( . . . . . မှ အဆက် )
လူတိုင်းလက်ခံနိုင်တဲ့
လောကကျင့်ဝတ်နဲ့ ပတ်သက်လို့ ရိုးရိုးရှင်းရှင်း ချဉ်းကပ်မယ်ဆိုရင် အဓိကကျတဲ့
သဘောတရား နှစ်ခုအပေါ်မှာ အခြေခံသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒီသဘောတရား နှစ်ခုလုံးဟာ အားလုံးတူညီတဲ့ လူ့အတွေ့အကြုံနဲ့ လူ့အသိတရားကနေ
ဆင်းသက်လာတာ ဖြစ်တဲ့အတွက် လွယ်လွယ်ကူကူနဲ့
လူတိုင်း နားလည်နိုင်တဲ့ သဘောတရားတွေ ဖြစ်ပါတယ်။ ဒီသဘောတရားတွေကို ခေတ်သစ်သုတေသန
အထူးသဖြင့် စိတ်ပညာဆိုင်ရာ သုတေသန၊ ဦးနှောက်အာရုံကြောဆိုင်ရာ သုတေသန၊ ဆေးသိပ္ပံ သုတေသနတွေကလည်း
ထောက်ခံချက် ပေးထားပါတယ်။
ပထမ
တစ်ခုက အားလုံးဟာ ချမ်းသာသုခကို အလိုရှိကြပြီး ဆင်းရဲဒုက္ခကို ရှောင်ရှားလိုကြတယ်
ဆိုတာ ဖြစ်ပါတယ်။ ဒုတိယ တစ်ခုကတော့ ကျုပ်တို့ဟာ အပြန်အလှန် လိုအပ်နေကြတဲ့
လူမှုရေးသတ္တဝါတွေ ဖြစ်ကြပြီး အားလုံးဟာ အချင်းချင်း ဆက်စပ်နေကြတယ် ဆိုတာ
ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ချမ်းသာပျော်ရွှင်မှုဟာ သူတစ်ပါးရဲ့ ချမ်းသာပျော်ရွင်မှုနဲ့
ဆက်စပ်နေတယ်ဆိုတာကို ဒီသဘောတရား နှစ်ခုနဲ့ ဆက်စပ်ပြီး နားလည်နိုင်ပါတယ်။
သူတစ်ပါးရဲ့ အကျိုးစီးပွားကို ထည့်တွက်လိုစိတ်လည်း ဖွံ့ဖြိုးလာနိုင်ပါတယ်။
ကိုယ်ကျင့်တရားနဲ့
ပတ်သက်ပြီး အမှန်အမှား ဆုံးဖြတ်နိုင်ရေး၊ အဇ္စ◌ျတ္တတန်ဖိုးတွေ ဖွံ့ဖြိုးနိုင်ရေးတို့အတွက်
အခြေခံ အုတ်မြစ်ကို ဒီသဘောတရား နှစ်ခုက တည်ဆောက်ပေးပါတယ်။ သူတစ်ပါးနဲ့
နီးကပ်ဆက်စပ်မှုရှိတယ်လို ခံစားရအောင်လည်း ဒီသဘောတရား နှစ်ခုက လုပ်ပေးပါတယ်။ ဘဝအဓိပ္ပာယ်၊
ဘဝရည်မှန်းချက်နဲ့ ဘဝရဲ့ နှစ်လိုဖွယ်ရာတွေ ရှာဖွေတွေ့ရှိဖို့လည်း အထောက်အကူပြုပေးပါတယ်။
လောကကျင့်ဝတ်နဲ့
ပတ်သက်တဲ့ ကျုပ်အယူအဆကို အသေးစိတ် ရှင်းမပြခင် ကျုပ်ဘဝနောက်ခံနဲ့ ဘာ့ကြောင့် ကျုပ်
ဒီလို တွေးခေါ်စဉ်းစားရတယ် ဆိုတာကို ပြောပြချင်ပါတယ်။
ကျုပ်
ကလေးဘတကတည်းက တိဗက် မဟာယာန ဗုဒ္ဓဘာသာမှာ သင်္ကန်းဝတ်လာတာပါ။ ကိုယ်ကျင့်တရား၊
လူ့သဘာဝ၊ ချမ်းသာပျော်ရွှင်မှုတို့နဲ့ ပတ်သက်တဲ့ ကျုပ် အမြင်ဟာ ဒီ နောက်ခံကနေ
လာတာပါ။ လူ့ကျင့်ဝတ်ကို ကျင့်သုံးတာနဲ့ ပတ်သက်လို့ ကျုပ်ရဲ့ ချဉ်းကပ်မှုမှာ
အိန္ဒိယက နာလန္ဒအစဉ်အလာရဲ့ ထဲထဲဝင်ဝင် ဩဇာသက်ရောက်မှု ရှိနေပါတယ်။ ဒီ နာလန္ဒ
အစဉ်အလာဟာ အတွေးအခေါ် ဒဿနပိုင်းကို အလေးအနက် ထည့်သွင်းစဉ်းစားပါတယ်။ ကိုယ်ကျင့်တရားနဲ့
ပြည့်စုံတဲ့ နေထိုင်ရှင်သန်ခြင်းနဲ့ ဘာဝနာတရား ပွားများခြင်းတို့လည်း ပါဝင်ပါတယ်။
ဒီစာအုပ်မှာ နာလန္ဒ အစဉ်အလာရဲ့ သွန်သင်မှုတွေကို ကိုးကားထားပါတယ်။ ဒါပေမယ့်
ဒီစာအုပ်ကို ရေးသားခြင်းဟာ လူတွေကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် လုပ်ဖို့ ကြိုးစားတာ
မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာ ကျုပ် ဗုဒ္ဓဘာသာတရား ဟောတဲ့အခါ ယဉ်ကျေးမှုနဲ့
မကိုက်ညီတဲ့၊ နောက်ခံပညာရေးနဲ့ မကိုက်ညီတဲ့ ဘာသာရေးကျင့်ထုံးတွေကို ကျင့်သုံးရတာဟာ
အဆင်မပြေ ဖြစ်တတ်တဲ့အကြောင်း ထည့်ပြောလေ့ရှိပါတယ်။ ကျင့်သုံးဖို့ ခက်ခဲတတ်တာရယ်၊
ရှုပ်ထွေးမှုတွေ ဖြစ်တတ်တာရယ်ကြောင့်ပါ။
လူသားဘဝ
တိုးတက်ရေးမှာ အထောက်အကူပြုဖို့ပဲ ကျုပ် ရည်ရွယ်ပါတယ်။ ကျုပ်ရဲ့ အစဉ်အလာ
သွန်သင်မှုတွေက အထောက်အကူ ပြုတယ်ဆိုရင် ကျင့်သုံးလိုက်ဖို့ပါပဲ။ ကျုပ်ရဲ့ ကိုးကွယ်ယုံကြည်မှုကို
မြှင့်တင်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင် လေ့လာစူးစမ်းကြဖို့ပဲ
စာဖတ်သူတွေကို တိုက်တွန်းပါတယ်။ အသိအမြင် ရဖို့အတွက် အိန္ဒိယ ဒဿနက အထောက်အကူ
ပြုတယ်ဆိုရင် ကောင်းပါတယ်။ အထောက်အကူ မပြုဘူးဆိုရင်လည်း ထားလိုက်ပါ ။
နောက်
အခန်းမှာ ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ ဘာသာရေးသမားတစ်ယောက် အနေနဲ့ မဟုတ်ဘဲ
လူသားဘဝကို ဂရုစိုက်သူ၊ လူသားဘဝကို အကာအကွယ်ပေးချင်သူ၊ လူသားဘဝ တိုးတက်စေချင်သူ
ကမ္ဘာ့လူသား သန်းခုနစ်ထောင်ထဲက လူသား တစ်ယောက် အနေနဲ့ပဲ ကျုပ်ရဲ့ အတွေးအမြင်တွေကို
မျှဝေထားပါတယ်။
( ဆက်ရန် . . . . . )
အနှစ်ချုပ် မြန်မာပြန် -
BEYOND RELIGION: Ethics for a Whole World
by His Holiness the Dalai Lama