Saturday, February 12, 2011

Birthday Thought - မွေးနေ့အတွေး


တောင်စဉ်ရေမရ အတွေးစတွေပါ။ Gmail မှာ ဖတ်လိုက်ရတာ တစ်ခုကနေ စခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက် Forward လုပ်လိုက်တဲ့ အထဲမှာ ဖြစ်ပါတယ်။ မနက်ဖန် ဖေဖော်ဝါရီ ၁၃၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တဲ့။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဘာတွေသိသလဲ စဉ်းစားကြည့်တော့ သိတာဆိုလို့ မယ်မယ်ရရ မရှိလှ။ ဒဂုံတာရာရဲ့ “အောင်ဆန်း သို့မဟုတ် အရိုင်း”ဆိုတာကို နာမည်ပဲ ကြားဖူးပါတယ်။ ခုထိ မဖတ်ဖူးသေးပါ။ ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာလုပ် ထုတ်ဝေခဲ့တယ်ဆိုတဲ့ “ငရဲခွေးကြီး . . .”ဆိုတာကိုလည်း နာမည်သာ ကြားဖူးပါတယ်။ ခုထိ မဖတ်ဖူးသေးပါ။ တက္ကသိုလ်နေ၀င်းရဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာတွေကို ခုံကျော်ကွက်ကြား ဖတ်ဖူးပါတယ်။ ဘာကိုမှ ပီပီပြင်ပြင် မမှတ်မိတော့ပါ။

မူလတန်း ဖတ်စာထဲမှာ ဖတ်ခဲ့ရတာ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆင်းရဲသားတွေအပေါ် စာနာတတ်ပုံ။ ခပ်ရေးရေးပဲ စဉ်းစားလို့ ရပါတော့တယ်။ အမျိုးသမီး တစ်ယောက်က မိခင်ကြီး ဒေါ်စုဆီ အကြွေးလာယူတော့ ကြွေးဟောင်းတောင် မကျေသေးလို့ ဒေါ်စုက နောက်ထပ် အကြွေးမပေးချင်ဘူးတဲ့။ သူလည်း ရှိရင်တော့ ပေးချင်မှာပေါ့၊ မရှိသေးလို့ မပေးသေးတာနေမှာပေါ့၊ ပေးလိုက်ပါလို့ သားလေးအောင်ဆန်းက ၀င်ပြောတယ်တဲ့။ အဲဒီလို ထင်တာပါပဲ။

“ဖေဖောဝါရီ ဆယ့်သုံးမှာ၊
ဗိုလ်ချုပ်မွေးနေ့ပါ။”
၂၀ရာစုခေတ်မှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မွေးနေ့မှတ်တမ်း မှန်ကန်လိမ့်မယ် ထင်ပါတယ်။

“ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊
ဗိုလ်ချုပ်ချမှတ်သွား။”
ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။ ဆိုရှယ်လစ်ခေတ်ကစာမို့ ခေတ်အလိုက် ရေးထားတာ ဆိုရင်တော့ ဆိုရှယ်လစ်ခေတ် မဟုတ်တော့တဲ့ ခုခေတ်မှာ ကဗျာစာသားကို ပြင်ရပါတော့မယ်။

ငယ်ငယ်က ရွာသားကြီးတစ်ယောက် ခဏခဏ ပြောတာကို နားထောင်ခဲ့ရဖူးပါတယ်။ “အဲဒီကောင် အောင်ဆန်း သေသွားလို့။ မသေလို့ သူသာ တိုင်းပြည်အုပ်ချုပ်ရင် ခုနေ ဗုဒ္ဓဘာသာ ပျက်လောက်ပြီ။ တစ်ရွာတစ်ကျောင်းတဲ့။ တစ်ကျောင်းတစ်ပါးတဲ့။ ဘုရားလည်း တစ်ဆူပဲတဲ့။ ဘယ်လိုလုပ်မလဲ။ အဲဒီကောင် ကွန်မြူနစ်။” ဆိုရှယ်လစ်ပဲဖြစ်ဖြစ်၊ ကွန်မြူနစ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း အုပ်ချုပ်ရင် ဗုဒ္ဓဘာသာ ပျက်မယ်ဆိုတာကို သိပ်မယုံ။ လက်မခံချင်။ ကလေးမို့သာ ဘာမှပြန်မပြောရဲခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာလည်း နတ်မောက်ဦးသောဘိတရဲ့ တပည့်ပဲ။ ဗုဒ္ဓဘာသာကို ဖျက်လိုဖျက်ဆီးတော့ မလုပ်လောက်ဘူး ထင်ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း” ကဗျာကို တတိယတန်းမှာ ကျက်ခဲ့ရတာ ထင်ပါတယ်။ အဲဒီတုန်းက မူလတန်း ဆရာမကြီးက တည်တည်ရိုးရိုးကြီး။ ကဗျာကျက်ခိုင်း။ စကားပြေရေးခိုင်း။ ဒါပဲ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အထွေအထူး ပြောမပြ။ လေးစားဖို့လည်း မပြော။ အားကျဖို့လည်း လမ်းမညွှန်။ သူကိုယ်တိုင် မသိလို့ ပြောမပြတာလည်း ဖြစ်မယ်ထင်ပါတယ်။ သူက အပျိုကြီး။ စာသင်တာ တာဝန်ကျေပေမယ့် ဘာသာရေး ပိုပြီး စိတ်ဝင်စားတဲ့ပုံ။ သူက သီတင်းတိုင်း ဥပုသ်စောင့်တာဆိုတော့ စနေ တနင်္ဂနွေမှာ ကျောင်းမပိတ်ဘဲ အဖိတ် ဥပုသ်ကျမှ ကျောင်းပိတ်ပါတယ်။ အထက်က မူချမှတ် ပေးသလား၊ သူ့သဘောနဲ့သူ လုပ်သလားတော့ မသိပါဘူး။ တန်းကျောင်းသားတွေကို ဘုန်းကြီးကျောင်းမှာလို တန်းစီထိုင်ပြီး ဘုရားရှိခိုးခိုင်းတာ ကျောင်းဆင်းချိန်မှာ နေ့တိုင်းပဲ။ သူက တောသူဌေး။ ခုတော့ သူ့ရှိတာတွေ အကုန်လုံး တူတွေတူမတွေကို ခွဲပေးလိုက်ပြီး၊ သူ့အတွက်တော့ မိုးညှင်းသမ္ဗုဒ္ဓေမှာ ကျောင်းလေးတစ်ဆောင်ဆောက်ပြီး ရာသက်ပန်ယောဂီ လုပ်နေပြီ။

၁၉၈၆ခုနှစ်မှာတုန်းက အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာကြီးကတော့ ခရစ်ယန်။ သူလည်း သူ့ဘာသာနဲ့သူတော့ ဘာသာရေး ကိုင်းရှိုင်းတာပါပဲ။ သူနဲ့တွေ့တော့ စာပေလွတ်လပ်ခွင့်တို့ လူ့အခွင့်အရေးတို့ ဆိုတာတွေ သူ့ဆီက ကြားခဲ့ရတယ်။ သူက ၈၈၈၈  မတိုင်ခင်ကတည်းက အဲဒီအကြောင်းတွေ ပြောနေတာ။ “ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ မတရားပါဘူး။ သဘောထားက သေးလွန်းတယ်။ စာအုပ်တစ်အုပ် ရေးတာနဲ့ စာရေးတဲ့ ဘုန်းကြီးကို ၀ိုင်းဆော်ကြတယ်တဲ့။ စာပေလွတ်လပ်ခွင့် မရှိလို့ပေါ့။” သူက သျှင်ဥက္ကဋ္ဌရဲ့ “လူသေလူဖြစ်”ကိစ္စကို ပြောတာပါ။ ၂၀၀၃ ခုနှစ် ရောက်တော့ စီနီယာ သူငယ်ချင်း ဘုန်းကြီးတစ်ပါးက ပြောပြပါတယ်။ “လူသေလူဖြစ် စာအုပ်ကိုရေးတာ ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းလို့ ရေးရတာ။ ဂျပန်စစ်သားတွေက ဂျပန်ကြီးသေရင် ဂျပန်လေး ပြန်ဖြစ်တယ်လို့ ယုံထားတော့ သေရမှာ မကြောက်ဘူး။ စစ်တိုက်တာ ရဲတယ်။ ဗမာစစ်သားတွေလည်း အဲဒီလိုရဲအောင် ဆရာတော် စာရေးပါအုံးဆိုလို့ ရေးပေးရတာ။ အဲဒီစာအုပ်ကို ထုတ်ဝေမယ်လို့ ဆရာတော်က ယတိပြတ် မဆုံးဖြတ်ရသေးခင် သူထောင်ကျနေတုန်း တပည့်တွေက ထုတ်ဝေလိုက်တာ။” ဘာပဲဖြစ်ဖြစ် ဖတ်ကြည့်တော့ လူသေလူဖြစ် သီအိုရီကို မကြိုက်ပါ။ တစ်ခြားစာအုပ်တစ်ချို့ ဖတ်မိသလောက်တော့ ကောင်းတာတွေ ပါပါတယ်။  ဥက္ကဋ္ဌစရိယာဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာဆိုရင် အရေးအသား ခန့်လည်းခန့်တယ်။ သွက်လည်း သွက်တယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးတို့ရဲ့ “လယ်တီတရားသတင်းစာ”မှာ ရေးခဲ့တာတွေလည်း ကောင်းပါတယ်။ နောက်ဆုံး နှိပ်ကွပ်ခံလိုက်ရပေမယ့် သူလည်း ဗုဒ္ဓဘာသာအတွက် တကယ်အလုပ်လုပ်ခဲ့တာပါ။ ရွှေချိန်ခွင်။ ကျောက်ကွင်းအရေးတော်ပုံ။ တောင်တွင်းကြီးမှာ အခြေချပြီး အလုပ်လုပ်ခဲ့တာပါ။

တောင်တွင်းကြီးက အသံတစ်သံ မှတ်မိပါသေးတယ်။ စာပေဟောပြောပွဲ ကက်ဆက်တိတ်ခွေမှာ နားထောင်ခဲ့ဖူးတာပါ။ စာပေလူကြမ်းမင်းသား အောင်သင်း။ တောင်တွင်းက အောင်းသင်း။ ထောင်တွင်းက အောင်သင်း။ “ဗိုလ်ချုပ်အောင်ဆန်းက မစားဘဲနဲ့ စွန့်ခဲ့လို့ ခုလူတွေ မစွန့်ဘဲနဲ့ စားနေရတာပေါ့။”

နောက်တစ်ခုက “မျိုးဆက်သစ်တိုးတက်ရစ်ဖို့”ထဲမှာ (ဒကာကြီး)အောင်သင်း ညွှန်းထားလို့ ဖတ်မိတဲ့ စာအုပ်။ “သောင်းထိုက်”ဆိုတဲ့ ဆရာကြီးရဲ့ နာမည်ကို သူပြောလိုက်မှ အာရုံစိုက်မိပါတယ်။ ညွှန်းပုံက "ဆရာသောင်းထိုက်ဟာ စာကို စာဖြစ်ရုံ ရေးတာမျိုးမဟုတ်ဘဲ သူ့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားပြီး စာဖတ်သူတွေအတွက် အကျိုးရှိအောင် စေတနာထားပြီး ရေးလေ့ရှိပါတယ်။ သူတို့လို စာရေးဆရာတွေရဲ့ တင်ပြချက်တွေကို သေချာဂရုပြုပြီး ဖတ်ကြည့်သင့်ပါတယ်"တဲ့။ ဖတ်မိတဲ့ စာအုပ်က “အမှန်တရား မြတ်နိုးခြင်း”။ အဲဒီထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားပွင့်လင်းမှုကို ချီးကျူးထားတာ ဖတ်ရပါတယ်။ “မကြာခဏ ကျွန်တော်တို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သွားသတိရမိ၏။ လူပုံအလယ်တွင် လိုအပ်လာပြီဆိုလျှင် အပေါ်အင်္ကျီချွတ်၍ စွပ်ကျယ်အပြဲနှင့် နေရဲသူ၊ လူထုဟောပြောပွဲ၌ ‘ဖာနိုင်ငံ’ ‘ပြဲနေအောင် လုပ်နိုင်မှ’ ဟူသည့် အသုံးအနှုန်းများ သုံးရဲသူ၊ ကက်ဗိနက် ထိုင်နေစဉ် ‘ကြည်ရေ . . . . ပဲပြုတ်နဲ့ နံပြားစားချင်တယ်’ စာရေးခဲ့သူမှာ တကယ့် သစ္စာတရား မြတ်နိုးသူ၊ ဟန်မဆောင်တတ်သူ ဆင်းဆီးယားဖြစ်သည့် ခေါင်းဆောင်ကြီး မဟုတ်ပါလော။” “အမှန်တရား မြတ်နိုးခြင်း”ဆိုတဲ့ စာအုပ် e-Copyကို အင်တာနက်မှာ ရှာဖတ်နိုင်ပါတယ်။

အင်တာနက်မှာ သိချင်တာ အားလုံးမဟုတ်တောင်မှ တော်တော်များများကို ရနိုင်တာမို့ ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက် မွေးနေ့ရှင် ဘယ်သူတွေ ရှိသေးလဲ သိရအောင် Googleနဲ့ ရှာကြည့်တာ တစ်ယောက်တွေ့ပါတယ်။ Lyle S. Bettger. မွေးဖွား - ဖေဖော်ဝါရီ ၁၃၊ ၁၉၁၅။ ကွယ်လွန် - စက်တင်ဘာ ၂၄၊ ၂၀၀၃။ Hollywoodမင်းသား။ The Greatest Show on Earthမှာ Oscarဆုရ။ ဗိုလ်ချုပ်အောင်ဆန်း အသက်တိုသလောက် သူကျတော့ အသက်ရှည်လိုက်တာ။ ၈၈နှစ် နေသွားရတယ်။ ကံလို့ပဲ ပြောရမှာလား။ ဗုဒ္ဓဘာသာ အလိုအရ ဘာဖြစ်ဖြစ် ကံအကြောင်းနဲ့ မကင်းပေမယ့် ကံချည်းသက်သက်တော့လည်း မဟုတ်ပြန်။ ဖြစ်ပျက်ကြုံတွေ့ရသမျှအကျိုးရလဒ် <= အတိတ်/ပစ္စုပ္ပန်ကံ + အထောက်အပံ့ အခြေအနေ။ ကံ။

ကံကို ယုံတဲ့အနေနဲ့ သွားလေသူ ဗိုလ်ချုပ်အောင်ဆန်းအတွက် ရေစက်ချက် အမျှဝေလိုက်ရမလား။ ထုံးစံအတိုင်း “ကောင်းရာသုဂတိ လားပါစေ”လို့ ဆုတောင်းရမှာလား။ မွေးနေ့ဆိုတော့ မကြားနိုင်လောက်ပေမယ့် “Happy Birthday”လို့ ပြောလိုက်ရမလား။ ဟိုနေ့က တင်ခဲ့တဲ့ “အိမ်အစစ်”ထဲမှာတော့ သေတာကို ငိုတယ်ဆိုရင် မွေးတာကိုလည်း ငိုရမှာပဲတဲ့။ မွေးလာရင် သေရမှာမို့ပါတဲ့။ တောင်စဉ်ရေမရ အတွေးစတွေပါ။

Picture from (12 February 2011):
https://picasaweb.google.com/niknayman.niknayman/GeneralAungSan#5360136920350776626A

No comments:

Post a Comment