Wednesday, March 5, 2025

ကမ္ဘာ့ကျင့်ဝတ် (၁၂)

( . . . . . မှ အဆက် ) 

အခြေခံ တူညီမှု -

 

ပျော်ရွှင်ခြင်း ချမ်းသာသုခကို လိုချင်တာနဲ့ ဆင်းရဲခြင်း ဒုက္ခကို ရှောင်လွှဲချင်တဲ့ နေရာမှာ ကျုပ်တို့အားလုံး တူကြပါတယ်။ ဒါ့ကြောင့် ကျုပ်တို့အားလုံး အတူတူတွေပါ။ ဒီအချက်ဟာ အရေးကြီးပါတယ်။ အခုလို အခြေခံအားဖြင့် လူသားချင်း တူညီကြတဲ့ ဘုံသဘောတရားအပေါ် နားလည်မှုကို နေ့စဉ်ဘဝနဲ့ ပေါင်းစပ်နိုင်ရင် အကျိုးကြီးမားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အကျိုးရှိသလို တစ်ဦးချင်းတစ်ယောက်ချင်းစီ အတွက်လည်း အကျိုးရှိမှာပါ။

ကျုပ် အနေနဲ့ကတော့ လူတွေနဲ့ တွေ့တဲ့အခါတိုင်း သူတို့အပေါ်မှာ လူသားအမြင်နဲ့ပဲ ဆက်ဆံဖို့ ကြိုးစားပါတယ်။ ကိုယ့်လိုပဲ ချမ်းသာသုခကို လိုလားပြီး ဆင်းရဲဒုက္ခကို ရှောင်လွှဲလိုသူ လူသားတွေအဖြစ် ဆက်ဆံပါတယ်။ သမ္မတတွေပဲဖြစ်ဖြစ်၊ သူတောင်းစားတွေပဲဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ် လူမဲဖြစ်ဖြစ်၊ ပုပု ရှည်ရှည်၊ လူချမ်းသာ လူဆင်းရဲ ဘယ်သူ့ကိုပဲဖြစ်ဖြစ် လူသားအမြင်နဲ့ပဲ ဆက်ဆံပါတယ်။ ဒီအမြင်ကို ကိုင်စွဲထားတဲ့အခါ အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ သူစိမ်းတွေနဲ့တောင်မှ အလိုလိုနေရင်း ရင်းနှီးသွားပါတယ်။

ပညာရေး အခြေအနေ၊ လူ့နေမှု အဆင့်အတန်း၊ အောင်မြင်ပြီးမြောက်မှု အခြေအနေတွေ ဘယ်လိုပဲ ကွဲပြားခြားနားနေပါစေ ကျုပ်တို့အားလုံးဟာ တိုတောင်းတဲ့ ဘဝတစ်သက်တာ အတွင်းမှာ ပျော်ရွှင်ချင်ကြသူတွေ၊ မဆင်းရဲချင်ကြသူတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ကျုပ်တို့ကြားမှာ မတူကွဲပြားတာတွေထက် ကျုပ်တို့ချင်း တူညီနေတာတွေက ပိုအရေးကြီးတယ်လို့ ကျုပ် ခဏခဏ ပြောနေတာပါ။ ဘာသာရေးတွေ၊ လူမျိုရေးတွေ၊ ဘာသာစကားတွေ၊ ကျားမသဘာဝတွေ၊ စည်းစိမ်ဥစ္စာ ပိုင်ဆိုင်မှုတွေ မတူကြပေမယ့် အခြေခံ လူ့သဘာက အတူတူပါပဲ။ ဒီအချက်ကို သိပ္ပံပညာက ထောက်ခံမှု ပေးထားပါတယ်။ လူ့ဗီဇထဲမှာ လူမျိုးချင်း ကွဲပြားခြားနားမှုက နည်းနည်းပဲ ပါနေပြီး ဗီဇ အများစုက တူနေတယ်လို့ လူ့ဗီဇလေ့လာချက်တွေက ဆိုပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဗီဇချင်း ကွဲပြားခြားနားမှုက အများစုဖြစ်ပြီး လူမျိုးချင်းအကြား ဗီဇမတူတာက နည်းနည်းပဲ ရှိပါတယ်။

ဒါ့ကြောင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ ငါတို့အားလုံး လူသားတွေပဲဆိုတဲ့ အတွေးအမြင်ပေါ် အခြေခံပြီး တွေးခေါ်စဉ်းစားကြဖို့၊ လုပ်ကိုင်ဆောင်ရွက်ကြဖို့ အချိန်တန်ပြီလို့ ယုံကြည်ပါတယ်။

( ဆက်ရန် . . . . . )

 

အနှစ်ချုပ် မြန်မာပြန်

BEYOND RELIGION

Ethics for a Whole World

His Holiness the Dalai Lama

No comments:

Post a Comment