ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ -
သူတစ်ပါးအပေါ် ဆက်ဆံပုံ၊ ပတ်ဝန်းကျင် ကမ္ဘာအပေါ် ဆက်ဆံပုံတွေဟာ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံအပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျုပ်တို့တတွေ ငါဘာကောင်လဲလို့ စဉ်းစားရာမှာ စဉ်းစားပုံတွေ အမျိုးမျိုး ရှိကြပါတယ်။ ဒီ စဉ်းစားချက်ဟာ အပြုအမူအပေါ် သက်ရောက်မှု ရှိပါတယ်။ ဥပမာအားဖြင့် ကိုယ့်ကိုယ်ကို ယောက်ျားတစ်ယောက်၊ ဒါမှမဟုတ် မိန်းမတစ်ယောက် အဖြစ် စဉ်းစားနိုင်ပါတယ်။ ဘာသာတရား တစ်ခုခုကို လက်ခံယုံကြည်သူ၊ လူမျိုးစု တစ်ခုထဲက လူမျိုးတစ်ယောက် အဖြစ်လည်း စဉ်းစားနိုင်ပါတယ်။ မိသားစုထဲက အခန်းကဏ္ဍ၊ အလုပ်အကိုင်၊ ပညာရေး၊ အောင်မြင်ပြီးမြောက်မှုတို့အပေါ် မူတည်ပြီးတော့လည်း ကိုယ့်ကိုယ်ကို သတ်မှတ်နိုင်ပါတယ်။ ဒီလို ကွဲပြားတဲ့ အမြင်တွေဟာ သူတစ်ပါးအပေါ် ဘယ်လို ဆက်ဆံတယ်ဆိုတဲ့ အပြုအမူကို ပုံဖော်ပေးပါတယ်။
လူတိုင်းမှာ ထူးခြားတဲ့ ကိုယ်ပိုင် လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် အားလုံး လက်ခံနိုင်တဲ့ လူ့ကျင့်ဝတ်ဆီ ချဉ်းကပ်ရာမှာ ကျုပ်တို့အားလုံး လူသားချင်း အတူတူပဲဆိုတဲ့ အချက်က ကျုပ်တို့အားလုံး တစ်သားတည်း ဖြစ်သွားအောင် စည်းရုံးပေးပါတယ်။ ကျုပ်တို့ဟာ သန်းခုနစ်ထောင်သော လူသားတွေပါ။ ဒီနည်းအားဖြင့် ကျုပ်တို့အားလုံး အတူတူတွေပါ။
ကြည့်လိုက်ကြရအောင်။ ဘာကြောင့် လူခေါ်တာလဲ။ ပထမဆုံး . . . အရိုးတွေ၊ ကြွက်သားတွေ၊ သွေးတွေ၊ မော်လီကျူးတွေ၊ အက်တန်တွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ခန္ဓာကို လူလို့ ခေါ်တာပါ။ အခြေခံ အဆင့်မှာ လူဖြစ်စေတဲ့ ရုပ်ဝတ္ထုနဲ့ ကြောက်တုံးကြောက်သား ဖြစ်စေတဲ့ ရုပ်ဝတ္ထုတို့ဟာ မထူးခြားပါဘူး။ နှစ်ခုလုံးက ရုပ်ဝတ္ထု အမှုန်အမွှားလေးတွေနဲ့ တည်ဆောက်ထားတာကိုး။ စကြဝဠာထဲက ရုပ်ဝတ္ထု အားလုံးဟာ မပြီးနိုင်မဆုံးနိုင်အောင် လှည့်ပတ် ဖွဲ့တည်နေတယ်လို့ ခေတ်သစ်သိပ္ပံက ပြောပါတယ်။ ကျုပ်တို့ ရုပ်ခန္ဓာထဲက အက်တန်တွေဟာ တစ်ချိန်က ကြယ်တွေဆီမှာ ရှိခဲ့ကြတယ်လို့ ယုံကြည်တဲ့ သိပ္ပညာရှင်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် လူတွေဟာ ကြောက်တုံးကြောက်သားနဲ့ မတူပါဘူး။ ကျုပ်တို့ လူတွေဟာ မွေးဖွားကြတယ်၊ ကြီးထွားကြတယ်၊ သေဆုံးကြတယ်။ သစ်ပင်တွေ၊ တိရစ္ဆာန်တွေလိုပေါ့။ သစ်ပင်တွေနဲ့ မတူတာက . . . ကျုပ်တို့မှာ အသိစိတ် ရှိပါတယ်။ ကျုပ်တို့က သုခ ဒုက္ခတွေ ခံစားကြတယ်၊ ပတ်ဝန်းကို သိမှတ်နားလည်ကြတယ်။ ကျုပ်တို့ဟာ သက်ရှိသတ္တဝါတွေပါ။
တစ်ခါတုန်းက ကျုပ်မိတ်ဆွေ အာရုံကြော ဇီဝဗေဒ သိပ္ပံပညာရှင် Francisco Varela နဲ့ စကားပြောဖြစ်တယ်။ သစ်ပင်တွေနဲ့ သက်ရှိသတ္တဝါတွေ ဘာထူးသလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြောကြတာပါ။ သက်ရှိသတ္တဝါတွေဟာ ရွေ့လျားလှုပ်ရှားနိုင်တယ်၊ အန္တရာယ်ကို ရင်ဆိုင်ရပ်တည်နိုင်တယ်၊ အစာရှာနိုင်တယ်လို့ သူက ဆိုပါတယ်။ သက်ရှိသတ္တဝါတွေဟာ သုခ ဒုက္ခတွေ ခံစားနိုင်တယ်၊ ခံစားမှုတွေအပေါ် တုံ့ပြန်နိုင်တယ်လို့ သူ့ ဖွင့်ဆိုချက်က ဆိုလိုတာပေါ့။ နားလည်သိမှတ်နိုင်တဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး တုံ့ပြန်နိုင်တဲ့ စွမ်းရည်ကို စိတ်လို့ ခေါ်တာပါ။
လူတွေဟာ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ ဆိုတဲ့ အာရုံငါးပါးကနေ ရရှိတဲ့ အချက်အလက်တွေကို ကောင်းတယ် မကောင်းဘူးဆိုပြီး ခံစားတုံ့ပြန်နိုင်စွမ်း ရှိကြပါတယ်။ ငှက်တွေလို၊ တစ်ခြားနို့တိုက်သတ္တဝါတွေလို တိရစ္ဆာန်တွေမှာလည်း အလားတူ တုံ့ပြန်နိုင်စွမ်း ရှိကြပါတယ်။ ငါးတွေ၊ ပိုးမွှားတွေမှာတော့ မတူဘူးပေါ့။
ဒါပေမယ့် ကျုပ်တို့ လူတွေကတော့ ထူးခြားပါတယ်။ ကျုပ်တို့ လူတွေဟာ အာရုံငါးပါး အတွေ့အကြုံတွေကို တိုက်ရိုက်ကြီး တန်းပြီး မတုံ့ပြန်ပါဘူး။ ဗီဇအလျှောက် တုံ့ပြန်တတ်တဲ့ ခွေးတွေ ကြောင်တွေနဲ့ မတူပါဘူး။ နှစ်တွေ ထောင်ပေါင်းများစွာကြာအောင် ဖွံ့ဖြိုးတိုးတက်ထားတဲ့ လူသားတွေရဲ့ ဦးနှောက်ဖွဲ့စည်းပုံက တိရစ္ဆာန်တွေရဲ့ ဦးနှောက်ဖွဲ့စည်းပုံထက် ပိုပြီး ရှုပ်ထွေးပါတယ်။ ဒါကြောင့် ကျုပ်တို့ လူသားတွေဟာ ရှုပ်ထွေးတဲ့ နည်းလမ်းနဲ့ စဉ်းစားတွေးခေါ်ပြီး တုံ့ပြန်နိုင်စွမ်း ရှိကြပါတယ်။
အနှစ်ချုပ် မြန်မာပြန်
BEYOND RELIGION
Ethics for a Whole World
His Holiness the Dalai Lama
No comments:
Post a Comment