Thursday, February 13, 2025

ကမ္ဘာ့ကျင့်ဝတ် - ၁ | Dalai Lama

 နိဒါန်း -

ကျုပ်က တိဗက်မြောက်ပိုင်းမှာ ၁၉၃၅နှစ်က မွေးဖွားခဲ့တဲ့ ဘုန်းကြီးအိုကြီးပါ။ ကျုပ် မတတ်နိုင်တဲ့ အခြေအနေတွေကြောင့် ကျုပ်သက်တမ်း အများစုကို အိန္ဒိယမှာ ဒုက္ခသည် အဖြစ်နဲ့ ကုန်လွန်ခဲ့ရပါတယ်။ အိန္ဒိယဟာ ကျုပ် နှစ်ပေါင်းငါးဆယ်ကျော် နေထိုင်ခဲ့တဲ့ ကျုပ်အိမ်ပေါ့။ ထူးခြားတဲ့ ကမ္ဘာ့အဖြစ်အပျက်တွေ အများကြီး ကျုပ် ကြုံခဲ့ရပါတယ်။ ခေါင်းဆောင်ပိုင်းတွေကနေ သာမန်လူတွေအထိ လူမျိုးစုံနဲ့ တွေ့ခဲ့ရပါတယ်။

 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကို သုံးသပ်ကြည့်လိုက်တော့ ကောင်းမွန်တဲ့ ပြောင်းလဲတိုးတက်မှုတွေ အများကြီး တွေ့ရပါတယ်။ ဆေးပညာ တိုးတက်မှုဟာ အသက်သေစေတဲ့ ရောဂါဘယတွေကို အမြစ်ဖြတ်နိုင်ခဲ့ ပါ ပြီ။ သန်းပေါင်းများစွာသော လူသားတွေ ဆင်းရဲတွင်းက လွတ်ခဲ့ကြပါတယ်။ ပညာသင်ယူခွင့်တွေရကြ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရကြနဲ့ပေါ့။ လူ့အခွင့်အရေးအကြောင်း နာလည်မှု ကြီးမားလာပြီး ဒီမိုကရေစီလည်း ပြန့်ပွားလာပါတယ်။ လူသားအဖြစ်ဆိုတဲ့ ဘုံတူညီချက်ကို အလေးပေးလာကြတယ်။ နေပျော်တဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ အရေးကြီးတယ်ဆိုတာကို အလေးဂရုပြုလာကြတယ်။

 

ဒီလို တိုးတက်မှုတွေ ရှိပေမယ့် ဆင်းရဲဒုက္ခနဲ့ ပြဿနာအခက်အခဲတွေကတော့ ရှိနေဆဲပါပဲ။ အခြေခံ လိုအပ်ချက်တွေတောင် မပြည့်စုံနိုင်တဲ့သူတွေ အများကြီးပါ။ ပဋိပက္ခတွေ အဆက်မပြတ် ရှိနေပါတယ်။ ပတ်ဝန်းကျင်ရေးရာ ကိစ္စတွေ၊ မညီမျှမှုတွေ၊ အကျင့်ပျက်ချစားတာတွေ၊ မူးယစ်ဆေးစွဲတာ အိမ်ထောင်ရေး ပြိုကွဲတာလိုမျိုး လူမှုရေး ပြဿနာတွေ အနှံ့အပြား ရှိနေပါတယ်။ ခေတ်သစ်လူနေမှု ဘဝဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေ၊ စိတ်ဓာတ်ကျတာတွေ၊ အထီးကျန်ဆန်တာတွေကို သယ်ဆောင်လာပါတယ်။

 

သနားကရုဏာ၊ အကြင်နာ၊ သည်းခံခြင်း၊ ရက်ရောခြင်းတို့လိုမျိုး အဇ္စျတ္တ တန်ဖိုးတွေ ကိုယ်ကျင့်တရားတွေကို လျစ်လျူရှုထားပြီး အပြင်လောကထဲက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘဝလိုအပ်ချက်တွေ အပေါ်မှာ အလွန်အကျွံ အာရုံစိုက်နေခြင်းဟာ အခြေခံ အကျဆုံး ပြဿနာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

 

အိန္ဒိယရဲ့ ဩရိသ ပြည်နယ်ကို မကြာခင်က ရောက်ခဲ့ပါတယ်။ လူမျိုးစုတွေကြားက ဆင်းရဲမွဲတေမှုကနေ ပြဿနာတွေ ဖြစ်ပွားရတဲ့ နေရာပေါ့။ ရံပုံငွေ ခိုင်မာတောင့်တင်းတဲ့ အစိုးရ စီမံကိန်းတွေ ရှိပေမယ့် အကျင့်ပျက် ခြစားမှုတွေကြောင့် လိုအပ်သူတွေ အကျိုးခံစားရတဲ့ အစီအစဉ်တွေ ဖြစ်မလာပါဘူး။

 

လူသားတွေ အဓိပ္ပာယ်ရှိတဲ့ လူ့ဘဝ နေထိုင်ရှင်သန်နိုင်ရေး ကူပံ့ပေးတဲ့ ဘာသာရေးကိုတောင်မှ လွဲလွဲမှားမှား အသုံးချတယ်ဆိုရင် အခက်အခဲ အကြပ်အတည်းတွေ ဖြစ်ပေါ်စေပါတယ်။ ကုန်သွယ်ရေး ဘဏ္ဍာရေး ကိစ္စတွေမှာလည်း အလားတူပါပဲ။ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေ တရားဥပဒေတွေနဲ့တင် မလုံလောက်ပါဘူး။ ပြဿနာတွေရဲ့ အရင်းအမြစ်ဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်တွင်း အဇ္စျတ္တမှာ ရှိနေတာပါ။

 

ဘာသာရေးအပေါ်မှာ အခြေမခံဘဲ တစ်ကမ္ဘာလုံး လက်ခံနိုင်မှုအပေါ်မှာ မူတည်တဲ့ ကိုယ်ကျင့်တရား တည်ဆောက်ဖို့ နည်းလမ်းအသစ် လိုအပ်ပါတယ်။ ဒီလောကီကျင့်ဝတ်ဟာ အဇ္စျတ္တ တန်ဖိုးတွေကို အလေးပေးပါတယ်။ ညီညွတ်မျှတတဲ့ ကမ္ဘာဖြစ်ဖို့နဲ့ တစ်ကိုယ်ရေ စိတ်ငြိမ်းချမ်းမှု ရရှိဖို့အတွက် အရေးတကြီး လိုအပ်တဲ့ တန်ဖိုးတွေပါ။

 

ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ ကျုပ် မရည်ရွယ်ပါဘူး။ ကိုယ့်ရဲ့ အရေးပါမှုကို လူတိုင်းနားလည်အောင် အားပေးဖို့ပါ။ မေတ္တာ ကရုဏာလိုမျိုး အဇ္ဈတ္တ တန်ဖိုးတွေကို အဓိကကျတဲ့ ဘာသာတရား အားလုံးက အားပေးမြှင့်တင်ကြပါတယ်။ ဒါပေမယ့် ဒီနေ့ကမ္ဘာမှာ ဘာသာရေး အပေါ်မှာပဲ လုံးလုံးလျားလျား အခြေတည်ထားတဲ့ ကျင့်ဝတ်က မလုံလောက်တော့ပါဘူး။ ဘာသာရေး အကန့်အသတ်ကို ကျော်လွန်တဲ့ နားလည်ယုံကြည်မှုနဲ့ ကိုယ်ကျင့်တရားအတွက် စဉ်းစားဖို့ အချိန်တန်ပြီ ထင်ပါတယ်။

 

(ဆက်ရန် . . . . .)

 

အနှစ်ချုပ် မြန်မာပြန်

BEYOND RELIGION

Ethics for a Whole World

His Holiness the Dalai Lama

No comments:

Post a Comment