Friday, September 16, 2016

လုံခြုံ ခန့်ငြားမှု




"ဒီနေ့ . . . ဥပုသ်စောင့်ရင်း ဒီကျောင်းတိုက်အတွက် ပစ္စည်းလေးပါးလှူဒါန်းကြ ဝေယျာဝစ္စဆောင်ရွက်ကြတဲ့ ကုသိုလ်တွေဟာ ပစ္စုပ္ပန် သံသရာ ဘဝတွေ လုံခြုံဖို့ ခန့်ငြားဖို့ အထောက်အပံ့တွေပဲ

ဦးကျော်မင်း ဒေါ်ခင်ချောတို့ ဒီကျောင်းတိုက်အတွက် မုခ်ဦးလှူကြတာ၊ ဦးတင်မြင့် မိသားစု နဲ့ ဦးထွန်းထွန်း မိသားစုတို့က မုခ်ဦးဘေးမှာ တံတိုင်းတစ်ခန်းစီ လှူဒါန်းကြတာဟာ ဒီကျောင်းတိုက် လုံခြုံဖို့ ခန့်ငြားဖို့။
အသစ်တည်ထောင်ရတဲ့ ဒီ ရာဟုလာဓမ္မသင်တန်းကျောင်းမှာ အရပ်လေးမျက်နှာ မုခ်ဦးလေးခုနဲ့ အကြိုမုခ်ဦးတစ်ခု မုခ်ဦးငါးခု လိုတဲ့နေရာမှာ ဦးကျော်မင်းတို့ရဲ့ မုခ်ဦး အပါအဝင် သုံးခု ဆောက်လုပ်လှူဒါန်း ပြီးပါပြီ။ အရှေ့ဘက်နဲ့ မြောက်ဘက် မုခ်ဦးနှစ်ခုပဲ ကျန်တော့တယ်။ ပတ်လည်တံတိုင်းလည်း တစ်ဝက်ကျော်ပြီ။ ဒီကျောင်းတိုက်ရဲ့ လုံခြုံမှုနဲ့ ခန့်ငြားမှု ပြည့်စုံတော့မယ်။

တစ်ဦးစီပဲဖြစ်ဖြစ်၊ အစုအဖွဲ့လိုက်ပဲဖြစ်ဖြစ် ဘဝတွေမှာ အရေးကြီးတာက လုံခြုံဖို့၊ လေးစားခန့်ငြားစရာကောင်းဖို့ပဲ။ သံသရာမှာလည်း အပါယ်ဘေးက လုံခြုံဖို့၊ လေးစားခန့်ငြားတဲ့ဘဝ ရရှိဖို့ လိုအပ်တာပဲ။ ပညာသင်ကြတယ်၊ စီးပွားရှာကြတယ်၊ ကုသိုလ်ပြုကြတယ်ဆိုတာ ဘဝ လုံခြုံဖို့၊ လူရိုသေရှင်ရိုသေ လေးစားခန့်ငြားမှု ရရှိဖို့ပဲ။

ဗုဒ္ဓဘာသာတွေ အနေနဲ့ ပစ္စုပ္ပန် သံသရာ ဘဝတွေမှာ လုံခြုံမှု၊ လေးစားခန့်ငြားမှု ရရှိအောင် ကြိုးစားရင်း နိဗ္ဗာန်အထိ ချီတက်ကြရမယ်။ ပန်းတိုင်နိဗ္ဗာန် ဆိုတာကတော့ ဘေးအားလုံး ကင်းတယ်။ အလုံခြုံဆုံးပဲ။ ဂုဏ်အားဖြင့်လည်း အေးငြိမ်းမှု သန္တိသုခဂုဏ်။ လေးစားစရာ အကောင်းဆုံး၊ အခန့်ငြားဆုံးပဲ။

ဒီကျောင်းတိုက် လုံခြုံအောင် ခန့်ငြားအောင် ထောက်ပံ့ကြတဲ့ ကုသိုလ်ရှင်များ ကျင်လည်ဖြတ်သန်းရတဲ့ဘဝတွေမှာ လုံခြုံမှု လေးစားခန့်ငြားမှုတွေ ရရှိနိုင်ကြပါစေ။ အလုံခြုံဆုံးနဲ့ လေးစားခန့်ငြားမှု ပြည့်နေတဲ့ နိဗ္ဗာန်ရောက်ဖို့ အကြာင်းတရား အကျင့်ကောင်းများ လွယ်ကူစွာ၊ လျင်မြန်စွာ ကျင့်သုံးနိုင်ကြပါစေ။"

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment