( . . . . . မှ အဆက် )
လူ့စိတ်ရဲ့
ရှုပ်ထွေးမှုအကြောင်း ပြောတဲ့အခါ စဉ်းစားနိုင်စွမ်း၊
သုံးသပ်နိုင်စွမ်းအကြောင်းကိုပဲ ထည့်သွင်း စဉ်းစားတာ မဟုတ်ပါဘူး။ စိတ်နဲ့ခံစား
တွေ့ကြုံရတာတွေ အကုန်လုံးကို ဆိုလိုတာပါ။ အတွေးတွေ၊
စိတ်ကူးပုံရိပ်တွေ၊ မှတ်သားမှုတွေ၊ စိတ်ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။
တိဗက်မှာတော့ sen နဲ့ shepa လို့ ခေါ်ပါတယ်။ အသိစိတ်နဲ့
ဝိထိစဉ်ပေါ့။ စိတ်ရဲ့ လုပ်ဆောင်မှုတွေကိုပဲ ရည်ရွယ်တာ မဟုတ်ပါဘူး။ အဇ္စ◌ျတ္တ သဘောတရားတွေ
အားလုံးကို ဆိုလိုတာပါ။ စိတ်ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။
နှလုံးသားကိစ္စလို့လည်း ခေါ်ပါတယ်။
လွန်ခဲ့တဲ့
နှစ်အနည်းငယ်တုန်းက အနောက်တိုင်းက သိပ္ပံပညာရှင်တွေဟာ ကာလရှည်ကြာ
တရားအားထုတ်ထားတဲ့ တိဗက်ယောဂီတွေကို စမ်းသပ်တာတွေ လုပ်ခဲ့ကြတယ်။ ဘာဝနာ လုပ်ငန်းက
ခန္ဓာကိုယ် အပေါ်မှာ ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာ သိရအောင် စမ်းသပ်ကြတာပါ။
တစ်ချိန်မှာတော့ သိပ္ပံပညာရှင်တွေဟာ ဓရမ်ဆလာက နမ်ဂျဲကျောင်း (Namgyal monastery, Dharamsala)မှာ သီတင်းသုံးကြတဲ့ ရဟန်းတွေကို ဖိတ်ပြီး သူတို့ရဲ့ စမ်းသပ်မှုအကြောင်း
ဟောပြောပွဲ လုပ်သတဲ့။ သူတို့ စမ်းသပ်တဲ့ နည်းလမ်းကို
သရုပ်ဖော်ဖို့အတွက် သိပ္ပံပညာရှင် တစ်ယောက်က ခေါင်းမှာ အုပ်ဆောင်းအဖြူကြီး
စွပ်ထားသတဲ့။ ဝိုင်ယာကြိုးတွေ၊ လျှပ်ကူးတွေနဲ့ ရှုပ်ယှက်ခတ်နေတာပေါ့။ သူ့ကို
မြင်တော့ ရဟန်းတစ်ချို့က ရယ်ကြသတဲ့။ ခေါင်းမှာ ဝိုင်ယာကြိုးတွေ တပ်ထားတော့
ကိုးရို့ကားယားဖြစ်နေတော့ အမြင်ဆန်းလို့ ရယ်ကြတာလို့ သိပ္ပံပညာရှင်တွေက ထင်ကြသတဲ့။
တကယ်တော့ ဝိုင်ယာကြိုးတွေကို ခေါင်းနဲ့ပဲ ဆက်သွယ်ထားပြီး တစ်ခြားခန္ဓာကိုယ်
ဘယ်နေရာနဲ့မှ ဆက်သွယ်မထားလို့ အံ့ဩပြီး ရယ်ကြတာတဲ့။ မေတ္တာလို၊ ကရုဏာလို
အရည်အသွေးတွေကို တိုင်းတာဖို့အတွက် နှလုံးသားလို နေရာမျိုးနဲ့လည်း ဝိုင်ယာကြိုးတွေ
သွယ်ထားမယ်လို့ ရဟန်းတွေက ထင်ထားကြတာကိုး။ ဒီနေ့ခေတ်မှာတော့ ဘာဝနာရဲ့
သက်ရောက်မှုကို နားလည်ဖို့အတွက် နှလုံးသားမှာရှိတဲ့
ပြောင်းလဲလှုပ်ရှားမှုတွေကိုလည်း သိပ္ပံပညာရှင်တွေ တိုင်းတာနေကြပါပြီ။
လူတွေရဲ့စိတ်ဟာ
တစ်ခြားသတ္တဝါတွေရဲ့ စိတ်နဲ့ မတူပါဘူး။ အရေးကြီးတဲ့ နေရာတွေမှာ ခြားနားချက်တွေ
ရှိပါတယ်။ မှတ်မိတဲ့နေရာ၊ မှန်းဆတဲ့နေရာတွေမှာ လူတွေရဲ့ စွမ်းရည်က ထက်မြက်ပါတယ်။
ဒါ့ကြောင့် ကျုပ်တို့ လူသားတွေဟာ အတိတ်အကြောင်းကို စဉ်းစားသုံးသပ်နိုင်ကြပါတယ်။
အနာဂတ် အတွက်လည်း ကြိုတင်စီစဉ်နိုင်ကြပါတယ်။ လူတွေမှာ စိတ်ကူးပုံဖော်နိုင်စွမ်းလည်း
မြင့်မားကြပါတယ်။ ဒီစွမ်းရည် ကောင်းကောင်းကြီး ဖွံ့ဖြိုးလာတဲ့အတွက် ဘာသာစကားကို
အသုံးပြုပြီး ဆက်သွယ်လာနိုင်ကြပါတယ်။ ဆီလျော်အောင် တွေးဆတတ်လာကြပါတယ်။ အခြေအနေ
အမျိုးမျိုးကို အကဲဖြတ်ပြီး နှိုင်းယှဉ်တွက်ဆနိုင်ကြတဲ့ စွမ်းရည်ပါ။ ဒီစွမ်းရည်မျိုးတွေ
တစ်ချို့ တိရစ္ဆာန်တွေမှာလည်း အနည်းငယ်တော့ ရှိတတ်ပါတယ်။ လူတွေကတော့ အများကြီး
ပိုပြီး တိုးတက်တာပေါ့။
လူတွေရဲ့
အရေးကြီးတဲ့ အရည်အသွေး နောက်တစ်ခုက စာနာနားလည်ပေးတတ်တာပါ။ သူတစ်ပါးရဲ့
စိတ်ခံစားချက်ကို နားလည်ခံစားပေးတတ်တာပါ။ တစ်ချို့ တိရစ္ဆာန်တွေလည်း စာနာနားလည်မှုကို
ပြတတ်ကြပါတယ်။ ဒါပေမယ့် စာနာနားလည်မှုဟာ လူသားတွေရဲ့ အရေးကြီးတဲ့ စရိုက်လက္ခဏာပါ။
လူကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တီဗီဖန်သားပြင်ပေါ်မှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်
ဒုက္ခရောက်နေတာ မြင်ရရင် ကျုပ်တို့က အလိုလိုနေရင်း သူ့ရဲ့ ဆင်းရဲဒုက္ခကို
ခံစားမိပြီး ကူညီချင်တတ်ကြပါတယ်။ အလားတူပါပဲ တစ်ယောက်ယောက် အောင်မြင်တာကို
မြင်ရင်လည်း ပျော်ရွှင်တတ်ကြပါတယ်။ ဒီလို
စာနာနားလည်စိတ်နဲ့ ခံစားတတ်ကြတဲ့ အတွက်ကြောင့် ရုပ်ရှင်ကြည့်ရတာ၊
အားကစားပွဲကြည့်ရတာ၊ ပြဇာတ်ကြည့်ရတာတွေကို နှစ်ခြိုက်သဘောကျကြတာ ဖြစ်ပါတယ်။
ကျုပ်တို့ လူသားတွေဟာ သူတစ်ပါးရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို
ကိုယ့်ရဲ့အပျော် ကိုယ့်ရဲ့ဝမ်းနည်းခြင်းလို သဘောထားပြီး မျှဝေခံစားချင်ကြပါတယ်။
သူတစ်ပါး
ခံစားသလို ခံစားချင်ကြတာဟာ လူသားတွေရဲ့ သဘာဝပါ။ ဒီလို ခံစားမှုမျိုး ရရှိအောင်
ပတ်ဝန်းကျင်မှာ လိုက်ရှာတတ်ကြပါတယ်။ ကလေးတွေကို ပြုံးပြလိုက်တဲ့အခါ၊
လက်ဆောင်တစ်ခုခု ပေးလိုက်တဲ့အခါ၊ ပုံပြင်တစ်ခုခု ပြောပြလိုက်တဲ့အခါ ကလေးတွေ
ပြုံးပျော်ရင် ကျုပ်တို့လည်း ပျော်ကြတာပေါ့။ ကျုပ်တို့ နှစ်သက်သဘောကျရသူတွေ
ပြုံးပျော်တာကို မြင်ချင်ကြပါတယ်။ လူတွေ ပြုံးပျော်နေတာကိုပဲ မြင်ချင်ကြပါတယ်။
ဝမ်းနည်းကြေကွဲနေတာကို မမြင်ချင်ကြပါဘူး။
ကျုပ်တို့
လူသားတွေဟာ အချင်းချင်း ပေါင်းသင်းဆက်ဆံကြတဲ့ လူမှုရေးသတ္တဝါတွေ ဖြစ်ကြတဲ့
အတွက်ကြောင့် ကျုပ်တို့ရဲ့ စာနာနားလည်နိုင်စွမ်းဟာ ကျုပ်တို့ကို သူတစ်ပါးနဲ့
ဆက်စပ်မိအောင် လုပ်ပေးပါတယ်။ ပျော်ရွှင်ချမ်းမြေ့ကြဖို့
တိုးတက်ကြီးပွားကြဖို့အတွက် အရေးပါတဲ့ အချက်ပါပဲ။
(ဆက်ရန် . . . . . )
အနှစ်ချုပ် မြန်မာပြန်
BEYOND RELIGION
Ethics for a Whole World
His
Holiness the Dalai Lama