ခေတ်ဟောင်းကွမ်းယာ -
မြန်မာတွေ ကွမ်းစားတဲ့ အလေ့အကျင့်က ရှေးကတည်းက ရှိခဲ့တာ။ ခေတ်အဆက်ဆက်
ဒေသအနှံ့။ “တံတားဦးက ကွမ်းနုဝါ၊ ငါန်းမြာကဆေး။ ကွမ်းသီးတောင်ငူနဲ့
ကိုင်းထုံးဖြူ ပြည်ရှား၊ သာဝါလို့ထွေး။”လို့ ဆိုထားတော့ ရှေးတုန်းက
ကွမ်းယာမှာ “ကွမ်းရွက်၊ ဆေးရွက်ကြီး၊ ကွမ်းသီး၊ ထုံး၊ ရှား” ငါးမျိုး
ပါဝင်မှာပေါ့။
ခေတ်သစ်ကွမ်းယာ -
နှစ်ဆယ်ရာစု နှောင်းပိုင်းမှာတော့ ကွမ်းယာပုံစံတွေ စုံလာပြီး တဖြည်းဖြည်းချင်း ရှားပျောက်ခဲ့တယ်။ ဆေးကွမ်းယာ (အခါး)၊ ကွမ်းယာအချို၊ ကွမ်းယာအဆိမ့်။ ပါဝင်ပစ္စည်းတွေကလည်း အုံးသီးဆံ (အစို၊ အခြောက်၊ အကြော်)၊ နွယ်ချို၊ ဂုံခါး၊ ပန်းဥ၊ ဖာလာ၊ လေးညှင်း၊ စမုံစပါး၊ အာမွှေး၊ ဗလရှင်၊ ဂျာဝါး၊ စသည် စသည်။ ဆေးတွေကလည်း အိန္ဒိယကလာတဲ့ ဆေးမျိုးစုံ။ ဆေးမွှေး၊ ဆစ်ဂနယ်၊ နိုင်တီတူး၊ နိုင်းဟန်ဒရက်၊ စသည် စသည်။ နောက်ပြီး ဆေးရွက်ကြီးကို အရက်နဲ့ စိမ်ထားတဲ့ နှပ်ဆေး။ စားသုံးသူ ထည့်စေချင်တာတွေကို ရောင်းသူက ထည့်ပေးရတယ်။ ကွမ်းယာအချို နဲ့ ကွမ်းယာအဆိမ့်ကတော့ တဖြည်းဖြည်း ကွယ်သွားတယ်။ ဆေးကွမ်းယာ စားကြရာမှာ ရိုးရိုးရှင်းရှင်း ဆေးရွက်ကြီး စွဲသူတွေ စားကြတာက ထုံး+ဗမာဆေး (ထုံး+ဆေး)၊ ထုံး+ကွမ်းသီး+ဆေး။ ဆိုလိုတာက ရှား မထည့်ကြဘူး၊ ဆေးအမျိုးမျိုး မကြိုက်ကြဘူး။ ရှားမထည့်ပုံက တဖြည်းဖြည်းချင်း ပြောင်းခဲ့တာ။ ကွမ်းရွက်တစ်ပြင်လုံး ရှားသုပ်ရာကနေ ရှားတစ်ပျောက်။ အဲ့ဒီကနေမှ ရှားမပါစေချင်တဲ့ စားသုံးသူက ရှားလွတ်လို့ သီးသန့်မှာရတာ။ နှစ်ဆယ့်တစ်ရာစုမှာတော့ ရှား ကွယ်သွားပြီ။ ရှားမပါတဲ့ကွမ်းယာက ပါးစပ်နီတာ ပါးစပ်ညစ်ပတ်တာ သက်သာတယ်၊ ပါးစပ်ကျန်းမာရေး အထိအခိုက် နည်းတယ်။
ခေတ်လွန်ကွမ်းယာ -
နှစ်ဆယ့်တစ်ရာစု ကွမ်းယာမှာ ရှားကွယ်သွားတဲ့အပြင် ထုံးပါ ကွယ်သွားမလား? ခေတ်ရှေ့ပြေးသူတွေကတော့ ထုံးမပါဆေး ကွမ်းယာ ၀ါးနေကြပြီ။ ကွမ်းယာမှာ ထုံးမထည့်ကြတော့ဘူး။ ထုံးမပါတဲ့ကွမ်းယာက ပါးစပ်နီတာ ပါးစပ်ညစ်ပတ်တာ ပိုပြီး သက်သာတယ်၊ ပါးစပ်ကျန်းမာရေး အထိအခိုက် ပိုနည်းတယ်။ ဒါပေမယ့် အစဉ်အလာသမားတွေကတော့ “န ရသံ အကောတမ္ဗုလံ”တဲ့။ နီတိ အစုပ်ကို အဟုတ်ထင်ပြီး ကိုးကားနေကြဆဲ။ ဘာပဲဖြစ်ဖြစ် မနေ့က စစ်ကိုင်းထူပါရုံ ဘုရားပွဲ ရောက်သွားတော့ ရှင်နာတီတို့ မောင်မောင်ကဲတို့ ရှေးရိုးစွဲ ကွမ်းသမားကြီးတွေတောင် ထုံးမပါဆေး ခေတ်လွန်ကွမ်းယာတွေ ဘုဉ်းပေးနေကြတာ တွေ့ခဲ့ရတယ်။
:)
ရှင်အာစာရ
ရှင်အာစာရ
------
ဓာတ်ပုံ - အင်တာနက်
No comments:
Post a Comment