Tuesday, November 27, 2012

ဈေးသည်အပေါင်း ကြီးပွားကြောင်း (သံခိပ်)



၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်၊ ည (၇.၃၀)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီး စံပြကျေးရွာ
ဈေးသူဈေးသားအပေါင်း စုပေါင်းလှူဒါန်းသည့် ကထိန်အလှူပွဲ အကြိုဓမ္မသဘင်၊ ပထမည။

အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ဒုတိယပါပဏိကသုတ်
အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ပဉ္စမစ္ဆရိယသုတ်
ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ၊ သက္ကပဥှသုတ် စသည်ကို အခြေခံ။

ဈေးသူဈေးသား ကထိန့်ဒကာ ကထိန့်ဒကာမတွေ ကြီးပွားချမ်းသာဖို့ အကြောင်းအချက်သုံးမျိုး ဒုတိယပါပဏိကသုတ်မှာ မြတ်စွာဘုရား ဟောတော်မူ်။ ဒီသုတ်မှာ ပါပဏိကဆိုတာ ဈေးသည်။

၁။ စက္ခုမာ = မျက်စိအမြင်။ ရောင်းကုန်ပစ္စည်းကို မြင်။ ပစ္စည်းကို အကဲဖြတ်နိုင်။ ကောင်းမကောင်း၊ စစ်မစစ်သိ။

၂။ ဝိဓုရော = ဉာဏ်နဲ့ယှဉ်တဲ့ ဝီရိယရှိ။ ဆိုလိုတာက အရောင်းအဝယ် ကျွမ်းကျင်။ ရောင်းရေးဝယ်ရေးမှာ အားစိုက်။

၃။ နိဿယသမ္ပန္နော = အမှီကောင်းရှိ။ အရင်းအနှီး ထုတ်ပေးနိုင်တဲ့ သူဌေးသူကြွယ်တွေရှိ။ သူတို့ ယုံကြည်မှုကို ရယူ။

ဒါက လောကီစီးပွား ရှာကြတဲ့ တကယ့်ဈေးသည်တွေအတွက်။
ရဟန်းတော်၊ တရားဓမ္မ ကျင့်သုံးပြီး လောကုတ္တရာစီးပွား ရှာသူတွေ ကြီးပွားဖို့အတွက်ကျတော့ အဓိပ္ပာယ်က တစ်မျိုး။

၁။ စက္ခုမာ = သစ္စာလေးပါးကိုသိမြင်။

၂။ ဝိဓုရော = ကုသိုလ်ပွားဖို့၊ အကုသိုလ်ပယ်ဖို့ အားစိုက်ထုတ်။

၃။ နိဿယသမ္ပန္နော = အမှီကောင်းရှိ။ ဓမ္မအသိ မရှင်းတာကို ဖြေရှင်းပေးနိုင်မယ့်၊ သင်ကြားပေးနိုင်မယ့် ဆရာကောင်းရှိ။

ဒီ သုံးမျိုးနဲ့ ပြည့်စုံရင် ဈေးသည်တွေ ကြီးပွား။ လောကုတ္တရာ စီးပွားလည်း ရနိုင်။

စီးပွားတွေ စုဆောင်းမိပြီ၊ ကြီးပွားပြီး ဆိုရုံနဲ့ ဘဝမှာ ချမ်းသာသုခ မပြည့်စုံသေး။

ရန်ငြိုးကင်းမှ၊ ဒဏ်ဆိုးကင်းမှ၊ ရန်သူမရှိမှ၊ စိတ်ဆင်းရဲစရာ မရှိမှ၊ ဒေါသထွက်စရာ မရှိမှ နေထိုင်ရှင်သန်ရတာ ချမ်းသာ။ ရန်ငြိုးတွေ၊ ဒဏ်ဆိုးတွေ၊ ရန်သူတွေ၊ စိတ်ဆင်းရဲစရာတွေ၊ ဒေါသအာရုံတွေ ဘယ်သူမှ အလိုမရှိ။ ဒါပေမယ့် လူနတ်ဗြဟ္မာ သတ္တဝါတွေဟာ မလိုလားအပ်တာတွေနဲ့ ရင်ဆိုင်နေကြရ။ ဘာ့ကြောင့်?
စဉ်းစားကြည့်ကြ။
ဘုရားရှင် လက်ထက်တော်က သိကြားမင်းကြီး အဲ့ဒါကို စဉ်းစားခဲ့ဖူး။ ဒါပေမယ့် အဖြေမရလို့ ဘုရားရှင်ကို မေးရ။

ဘုရားရှင်ရဲ့ အဖြေက ရှင်းရှင်းလေး။
“ဣဿာမစ္ဆရိယသံယောဇနာ”
ဣဿာမစ္ဆရိယ သံယောဇဉ်ကြောင့်။

ဣဿာ = မနာလို။
Jealousy is an emotion and typically refers to the negative thoughts and feeling of insecurity, fear and anxiety over an anticipated loss of something that the person values.

မစ္ဆရိယ = ဝန်တို
၁။ အာဝါသမစ္ဆရိယ
ဈေးဆိုင်၊ အိမ်၊ ကျောင်း။ အဆောက်အဦး ကောင်းတာဆို ကိုယ့်အတွက်ပဲ ဖြစ်စေချင်၊

၂။ ကုလမစ္ဆရိယ
ဈေးဝယ်သူ၊ ဖောက်သည်၊ အပေါင်းအသင်း၊ အသိုင်းအဝိုင်း၊ ကိုးကွယ်သူ ဒကာဒကာမ ကိုယ့်အတွက်ပဲ ဖြစ်စေချင်၊

၃။ လာဘမစ္ဆရိယ
အမြတ်အစွန်း၊ ပစ္စည်းဥစ္စာ၊ ပစ္စည်းလေးပါး ကိုယ့်အတွက်ပဲ ဖြစ်စေချင်၊

၄။ ဝဏ္ဏမစ္ဆရိယ
ရုပ်ရည်အဆင်း၊ ဂုဏ်သတင်း ကိုယ်ပဲ ပိုင်ချင်၊

၅။ ဓမ္မမစ္ဆရိယ
ဗဟုသုတ၊ တရားအသိ ကိုယ်ပဲသိချင်။

မကောင်းမှုတွေ၊ မကောင်းကျိုးတွေမှာ ယှဉ်တွဲပေးတဲ့ သံယောဇဉ်။
ဒီသံယောဇဉ် တရားဆိုး နှစ်မျိုးကြောင့် လောကမှာ ရန်ငြိုးတွေ၊ ဒဏ်ဆိုးတွေ၊ ရန်သူတွေ၊ စိတ်မချမ်းသာစရာတွေ၊ ဒေါသအာရုံတွေနဲ့ ကြုံတွေ့နေကြရ။

ပါပဏိကသုတ်တော်ထဲက လမ်းညွှန်ချက်ကို လိုက်နာနိုင်လို့ စီးပွားဥစ္စာတွေ စုဆောင်နိုင်ရင်တောင်မှ ဣဿာမစ္ဆရိယကြောင့် ဆင်းရဲကြရတတ်။

စီးပွားဥစ္စာများ ရှာဖွေစုဆောင်းနိုင်ပြီး၊ ရန်ငြိုးကင်း ဒဏ်ဆိုးကင်း ရန်သူကင်း စိတ်မချမ်းသာစရာကင်း ဒေါသဖြစ်စရာကင်းတဲ့ ဘဝသုခကို ခံစားနိုင်ကြပြီး လောကုတ္တရာစီးပွား ဓမ္မသုခပါ ခံစားနိုင်အောင် ကြိုးစားနိုင်ကြတဲ့ ဈေးသူဈေးသားများ၊ ကထိန့်ဒကာ ကထိန့်ဒကာမများ ဖြစ်ကြပါစေကုန်သတည်း . . . . .။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

-----
Comment:
ဓာတ်ပုံ -
Secondary II in Action
“ဝိဇ္ဇာဒါယာဒ” ဓမ္မစာသင်ဆောင် (၁)
“ရာဟုလာ” ဓမ္မသင်တန်းကျောင်း
စိုင်ပြင်ကြီး၊ ဒီပဲယင်း၊ စစ်ကိုင်း

No comments:

Post a Comment