Saturday, July 3, 2021

ဘုန်းဘုရားတို့ အေးကြစေ ခလို

28 June, 2021
-----
 
ရဟန်းဘဝ ဟူသည်မှာ အေးချမ်းမှု ဖြစ်သည်။ အထူးသဖြင့် မြန်မာရဟန်းတော်တို့၏ ဘဝက အခြားနိုင်ငံများမှ ရဟန်းတော်တို့၏ ဘဝထက် အေးချမ်းသည်ဟု ယေဘုယျစကား ဆိုနိုင်သည်။ အေးနိဗ္ဗာန်ထိ မမှန်းနိုင်သည်ရှိဦးတော့ လက်ရှိဘဝ အေးရာအေးကြောင်း ခိုလှုံရာအဖြစ် ရဟန်းဘောင်ကို သတ်မှတ်နိုင်သည်။ ထောက်ပံ့သည့် ဒကာဒကာမတို့၏ ​​သဒ္ဓါဓာတ်ကြောင့်လည်းကောင်း၊ ထိုသဒ္ဓါ၏ မြစ်ဖျားခံရာ အစဥ်အလာ ပုံရိပ်ကောင်းသည့် ဆရာတော်တို့၏ အကျင့်ကြောင့်လည်းကောင်း အရှိန်​​နှင့်လိမ့်ကာ အခွင့်ကောင်း ရနေသည်ဟု ဆိုရပေမည်။ ပရိယတ်၊ ပဋိပတ် သာသနာပြု လုပ်ငန်းများ အပတ်တကုတ် မကြိုးပမ်းနိုင်လျှင် နေပါစေ (အပွင့်လင်းဆုံး ဆိုရလျှင် အိပ်လိုက်စားလိုက်) အေးအေးလူလူ နေနိုင်လျှင်ပင် ဝါဝါမြင်က ကြည်ညိုနိုင်ကြသည်အထိ သာသနာရေး ဓာတ်ခံကောင်းသည့် ​ပတ်ဝန်းကျင် ဖြစ်သည်။ သာသနာ့အလုပ် လုပ်ကိုင်နိုင်လျှင်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
ဤသို့သော လက်ရှိဘဝ သက်သာချောင်ချိ အေးငြိမ်းမှုမျိုးအတွက် ရဟန်းဘောင် တက်ခဲ့သည့် ဖြစ်အင်တို့ အမြောက်အများ ရှိနေသည်မှာ ထင်ရှားသည်။ မြောက်များလှသည့် ဤဖြစ်အင်မှာလည်း အများစုက ကြည်ကြည်ဖြူဖြူ လက်ခံနိုင်သည့် အခြေအနေပင် ဖြစ်​သည်။ ဒကာ ဒကာမ (အားလုံး မဟုတ်သည့်တိုင် အများစု) တို့က ဘုန်းဘုရားများကို အေးစေချင်ကြသည်။ တရားမပြချင် နေပါစေ၊ စာမချလည်း နေပါစေ၊ အေးအေးလူလူ ရှိနေသည်ကိုပင် ကြည်ညိုစရာ အားကျစရာအဖြစ် တန်ဖိုးထားနိုင်ကြသည်။ မြန်မာ့ ရဟန်းဘဝ အေးလေစွ။ 
 
အေးခွင့်အပိုင် ရထားကြသည့် အေးဘုန်းဘုန်းတို့ အနေဖြင့် လက်ရှိကာလ အပူသည် ဖြစ်နေကြသည့် ဒကာဒကာမ များစွာကို အပူမှ ထုတ်ဆောင်၍ အေးအောင်ငြိမ်းအောင် မစွမ်းဆောင်နိုင်သည့်တိုင် မှားယွင်းစွာ ရပ်တည်၍ အပူမတိုက်မိအောင် (ယုတ်စွအဆုံး အထက်က ဆိုခဲ့သည့် နည်းအတိုင်း အေးအေးလူလူ) သတိဖြင့် ကျင့်ကြံနေထိုင်တော် မူသင့်ကြသည်သာ ဖြစ်သည်။ သို့မှသာလျှင် ရရှိထားသည့် အေးကြောလည်း အရှည်အကြာ ခိုင်မာနိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက ကာလဒေသ အခြေအနေအရ အေးကြောပင် ကြုံ့သွားနိုင်ပါကြောင်း။

No comments:

Post a Comment