Tuesday, May 10, 2016

ရှင်အာစာရ ဆုံးမစာ


  ၁။    အပွားအစီး၊ ခိုင်ထွားဖြီး၍၊ ကြီးပွားကြစေ၊ ဆုံးမပေမည်၊ မောင်တွေမယ်တို့ မှတ်စေဖို့။
    
  ၂။    ရာဟုလာကျောင်း၊ စိမ်းညိုမောင်း၌၊ ကိန်းအောင်းပျော်ရွှင်၊ ပညာသင်သည့်၊ မောင်ရှင်အများ၊ ရွတ်ဖတ်ပွားသည်၊ အားခဲ ကြိုးကုတ် ကျက်လေလော့။
    
  ၃။    ကျိုးကြောင်းစိစစ်၊ အမှန်ချစ်ဖို့၊ ပျိုမျစ်နုစဉ်၊ ပညာသင်လော့။

  ၄။    ပညာနိမ့်ပြန်၊ အမှန်မချစ်၊ ကြောင်းကျိုပစ်ခွာ၊ နေထိုင်ပါသော်၊ လူသာဖြစ်လည်း လူငနဲ။

  ၅။    ခေတ်သစ်ပညာ၊ ကင်းလွှတ်ကွာသော်၊ ခေတ်မှာလူထဲ၊ ဝင်နိုင်ခဲ၍၊ အမြဲနောက်ကျ နေမည်ပ။

  ၆။    ဘုရားအသိ၊ ကွာကင်းဘိသော်၊ ပျက်တိချော်မျိုး၊ ဂုဏ်မတိုးဘဲ၊ နွမ်းညှိုးအသရေ ယုတ်မည်ပ။

  ၇။    တရားအသိ၊ ကွာကင်းဘိသော်၊ ပျက်တိချော်မျိုး၊ ဂုဏ်မတိုးဘဲ၊ နွမ်းညှိုးအသရေ ယုတ်မည်ပ။

  ၈။    သံဃာအသိ၊ ကွာကင်းဘိသော်၊ ပျက်တိချော်မျိုး၊ ဂုဏ်မတိုးဘဲ၊ နွမ်းညှိုးအသရေ ယုတ်မည်ပ။

  ၉။    သရေပြည့်ဝ၊ လူလုံးလှအောင်၊ ဗုဒ္ဓစာပေ၊ မလွတ်စေဘဲ၊ ထွေထွေဝိဇ္ဇ္ဇာ၊ သင်္ချာသိပ္ပံ၊ တတ်ကောင်းရန်ကို၊ အားသန်လုံ့လ ခဲလေလော့။

၁ဝ။    အားခဲကြိုးကုတ်၊ ပညာလုပ်စဉ်၊ နှုတ်ရေးလှပ၊ ပြေပြစ်ကြစေ၊ မိတ္တဆွေကို၊ နှိမ်လေချလှောင်၊ နာမည်ပြောင်နှင့်၊ ငကြောင် ငနက်၊ ပုတက် ဂင်တို၊ ဝက်အို လောရှည်၊  စသည်များစွာ၊ နာမည်မဟုတ်၊ ဂုဏ်သိန်ယုတ်ဖြင့်၊ အာလုပ်ခေါ်နည်း ရှောင်လေလော့။

၁၁။    သူရှက်လေအောင်၊ သူ့ကိုလှောင်ဖို့၊ အပြောင်အပျက်၊ နာမည်ဖျက်သူ၊ နှုတ်ထက်သူ၏၊ ပူတိအပုပ်၊ စိတ်အစုတ်မှာ၊ ဖုံးအုပ်ကွာသည်၊ ဟာလာဟင်းလင်း ပွင့်လေ၏။

၁၂။    ကြင်ကြင်နာနာ၊ ရိုသေစွာလျှင်၊ သာယာခေါ်ထူး၊ ချစ်မှုန်ကူးလျက်၊ စာကျက်စာအံ၊ အလုပ်မှန်သည်၊ ကစားချိန်တန်က ကစားကြ။

၁၃။    ငယ်စဉ်နုငြား၊ ပိတ်လှောင်ထား၍၊ မကစားဘဲ၊ စာကိုစွဲသော်၊ ထူထဲထုံထိုင်း ပျော့တတ်စွ။

၁၄။    ကစားပွဲရှုံး၊ စာပြိုင်ရှုံးသော်၊ အရှုံးကိုပင်၊ မလိုချင်လည်း၊ ယဉ်ယဉ်ကျေးကျေး၊ အရှုံးပေးသည်၊ ပြုံးဆေး အငုံမပျက် ပါစေနှင့်။

၁၅။    စာသင်ခန်းတွင်း၊ ကစားကွင်းမှ၊ လုံးရင်းများစွာ၊ မှတ်ဖွယ်ရာကို၊ သေချာယူကျင့် ကျွမ်းလေလော့။

၁၆။    ကျောင်းသင်္ခန်းစာ၊ ဆိုသည်မှာလည်း၊ ရွေးကာသတ်မှတ်၊ ပြဋ္ဌာန်းအပ်သည်၊ ကန့်သတ်များတိ ရှိချေ၏။

၁၇။    အကန့်ကိုကျော်၊ တတ်ပါသော်မှ၊ တော်မြတ်လှသည်၊ ဇာနည် စာတတ် ဖြစ်လေလော့။

၁၈။    စာသင်ခန်းကျော်၊ အသိမော်ဖို့၊ တော်ရာသင့်ရာ၊ တွေ့လေရာမှာ၊ စာပေဖတ်ရှု လေ့လေလော့။

၁၉။    တွေးကြံခံစား၊ အသိပွားဖို့၊ စာများ များမြောင် ဖတ်လေလော့။

၂ဝ။    စာလာပေလာ၊ ဖတ်ဖွယ်ရာလည်း၊ ဆရာရေးသား၊ အတွေးများနှင့်၊ ခံစားချက်သာ၊ သူရေးစာကို၊ ဥာဏ်မှာတင်၍ ချင့်လေလော့။

၂၁။    ချင့်ချိန်တွက်ကာ၊ ကိုယ့်ဘာသာနှင့်၊ မြန်မာကိုယ့်ပြည်၊ ချစ်ရမည်တည့်၊ သာကီမျိုနွယ်၊ ဂုဏ်မငယ်အောင်၊ ခြယ်လှယ်သွက်လက်၊ ချက်ချက်ချာချာ၊ စိတ်ရင်းမာသည်၊ ဖြူစွာ ငြိုးမုန်း ကင်းလေလော့။

၂၂။    ကိုယ့်ပြည်သာယာ၊ ကိုယ့်ကျောင်းသာဖို့၊ စိမ်းဝါဖြူနီ၊ သီးပွင့်စည်အောင်၊ ညီညီညွတ်ညွတ်၊ စီတန်းပြွတ်လျက်၊  မချွတ်ယှက်ဖြာ၊ ပင်များစွာကို၊ စိုက်ကာ ခိုင်ထွား ပွားစေလော့။

၂၃။    ဝန်းကျင်သာယာ၊ စိတ်ချမ်းသာသည်၊ ကိုယ်မှာခန့်ကျန်း လန်းလေလိမ့်။

၂၄။    မာမာချာချာ၊ စိတ်ချမ်းသာသော်၊ ဥစ္စာစုစည်း ကြီးနိုင်လိမ့်။

၂၅။    ဆင်ခြင်တိုင်းထွာ၊ ပြည့်ပညာနှင့်၊ မှန်ရာကိုချစ်၊ ဘာသာချစ်၍၊ ပြည်ချစ်ကျန်းမာ၊ စည်းစိမ်လာသော်၊ ခေမာတိုင်ထိ၊ လက်ကိုင်မိအောင်၊ လွယ်ဘိမခက်၊ အကျင့်စွက်သည်၊ နရက်ကင်းဝေး အေးလေလိမ့်။

        ရှင်အာစာရ ဆုံးမစာ ပြီး၏

No comments:

Post a Comment