီ မရှိခဲ့တဲ့ အတွက်ကြောင့် မကြာခင်မှာ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ရပါတယ်။ ဘုရင်မင်းမြတ် ဖြစ်နေတာတောင်မှ အောက်တန်းကျတဲ့ လူအသွင်ဟာ အဆင့်မြင့်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ် ဂုဏ်ကို မခံယူနိုင်ပါဘူး။ ရဟန္တာ မှန်သမျှဟာ ဖန်ဝါသင်္ကန်း ဆင်မြန်းခြင်း နဲ့ ဦးပြည်းခေါင်းတုံး ရိပ်ခြင်းဆိုတဲ့ အသွင်အပြင်ဂုဏ်ရည် ရှိရပါတယ်။ ရဟန်းဖြစ်ရပါတယ်။ ရဟန္တာ မှန်သမျှ ရဟန်းချည်းပဲ ဖြစ်ပါတယ်။ လူသားရဟန္တာရယ်လို့ ခုနစ်ရက်ထက်ပိုပြီး မတည်ရှိနိုင်ပါဘူး။
ဒီလို အဖိုးတန် မြင့်မြတ်တဲ့ ဘုရားသားတော် ရဟန်းသံဃာများရဲ့ အသွင်အပြင် ဂုဏ်ရည်က တစ်ဆင့် ကောင်းမြတ်သော အကျင့် သုပ္ပဋိပ္ပန္န၊ ဖြောင့်မတ်သော အကျင့် ဥဇုပ္ပဋိပ္ပန္န အစရှိတဲ့ အနှစ်သာရဂုဏ်၊ သီလ သမာဓိ ပညာ အရည်အချင်းများကို ကြံစည်အောက်မေ့ လေးစားအားကျ ကြည်ညို ဦးခိုက်နိုင်ကြပါစေ။
ဓမ္မ၀ိဟာရီ
လူ့သဘာဝဆိုတာ ကိုယ့်ထက်သာမှ အားကျ လေးစားပါတယ်။ ကိုယ့်မှာ မရှိတဲ့ ဂုဏ် အရည်အချင်းတွေ ရှိနေမှ ကိုယ်မလုပ်နိုင်တာတွေ လုပ်ပြနိုင်မှ လေးစားလောက်သူလို့ ဂုဏ်ပြု ဦးခိုက်ကြပါတယ်။
ReplyDeleteဟုတ်တယ် နော။
ReplyDelete