Saturday, July 3, 2021

ရောထွေးမှု

29 June, 2021

-----
 
မုတ်သုန်နှင့် မုန်တိုင်းသတင်းများကို မစပ်စုမိ။ ပကတိ ရာသီဥတုမှာ အပူချိန် အသင့်အတင့်နှင့် မိုးဝေးနေပြီး လေတဝှူးဝှူးဝှေ့နေသည်။ အရပ်စကား အဆိုအရ မှိုင်းတိုက်သည့် ရာသီ ဖြစ်သည်။
"ပြည်သူ့ သဒ္ဓါ စူးပါစေသား။"
"ပြည်သူ့ သဒ္ဓါ စူးပါစေသား။"
"ပြည်သူ့ သဒ္ဓါ စူးပါစေသား"
*****
"ဟဲ့ ဝိဇယ. .. . နင့် ကိုရင်တွေ ဘာ​ဖြစ်နေကြတာလဲ။"
 
"ဘာဖြစ်လို့လဲ ဘုရာ့။"
 
"ဘာဖြစ်ရမှာလဲ။ ပြည်သူ့ သဒ္ဓါ စူးပါစေသား၊ ပြည်သူ့ သဒ္ဓါ စူးပါစေသားနဲ့ အော်နေကြတာ။ မကြားဘူးလား။ အော်ရင်း ပြေးရင်း ဆော့ရင်း. .. .. . ကျိန်စာတိုက်နေသလိုပဲ။ ပြည်သူ့ သဒ္ဓါ. .. .. . ဘာဖြစ်တာလဲ။"
 
"အော် . . . မှန်ပါ့။ ညနေက ဘုရားဝတ်တက်ပြီး သြဝါဒပေးတော့ သဒ္ဓါတရားအကြောင်း ပြောပေးခဲ့တယ် ဘုရာ့။ ရှင်ရဟန်းဘဝမှာ သဒ္ဓါပဗ္ဗဇ္ဇိတ ဖြစ်ဖို့လိုပုံ၊ ကိုယ်တိုင် သဒ္ဓါတရား ရှိဖို့လိုသလို ဒကာဒကာမတွေရဲ့ သဒ္ဓါကိုလည်း ငဲ့သင့်ပုံ၊ လေးစားသင့်ပုံ၊ ရဋ္ဌပိဏ္ဍ ပြည်သူ့ဆွမ်း ဘုဉ်းပေးထိုက်သူ ဖြစ်ဖို့ အရေးကြီးပုံ၊ ပြည်သူ့ သဒ္ဓါကို မလေးစားရင် ရှင်ရဟန်းဘဝ တန်ဖိုးကျပုံ. .. ... တော်တော်များများ ပြောပေးခဲ့တယ် ဘုရာ့။"
 
"အဲ့ဒီတော့ . . . . . ပြည်သူ့ သဒ္ဓါက ဘယ်ကို သွားစူးရမှာတဲ့လဲ။"
 
"အဲ. .. .. . ကလေးတွေရဲ့ သင်ယူမှုက ရောထွေးသွားတတ်တယ် ဘုရာ့။ ဆိုက်ကော်လော်ဂျီအရ ဖြစ်တတ်တယ်လို့ ကြားဖူးတာ ဘုရာ့။ ရွာထဲကလူတွေ ဆန္ဒပြတော့ ပြည်သူ့ ကျိန်စာ စူးပါစေသားလို့ အော်ကြတာကို ကိုရင်တွေ ကြားနေကျ ဖြစ်မယ်ထင်တယ် ဘုရာ့။ အဲ့ဒါနဲ့ တပည့်တော် ပေးလိုက်တဲ့ သြဝါဒနဲ့. .. .. . ရောထွေးနေကြတာ ထင်တယ် ဘုရာ့။"
 
"အင်း. .. .. .. ။"
 
***** 
 
"ပြည်သူ့ သဒ္ဓါ စူးပါစေသား။"
"ပြည်သူ့ သဒ္ဓါ စူးပါစေသား။"
"ပြည်သူ့ သဒ္ဓါ စူးပါစေသား"
 
မုတ်သုန်နှင့် မုန်တိုင်းသတင်းများကို မစပ်စုမိ။ ပကတိ ရာသီဥတုမှာ အပူချိန် အသင့်အတင့်နှင့် မိုးဝေးနေပြီး လေတဝှူးဝှူးဝှေ့နေသည်။ အရပ်စကား အဆိုအရ မှိုင်းတိုက်သည့် ရာသီ ဖြစ်သည်။

No comments:

Post a Comment