ကျုပ်က ဘာသာရေးသမား ဖြစ်နေပေမယ့် ဘာသာရေး တစ်ခုတည်းနဲ့ ပြဿနာ အားလုံးကို ဖြေရှင်းနိုင်မယ်လို့ မယုံကြည်ဘူးဗျ။ မကြာသေးခင်က အိန္ဒိယ ဗီဟာနယ်က ဗုဒ္ဓဘာသာ ကျောင်းတက်ပွဲတစ်ခု ရောက်ခဲ့တယ်။ လူဦးရေ ထူထပ်ပြီး ဆင်းရဲတဲ့ နေရာပေါ့။ ကျုပ်မိတ်ဆွေ ဝန်ကြီးချုပ်လည်း အဲ့ဒီပွဲ တက်ရောက်ခဲ့တယ်။ သူက ပြောတယ်။ ဗုဒ္ဓရဲ့ ဂုဏ်တော်ကြောင့် ဗီဟာနယ် ချမ်းသာကြွယ်ဝမယ် တဲ့။ ကျုပ်ကလည်း ရယ်ရယ်မောမော ဟာသသဘောနဲ့ ထောက်ပြလိုက်ပါတယ်။ ဗီဟာနယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံးနေရာ၊ ဘုရားပွင့်တဲ့ ဗုဒ္ဓဂယာ မြေမြတ်မဟာဆိုတော့ ဒီနယ်ဟာ အခုကိုပဲ ချမ်းသာကြွယ်ဝပြီးသား ဖြစ်နေသင့်တယ်လို့ ထောက်ပြလိုက်ပါတယ်။ အမှန်တကယ် ပြောင်းလဲဖို့အတွက် ဗုဒ္ဓဂုဏ်တော်နဲ့တင် ဘယ်ရမှာလဲ။ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေ လိုအပ်တာပေါ့။
ဝတ်ပြုဆုတောင်းတာတွေ၊ ဆုပေးတာ ကောင်းချီးပေးတာတွေဟာ အကျိုးရှိပါတယ်။ ဒါပေမယ့် ထင်သာမြင်သာတဲ့ အကျိုးရလာဒ်တွေကို အမြဲတမ်းကြီး လုပ်မပေးနိုင်ပါဘူး။ ဥပမာတစ်ခု ရှိတယ်။ ကျုပ် မကျန်းမမာ ဖြစ်နေတုန်းက ကျုပ်အတွက် ဆုတောင်းပေးကြတာ သိရတော့ ကျုပ် အားရှိတာပေါ့။ ဒါပေမယ့် ကျုပ်တက်နေတဲ့ ဆေးရုံမှာ နောက်ဆုံးပေါ် ဆေးပစ္စည်းတွေ အပြည့်အစုံ ရှိနေကြောင်း သိလိုက်ရတာက ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်စေတယ် ဗျ။
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်ကာလအတွင်း သိပ္ပံပညာ တိုးတက်လာတာနဲ့အတူ တစ်ချို့လူတွေက ဘာသာရေး လိုအပ်ချက်ကို မေးခွန်းထုတ်လာကြပြီ။ ရောဂါဘယတွေကို ကုသပေးနိုင်တာ၊ အာကာသထဲ ခရီးဆန့်နိုင်တာမျိုးထိ သိပ္ပံပညာက တိုးတက်လာတာကိုး။ ဒါပေမယ့် အခုလို သိပ္ပံခေတ်မှာလည်း အကြင်နာတရား ကရုဏာတရားတို့လို အဇ္စျတ္တတန်ဖိုးတွေဟာ အရေးပါနေသေးတယ်လို့ ကျုပ်ကတော့ ယုံကြည်ပါတယ်။
အဇ္စျတ္တ တန်ဖိုးတွေရဲ့ အရေးပါမှုကို သိပ္ပံနည်းကျကျ ရှင်းပြနိုင်ရင် သိပ်ဟန်ကျမှာပဲ။ လောလောဆယ်မှာ လုံးဝဥဿုံ ရှင်းမပြနိုင်သေးပေမယ့် အဇ္စျတ္တ တန်ဖိုးတွေရဲ့ အကျိုးကျေးဇူးကို သိပ္ပံပညာက တစ်စထက်တစ်စ ထုတ်ဖော်ပြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကျုပ်က သိပ္ပံပညာရှင် မဟုတ်ပေမယ့် သိပ္ပံနယ်ပယ် အသီးသီးက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးရာကနေ အများကြီး လေ့လာထားပါတယ်။ နှစ်ပေါင်း သုံးဆယ်ကျော် အတွေ့အကြုံပါ။ စိတ်အကြောင်း၊ စိတ်လှုပ်ရှား ခံစားမှုအကြောင်းတွေကို လေ့လာစူးစမ်းဖော်ထုတ်ဖို့ ဘာသာတရားတွေက အာရုံစိုက်ကြပါတယ်။ ဒီအကြောင်းအရာတွေကို ပိုမိုနားလည်ဖို့ သိပ္ပံပညာရှင်တွေနဲ့ ဆွေးနွေးလုပ်ကိုင်ထားပါတယ်။
သိပ္ပံပညာ၊ အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာက စိတ်အကြောင်း၊ စိတ်လှုပ်ရှား ခံစားမှုအကြောင်း ပိုပိုပြီး အလေးအနက်ထားလာတာဟာ အားရစရာပါ။ ကိုယ်တိုင် တွေ့ကြုံခံစားရတာတွေကိုပါ သိပ္ပံသုတေသနထဲ ထည့်သွင်းနေတာဟာလည်း ကျေနပ်စရာပါပဲ။ သွားလေသူ ကျုပ်မိတ်ဆွေ သိပ္ပံပညာရှင်ကြီး Francisco Varelaရဲ့ လုပ်ဆောင်မှုမျိုးပေါ့။
တရားထိုင်တာ၊ ကရုဏာပွားတာ၊ အကြင်နာထားတွေရဲ့ ကောင်းကျိုးတွေကို သိပ္ပံနည်းကျ သက်သေပြနိုင်ဖို့အရေး ကျုပ် စိတ်ဝင်စားနေတာ ကြာပါပြီ။ ဒီကောင်းကျိုးတွေကို သိပ္ပံနည်းနဲ့ သက်သေပြနိုင်ရင် ကျောင်းတွေမှာ သင်ပေးလို့ ရတာပေါ့။
တစ်ကိုယ်ကောင်း မဆန်ခြင်းနဲ့ သူတစ်ပါးအပေါ် ငဲ့ညှာခြင်းတို့ဟာ သဘာဝအရှိတရားဖြစ်တယ်၊ အကျိုးကျေးဇူးရှိတယ် ဆိုတာကို ဇီဝဗေဒ နဲ့ ဦးနှောက်အာရုံကြော သိပ္ပံနယ်မှာ သက်သေအထောက်အထားတွေ တိုးပွားလာနေပါတယ်။ သိပ်ဟန်ကျတာပဲ။
Ref:
အနှစ်ချုပ် မြန်မာပြန်ဆိုသည် -
BEYOND RELIGION: Ethics for a Whole World
by His Holiness the Dalai Lama
No comments:
Post a Comment