နိဗ္ဗာန် ဘယ်မှာ ရှိသနည်း
မိလန္ဒပဥှာ ပါဠိတော်၌ မေးအပ်သော မေးခွန်းကို အရှင် နာဂသေနသည် ဤသို့ ဖြေကြားတော်မူ၏။
“အရှေ့အရပ်၌ ဖြစ်စေ၊ တောင်အရပ်၌ ဖြစ်စေ၊ အနောက်အရပ်၌ ဖြစ်စေ၊ မြောက်အရပ်၌ ဖြစ်စေ၊ အထက်အရပ်၌ ဖြစ်စေ၊ အောက်အရပ်၌ ဖြစ်စေ၊ ဖီလာအရပ်၌ ဖြစ်စေ အကြင်အရပ်၌ နိဗ္ဗာန်သည် အမြဲ စွဲတည်နေ၏။ ထို နိဗ္ဗာန် တည်ရာ အရပ်မည်သည် မရှိ။ နိဗ္ဗာန်ကား ရှိသည်သာတည်း။ သီလ၌ တည်လျက် သင့်လျော်သောအားဖြင့် နှလုံးသွင်းသော် သက္ကတိုင်း ယွန်းတိုင်း၌ ဖြစ်စေ၊ စိန့်တိုင်း၌ ဖြစ်စေ၊ အလသန္ဒ အရပ်၌ ဖြစ်စေ၊ ကောသလတိုင်း၌ ဖြစ်စေ၊ တည်နေလျက် ကောင်းစွာ ကျင့်သောသူသည် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။”
“မီး၏ အမြဲအစွဲ တည်နေရာ အရပ်ဟူ၍ မရှိ။ လိုအပ်သည့် အခြေအနေ အကြောင်းတရားတို့ ပြည့်စုံသောအခါ မီးသည် ဖြစ်ပေါ်လာ၏။ ဤ အတူသာလျှင် နိဗ္ဗာန်၏ အမြဲအစွဲ တည်နေရာ အရပ်ဟူ၍ မရှိ။ အခြေအနေ အကြောင်းတရားတို့ ပြည့်စုံသောအခါ နိဗ္ဗာန်ကို မျက်မှောက်ပြု၏။”
ရောဟိတဿသုတ်၌ ဤသို့ ဘုရားရှင် ဟောတော်မူ၏ -
“သညာလည်းရှိ စိတ်လည်းရှိသော တစ်လံမျှလောက်သော ဤ ခန္ဓာကိုယ်၌ လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ လောက၏ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ငါ ပညတ်တော်မူ၏။”
ဤ၌ လောကဟူသည်မှာ ဒုက္ခသစ္စာကို ဆိုလို၏။ ထို့ကြောင့် လောက၏ ချုပ်ရာ ဟူသည်မှာ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဆိုလို၏။
တစ်ဦးတစ်ယောက်၏ နိဗ္ဗာန်သည် တစ်လံမျှလောက်သော ဤခန္ဓာကို မှီတည်နေ၏။ နိဗ္ဗာန်သည် ဖန်ဆင်း၍ ထားအပ်သည့် အရာလည်း မဟုတ်။ ဖန်ဆင်းရမည့် အရာလည်း မဟုတ်ပေ။
ဖွဲ့စည်းမှု (အာပေါ)၊ ခက်မာမှု (ပထ၀ီ)၊ ရင်ကျက်မှု (တေဇော) နှင့် ထောက်ကန်မှု (၀ါယော)ဟူသော ဓာတ်လေးပါးတို့ မတည်ရှိနိုင်သည့် နေရာ၌ နိဗ္ဗာန် ရှိ၏။
သံယုတ္တနိကာယ်၌ နိဗ္ဗာန်ကို ရည်ညွှန်း၍ -
“ဖွဲ့စည်းမှု 'အာပေါ'ဓာတ်သည်လည်းကောင်း၊ ခက်မာမှု 'ပထ၀ီ'ဓာတ်သည်လည်းကောင်း၊ ရင့်ကျက်မှု 'တေဇော'ဓာတ်သည်လည်းကောင်း၊ ထောက်ကန်မှု '၀ါယော'ဓာတ်သည်လည်းကောင်း မတည်နိုင်သည့် အရပ်ဒေသ”ဟု ဟောတော်မူ၏။
ဥဒါန်းပါဠိတော်၌ -
“ရဟန်းတို့ လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဉ်၏ စီးဝင်ခြင်း၊ ကောင်းကင်မှ မိုးရေအလျဉ် ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၏ ယုတ်လျော့မှု ပြည့်လျှံမှု မထင်ရှားသကဲ့သို့ ဤအတူသာလျှင် များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်းကျန်သော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ပြုကုန်၏။ ယင်းပရိနိဗ္ဗာန်ပြုခြင်းကြောင့် နိဗ္ဗာန်၌ ယုတ်လျော့မှု ပြည့်လျှံမှု မထင်ရှား”ဟု ဘုရားရှင် မိန့်တော်မူ၏။
ထို့ကြောင့် နိဗ္ဗာန်သည် လွန်ကဲထူးမြတ်သော အတ္တ၏ ပျော်စံရာ ဘုံဌာန မဟုတ်။ ကျွန်ုပ်တို့အားလုံး ရရှိနိုင်သော ဓမ္မတစ်ခု (အောင်မြင်ပြီးမြောက်မှုတစ်ခု)သာ ဖြစ်ပေသည်။
လူတို့ တောင့်တအပ်သည့် နှစ်သက်ဖွယ် အမျိုးမျိုးကို ပေးစွမ်းနိုင်သော၊ ချမ်းသာသုခကို အလိုရှိသလောက် ခံစားနိုင်သည့် နေရာဖြစ်သော ထာဝရ သုခဘုံ ဟူသည်မှာ ကြံစည်မှန်းဆ၍ မရနိုင်လောက်သော အရာ ဖြစ်၏။ ထိုသို့သော ဘုံဌာန တစ်ခု ထာဝရ တည်ရှိနေသည်ဟု ကြံစည်စိတ်ကူးရန် လုံးဝ မဖြစ်နိုင်ပေ။
မိလိန္ဒမင်းကြီးသည် နိဗ္ဗာန်၏ အမြဲအစွဲ တည်နေရာ အရပ်မည်သည် မရှိဟု လက်ခံ၍ “အကြင် အရပ်၌ တည်လျက် ကောင်းစွာ ကျင့်သောသူသည် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ထို အရပ်သည် ရှိပါသလော”ဟု အရှင် နာဂသေနကို မေးလျှောက်၏။
“မင်းကြီး မှန်ပေ၏။ ထိုသို့သော အရပ်သည် ရှိ၏။”
“အရှင်ဘုရား နာဂသေန ထိုအရပ်သည် အဘယ်အရပ်ပါနည်း။”
“မင်းမြတ် ထိုတည်ရာကား သီလတည်း။ သီလ၌ တည်လျက် သင့်လျော်သောအားဖြင့် နှလုံးသွင်းလတ်သော်၊ သက္ကတိုင်း ယွန်းတိုင်း၌ ဖြစ်စေ၊ စိန့်တိုင်း ၀ိလာတတိုင်း၌ ဖြစ်စေ၊ အလသန္ဒအရပ်၌ ဖြစ်စေ၊ နိဂုမ္ဗအရပ်၌ ဖြစ်စေ၊ ဗာရာဏသီ၌ ဖြစ်စေ၊ ကောသလတိုင်း၌ ဖြစ်စေ၊ ကသ္မီရတိုင်း၌ ဖြစ်စေ၊ ဂန္ဓာရတိုင်း၌ ဖြစ်စေ၊ တောင်ထိပ်၌ ဖြစ်စေ၊ ဗြဟ္မပြည်၌ ဖြစ်စေ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ တည်လျက် ကောင်းစွာ ကျင့်သောသူသည် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။”
နိဗ္ဗာန်သို့ ဆိုက်ရောက်သည့် အရာကား အဘယ်နည်း
ဤ အမေးကို မလျောက်ပတ်သော အမေးအဖြစ် ပယ်မြစ်အပ်၏။ အဘယ့်ကြောင့်ဆိုသော် ထာဝရ တည်မြဲသော အရာ သို့မဟုတ် မပျက်စီးနိုင်သော အတ္တ၀ိဥာဉ်ကို ဗုဒ္ဓဘာသာက ငြင်းပယ်ထားသောကြောင့် ဖြစ်၏။
ဝိဥာဉ်ကောင်၏ အထည်ဝတ်ရုံအဖြစ် ပြောဆိုသံ ကြားရလေ့ရှိသော၊ ပုဂ္ဂိုလ် သတ္တ၀ါဟု ခေါ်ဆိုအပ်သော အရာကား သင်္ခါရ အစုအဝေးသာ ဖြစ်၏။
“ရထား၏ အင်္ဂါ အစိတ်အပိုင်းတို့ ကောင်းစွာ ပေါင်းစုမိသောကြောင့် 'ရထား'ဟု (စိတ်၌)ဖြစ်ပေါ်လာသကဲ့သို့ ထို့အတူ ခန္ဓာငါးပါးတို့ ထင်းရှားကုန်လတ်သော် 'သတ္တ၀ါ'ဟူ၍ သမုတ်ခြင်း ဖြစ်ပေါ်လာ၏”ဟု ၀ဇိရာမည်သော ရဟန္တာ ဘိက္ခုနီမ မိန့်မြွက်တော်မူ၏။
ဗုဒ္ဓဘာသာ အလိုအရ ခေါ်ဝေါ်ပညတ် သမုတ်အပ်သော သတ္တ၀ါဟူသည် ဖြုတ်ခြည်းရုတ်ခြည်း အစဉ်ပြောင်းလဲနေသော ရုပ်နာမ်ဖွဲ့စည်းမှုသာ ဖြစ်၏။ ပါဝင် ဖွဲ့စည်းနေသည့် ရုပ်နှင့်နာမ်မှတစ်ပါး ထာဝရ၀ိဥာဉ်ကောင် သို့မဟုတ် မပြောင်းမလဲ တည်မြဲသော အရာ ဟူ၍ မရှိပေ။ သမုတ်အပ်သော “ငါ”ဟူသည်မှာလည်း အထင်မှားမှုသာ ဖြစ်၏။
ထာဝရ ၀ိဥာဉ်ကောင် သို့မဟုတ် ထင်ရှားမရှိသည့် “ငါ”၏ နေရာ၌ အ၀ိဇ္ဇာ နှင့် တဏှာ လောင်စာ ထည့်ပေးနေသမျှ ကာလပတ်လုံး မပြီးမဆုံး တည်ရှိနေမည့် ဘ၀အလျဉ် စီးဆင်းမှုအား (သန္တတိ)ကို အရှိအမှန် အဖြစ် သတ်မှတ် ပညတ်၏။ သတ္တ၀ါ တစ်ဦးတစ်ယောက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခြင်းဖြင့် ဤ ၀ဋ်မြစ် နှစ်ပါးကို သုတ်သင်လိုက်သောအခါ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သော သတ္တ၀ါ၏ ဘ၀အဆုံး၌ ရုပ်နာမ်အစဉ်လည်း ရပ်စဲချုပ်ငြိမ်း၏။
ရဟန္တာ သူမြတ် ပရိနိဗ္ဗာန် ၀င်စံသည်၊ သို့မဟုတ် နိဗ္ဗာန် ၀င်စံသည်ဟု လောကဝေါဟာဖြင့် ပြောဆို၏။
နိဗ္ဗာန်သည် “လက်ငင်းဒိဋ္ဌ ခံစားအပ်သော တရား” ဖြစ်၏။ ထာဝရ အတ္တလည်း မရှိ။ ပုဂ္ဂိုလ် သတ္တ၀ါလည်း မရှိပေ။ နိဗ္ဗာန်၌ “ငါ” သို့မဟုတ် ၀ိဥာဉ်ကောင် (အတ္တ)ဟူ၍ မရှိနိုင်ကြောင်း ဖော်ပြနေစရာ မလိုတော့ပေ။
ဝိသုဒ္ဓိမဂ်၌ -
“ဒုက္ခသာ ရှိ၏၊ ဒုက္ခကို ခံစားသူ မရှိ။
အမှု အမူအရာသာ ရှိ၏၊ ပြုလုပ်သူ မရှိ။
နိဗ္ဗာန်သာ ရှိ၏၊ နိဗ္ဗာန် ၀င်စံသူ မရှိ။
အကျင့်လမ်းသာ ရှိ၏၊ ကျင့်သုံး လျှောက်လှမ်းသူ မရှိ”ဟု ဖော်ပြထား၏။
ဗုဒ္ဓဘာသာ နိဗ္ဗာန် အယူအဆနှင့် ဟိန္ဒူ နိဗ္ဗာန် အယူအဆ သို့မဟုတ် မုတ္တိ အယူအဆတို့၏ အဓိက ကွဲလွဲချက်မှာ ဗုဒ္ဓဘာသာတို့က ၎င်းတို့၏ ပန်းတိုင် နိဗ္ဗာန်၌ ထာဝရ ၀ိဥာဉ်နှင့် ဖန်ဆင်းရှင် မရှိဟု ယူဆပြီး ဟိန္ဒူတို့က ထာဝရ၀ိဥာဉ်နှင့် ဖန်ဆင်းရှင်ကို ယုံကြည်ခြင်း ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာကို သဿတ၀ါဒဟုလည်း မဆိုအပ်။ ဥစ္ဆေဒ၀ါဒဟုလည်း မဆိုအပ်ပေ။
နိဗ္ဗာန်၌ ထာဝရတည်သည့် အရာလည်း မရှိ။ ထာဝရ ပြတ်စဲစရာလည်း မရှိပေ။
“နိဗ္ဗာန်ဆိုတာ သေပြတ်ခြင်းလို့ သင်ပေးသူရှိရင်၊
ပြောလိုက် သူတို့ ညာနေတယ်။
နိဗ္ဗာန်ဆိုတာ ရှင်သန်ခြင်းလို့ သင်ပေးသူရှိရင်၊
ပြောလိုက် သူတို့မှားတယ်။”ဟု Sir Edwin Arnol ဖွဲ့ဆို၏။
ဘုရားရှင်၏ တရားတော်များ၌ နိဗ္ဗာန်ကိစ္စမှာ အခက်ခဲဆုံး ဖြစ်သည်ဆိုသော အချက်ကို ၀န်ခံရပေမည်။ မည်သို့ပင် ကြံဆသော်လည်း နိဗ္ဗာန်၏ သဘောမှန်ကို နားလည်နိုင်မည် မဟုတ်ပေ။ နိဗ္ဗာန်ကို နားလည်နိုင်ရေး အကောင်းဆုံးသော နည်းလမ်းမှာ ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်းသိမြင်အောင် ကြိုးစား အားထုတ်ခြင်းသာ ဖြစ်၏။
နိဗ္ဗာန်ကို ပသာဒ ငါးမျိုးဖြင့် မသိမြင် မခံစားနိုင်ပေ။ နိဗ္ဗာန်သည် သာမန်လူတို့ ပတ်သက်နိုင်သမျှ အတိုင်းအတာအတွင်း၌ မရှင်းမလင်း ဖြစ်နေ၏။ သို့သော် နိဗ္ဗာန်သို့ တိုက်ရိုက်ရောက်နိုင်သည့် အကျင့်နည်းလမ်းကို ဘုရားရှင် ဟောတော်မူခဲ့၏။ လိုအပ်သမျှ အသေးစိတ် ရှင်းလင်းချက်များ ပါဝင်ပြီး လူသားအားလုံး ကျင့်သုံးနိုင်သော နည်းလမ်းဖြစ်၏။ ပန်းတိုင်သည် အုံ့ဆိုင်းေ၀၀ါး နေသော်လည်း အောင်မြင်ပြီးမြောက် ပန်းတိုင်ရောက်မည့် နည်းလမ်းမှာ ပြည့်စုံ ရှင်းလင်း၏။ အောင်မြင် ပြီးမြောက်သည့် အခါ၌ ထို ပန်းတိုင်သည် တိမ်ကင်းစင်သည့် လကဲ့သို့ ကြည်လင် ပြတ်သားလေ၏။
နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
အာလုံး ပြီးပါပြီ။
No comments:
Post a Comment