![](http://3.bp.blogspot.com/_D13W54kcZvM/TJCGppOqKlI/AAAAAAAAAlo/heH8FmFhAhA/S760/Break+Line2.jpg)
Friday, June 16, 2017
ရန်ကုန်မှတ်တမ်း
၁၉၉၆ခုနှစ်က ရန်ကုန်သို့ ပထမဆုံး ရောက်ဖူးခဲ့သည်။ အင်းစိန် မဟာသွာံဿာရ ဘုရားကျောင်း၌ ဘုန်းတော်ကြီးများအတွက် သီးသန့်ဖွင့်လှစ်သည့် အင်္ဂလိပ်စာ နှင့် ကွန်ပျူတာသင်တန်း တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ သာသနာ့တက္ကသိုလ် နွေကျောင်းပိတ်ရာသီ ဖြစ်သည်။ မန္တလေးမှ အတူလာသူ ကျောင်းနေဘက် (ဓမ္မဓရ ဆရာတော် ဒေါက်တာ) အရှင်ကုမာရသည်လည်း ရန်ကုန်အကြောင်း သိပ်သိသူ မဟုတ်ပေ။ မန်း နပသ ကျောင်းပိတ်ရက်မှာ ရန်ကုန်ရောက်နေသည့် (ရွှေဝါဝင်း ဆရာတော် ဒေါက်တာ) အရှင်အာသဘ လာကြိုမည်ဆို၍ လာအားရှိခဲ့ကြသည်။ မန္တလေး ဘူတာကြီးမှ ရန်ကုန် ဘူတာကြီးသို့ ရထားစီးရန်၊ အရှင်အာသဘက ရန်ကုန်ဘူတာမှ ကြိုနေပြီး တောင်ဥက္ကလာရှိ အရှင်အာသဘ၏ ဆရာ့ကျောင်းသို့ သွားကြရန်၊ တောင်ဥက္ကလာကျောင်းမှာ တစ်ညအိပ်ပြီး နောက်နေ့မနက် အင်းစိန်သို့ အတူသွားကြရန် တိုင်ပင်ထားကြသည်။ သာသနာ့တက္ကသိုလ် ကျောင်းနေဘက် သူငယ်ချင်း သုံးပါးစလုံး သင်တန်းတက်ကြမည် ဖြစ်သည်။ အစီအစဉ်အတိုင်း စုန်ဆင်းလာသူ အညာသား ရဟန်းငယ် နှစ်ပါးသည် ရထားပြတင်းပေါက်မှာ ငေးရင်း ရန်ကုန်ခရီးသစ်အတွင်း ကြုံရနိုင်သည့် စိုးရိမ်စရာ တစ်ခုခုကို ကြံမိတိုင်း အချင်းချင်း တိုးတီးပြော၍ အားတင်းရင်း ရှက်ပြုံးပြုံးကြသည်။ လာကြိုတဲ့သူနဲ့များ လွဲနေရင်၊ ဦးအာသဘ မေ့တော့ မမေ့လောက်ပါဘူးနော်၊ အလုပ်တွေများ ရှုပ်နေမလား . . . စသည်များစွာ။ လွဲများလွဲခဲ့ရင် ဆူးလေဘုရားကနေ (၃၆ ကားလား မသိ?) လိုင်းကားစီးခဲ့ ကျောင်းရှေ့ထိ ရောက်တယ်။ စပယ်ယာ ချပေးလိမ့်မယ် . . . ဟု ရန်ကုန်နှင့် ရင်းနှီးနေသူ ဘုတလင် ချောင်းမြီးတိုသား အညာသား အရှင်အာသဘက မှာထားသည်။ ရန်ကုန်နှင့် မရင်းနှီးသေးသူတို့မှာ ရန်ကုန်မြို့တွင်းသို့ ရထားဝင်သည်နှင့် ပြတင်းပေါက်မှ မပြတ်တမ်း စောင့်ကြည့်နေကြတော့သည်။ အမြင်ချင်ဆုံး အရာမှာ အရှင်အာသဘ၏ ကြိုဆိုသော အပြုံးသာ ဖြစ်သည်။ သို့သော် ရန်ကုန်ဘူတာမှာ ရထားလုံးဝ ရပ်သွားသည်အထိ အရှင်အာသဘကို မတွေ့ရသေးပေ။ ခရီးသည်များ ရထားပေါ်မှ ဆင်းကြသော်လည်း မဆင်းကြသေးဘဲ ရထားပြတင်းပေါက်များ ပြောင်း၍ပြောင်း၍ ရထားခေါင်းတွဲဘက်သို့ မျှော်လျက် အရှင်အာသဘကို လိုက်ရှာကြသည်။ ရထားခေါင်းတွဲနားမှာ ဆုံကြမယ်ဟု အချိန်းအချက် ရှိထားခဲ့ကြသောကြောင့် ဖြစ်သည်။ နောက်ဆုံး၌ ရထားပေါ်မှာ လူမကျန်တော့ပေ။ ခေါင်းတွဲဘက် ဆင်းသွားကြရုံသာ ရှိတော့သည်။ ရထားခေါင်းတွဲ တစ်ဝိုက်၌လည်း ရဟန်းတစ်ပါးမှပင် မတွေ့ရပေ။ ယခုခေတ်ကဲ့သို့ ဖုန်းဆက်ရန် မလွယ်ကူသဖြင့် ပို၍ စိတ်ရှုပ်ကြရသည်။ ရယ်ကျဲကျဲနှင့် အားတင်း၍ အဖြေရှာကြသည်။ ဆူးလေဘုရားမှာ လိုင်းကားစီးကြရုံသာ ရှိတော့သည်။ ဆူလေဘုရားက ဘယ်မှာရှိတာလဲ။ မေးသွားကြတာပေါ့။ တက္ကစီငှားလိုက်တာ ကောင်းမယ်။ ဘူတာကြီးကနေ ဆူလေးဆိုရင် တစ်ပါးတစ်ထောင်၊ နှစ်ပါးစာ နှစ်ထောင်ပဲ ပေးပါဘုရား။ မွဲကိန်း ဆိုက်တော့တာပဲ။ စီးမလား။ စီးကြရုံ ရှိတာပဲလေ။ နေအုံး ဒကာကြီး ဆူးလေကနေ တောင်ဥက္ကလာသွားမယ့် လိုင်းကားရှိတဲ့နေရာ ချပေးနော်။ လိုင်းတာတွေ ပေါပါတယ်။ လိုင်းကားပေါ်ထိ တင်ပေးလိုက်မယ် ဘုရား။ ငွေနှစ်ထောင်ကို နှမြောသော်လည်း အားတက်သွားကြသည်။ နှစ်ထောင်ဆို မများလွန်းဘူးလား။ လျှော့အုံးလေ။ တပည့်တော်တို့က . . . . . ကွေ့ပတ်ပြီး မောင်းရမှာမို့ပါ ဘုရား။ ဝေခွဲရခက်နေစဉ်မှာပင် အရှင်အာသဘ၏ အပြုံးမျက်နှာ ဘွားကနဲ ပေါ်လာသည်။ ရထားဆိုက်မှ တပည့်တော် ဗိုက်နာလာလို့ အိမ်သာသွားတက်နေတာ။ ဟဲ ဟဲ။ တော်သေးတာပေါ့။ ကားက ဟိုဘက် ထားခဲ့တာ။ လာလာ။ သွားမယ်။
သင်တန်း တက်ကြသောအခါ အင်္ဂလိပ်စာမှာ အထူးအဆန်း မဟုတ်လှပေ။ ကွန်ပျူတာခန်း၌ Windows 93 နှင့် မိတ်ဆက်ပေးသည်။ လက်ညှိုးတစ်ချောင်းထိုး နည်းဖြင့် လက်နှိပ်စက် နှိပ်ဖူးသဖြင့် ကွန်ပျူတာနှင့် u j, u j နှိပ်ရသည်မှာ မခက်လှပေ။ သို့သော် နောက်ပိုင်း၌ *.* မြောက်များစွာ မှတ်သားရသောအခါ စိတ်ပျက်ရသည်။ အခန်းဟုခေါ်သည့် folder တစ်ခု တည်ဆောက်ရသည်မှာပင် ပင်ပန်းလှသည်။ ထိုfolderခန်းထဲ၌ ဘာတွေ ဘယ်လိုထည့်ရသည် မသိသေးသော်လည်း သင်္ခန်းစာများ ရှုပ်ထွေးနေပြီ ဖြစ်သည်။ ထိုစဉ်က Windows 97 ကွန်ပျူတာကို မဟာသွာံဿာရ ဆရာတော်ကြီးသာ အကိုင်များသည်။ သင်တန်းဆင်းပွဲ ပြီးတာနဲ့ အမေရိက သွားရအုံးမှာ . . . ဟား ဟား . . . ဟု ဆရာတော်ကြီး မကြာမကြာ အမိန့်ရှိသည်။ ၁၉၉၆ခုနှစ်မှာပင် ကွန်ပျူတာက Windows 97 ဖြစ်နေသည်မှာ ထူးဆန်းမှုတစ်ခု ဖြစ်ခဲ့သည်။ Windows ပြတင်းပေါက် ဆိုသည်မှာ ကွန်ပျူတာ မှန်သားပြင်၌ ထင်လာသည့် လေးထောင့်ကွက်များကို ဆိုလိုကြောင်းလည်း မှတ်သားရသည်။ ပြတင်းပေါက်နှင့် သိပ်မတူဟု ထင်မိသည်။ ယခုအခါ ပျောက်ကွယ်သွားပြီဖြစ်သော floppyခေါ် အေ-ဓာတ်ပြားလေးကို ပန်ကာနှင့် ဝေးဝေးထားရန် ဆရာက မှာသည်။ သံလိုက်ဓာတ်နှင့် နီးလျှင် ဓာတ်ပြားပျက်တတ်သည် ဆို၏။ ကွန်ပျူတာဆရာမှာ တော်တော်လေး အဆူသန်သည်။ ဤကား ကနဦး ရန်ကုန်မှတ်တမ်း စာမျက်နှာအကျဉ်း ဖြစ်၏။
*****
၂၀၁၇ ခုနှစ်အတွင်း အမေရိက သွားရအောင်ဟု ပြောလာသူ အပြုံးသင်တန်းမှူး (ဓမ္မဂင်္ဂါ ဆရာတော် ဒေါက်တာ) အရှင်ဝိစိတ္တသာရ (မော်ဒန်)မှာလည်း မန်း နပသ ကျောင်းနေဘက်ပင် ဖြစ်သည်။ အမေရိကမှာ အခြေချနေသည့် (ရန်ကုန် ထေရဝါဒ တက္ကသိုလ်) ကျောင်းသူဟောင်း (မချို)ထံ ဦးတည်သွားကြမည်။ နယူးယောက် လေဆိပ်မှာ လာကြိုမည်။ ပထမဆုံး ဗီဇာလျှောက်ရမည်။ ရန်ကုန်ရောက်ခိုက် အွန်လိုင်းဗီဇာ လျှောက်ထားနည်းများ လေ့လာခဲ့ရသည်။ မန္တလေး ပြန်ရောက်သောအခါ အွန်လိုင်းလျှောက်လွှာ တင်ကြည့်သည်။ အဆင်မပြေလှပေ။ u j, u j ကွန်ပျူတာ လက်ကွက်ထက် အဆများစွာ ရှုပ်ထွေးနေသည်။ ရန်ကုန် ပြန်သွားပြီး ဓမ္မဂင်္ဂါကိုပဲ လုပ်ခိုင်းရသည်။ ၂၀ဝ၈ခုနှစ်လောက်က ဓမ္မဂင်္ဂါ ပြောနေကျ စကားမှာ ကွန်ပျူတာတော့ တတ်ချင်ပါတယ် ဖင်မခံနိုင်ဘူး . . . ဖြစ်၏။ ဖင်ပူအောင် မထိုင်ချင်သူ ဖြစ်သည်။ ယခုတော့ ကွန်ပျူတာနှင့် ညဉ့်မကင်းကောင်းသူ ဖြစ်နေ၏။ ဤသို့ဖြင့် အွန်လိုင်းလျှောက်လွှာတင်ပြီးနောက် အမေရိကန် သံရုံးမှာ လူတွေ့စစ်ဆေးခံရသည်။ ဓမ္မဂင်္ဂါပင် သံရုံးအထိ လိုက်ပို့သည်။ ဗီဇာလျှောက်ထားသူသာ သံရုံးအတွင်း ဝင်ခွင့်ရှိသဖြင့် လိုက်ပို့သူသည် ဂိတ်ပေါက်မှာ ပြုံးပြုံးကြီး ကျန်ခဲ့ရ၏။ ဗီဇာလျှောက်ထားသူတိုင်း လူတွေ့အင်တာဗျူး ဖြေဆိုခွင့်ရရန် ဒေါ်လာ တစ်ရာ့ခြောက်ဆယ် ပေးရသည်။ အင်တာဗျူး မအောင်မြင်သူများမှာ ပေးသွင်းထားသည့် ဒေါ်လာတစ်ရာ့ခြောက်ဆယ် ပြန်မရတော့ပေ။ ပြည်ဝင်ခွင့်လည်း မရသေးပေ။ အင်တာဗျူး အောင်မြင်သူမှာ ဗီဇာကြေး သုံးဆယ့်နှစ်ဒေါ်လာ ထပ်ပေးရသည်။ ပြည်ဝင်ခွင့် ရရှိသည်။ ဗီဇာလျှောက်ထားသူ များလွန်း၍ နှစ်နာရီလောက် စောင့်ရသည်။ အပြင်မှ စောင့်ရသူမှာ စိတ်ပူလောက်ပြီဟု ထင်မိသော်လည်း အဝင်ဝ၌ ဖုန်းကို အပ်နှံခဲ့ရ၍ သတင်းမပေးနိုင်တော့ပေ။ စစ်ဆေးမေးမြန်းမှုမှာ သုံးလေးမိနစ်သာ ကြာသည်။ စစ်ဆေးသူ သံရုံးအရာရှိများမှာ အပေါက်စောင့် မြန်မာဝန်ထမ်း တစ်ချို့ထက် များစွာပို၍ ယဉ်ကျေးသိမ်မွေ့သည်။ တိုးတိုးညက်ညက်နှင့် ပြုံးလျက် စကားဆိုကြသည်။ မြန်မာဝန်ထမ်း အချို့၏ အော်သံမှာ ကျယ်ထန်လွန်းနေပြီး ဖော်ရွေမှု ကျုံ့ကွေးနေသည် ထင်မိ၏။ သံရုံးအရာရှိတို့က ဗီဇာလျှောက်ထားသူများကို နံပါတ်စဉ်တပ်၍ တစ်ယောက်ချင်း ခေါ်တွေ့သည်။ နံပါတ် တစ်က ပြတင်းပေါက် အမှတ်သုံး လာပါ . . . ဟု မြန်မာလို ခေါ်သည်။ ဆင့်ခေါ်ရာ ပြတင်းပေါက်ကို ချက်ချင်း ရှာမတွေ့ကြပေ။ လက်ယပ်ခေါ်မှ သဘောပေါက် သွားကြသည်။ Window - ပြတင်းပေါက်ဟု သူတို့က ရည်ရွယ်သော်လည်း မြန်မာတို့က ကောင်တာဟုသာ နားလည်ထားကြသည်။ တစ်ယောက်စီ မေးမြန်းစစ်ဆေးပြီး ပြည်ဝင်ခွင့် ဗီဇာ ပေးသည်။ နောက်နေ့ ညနေမှာ ဗီဇာလာယူရန် ပြောသဖြင့် ဗီဇာကြေး သုံးဆယ့်နှစ်ဒေါ်လာ ထပ်ပေးရသည်။ နောက်နေ့မှာ ပြည်ဝင်ခွင့် ဗီဇာရသည်။ ရန်ကုန်-နယူယောက် ခရီးစဉ်ကို စီစဉ်ရန်သာ ရှိတော့သည်။ အထူးသဖြင့် လာကြိုသူနှင့် မလွဲအောင် တိုင်ပင်ကြရမည်။ အမေရိကသို့ အတူသွားမည့် နပသ ကျောင်းနေဘက် သူငယ်ချင်း (ရွှေကူကျွန်း ဆရာတော် ဒေါက်တာ) အရှင်ထေရိန္ဒမှာ ဗီဇာမယူရသေးသဖြင့် စောင့်ရဦးမည်။ ဤကား လတ်တလော ရန်ကုန်မှတ်တမ်း စာမျက်နှာ အကျဉ်းချုပ် ဖြစ်၏။
:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment