Tuesday, September 21, 2010

The Way to Nibbana (Part 5) - နိဗ္ဗာန်လမ်း (အပိုင်း ၅)

တောင်းရမ်းစားခြင်းသည် အသက်မွေးမှုပုံစံတစ်မျိုး ဖြစ်လာသောအခါ တစ်ချို့နိုင်ငံများ၌ သူတောင်းစားပြဿနာသည် ကိုယ်တွယ်ဖြေရှင်းရမည့် ကိစ္စတစ်ရပ် ဖြစ်နေပေသည်။ သူတောင်းစားများ ရှိနေခြင်းသည် သိက္ခာရှိသည့် နိုင်ငံတို့၏ အသရေကို ထိခိုက်စေနိုင်သောကြောင့် ကံအကြောင်းမလှသော သူတောင်းစားတို့ကို ကရုဏာထားသောအားဖြင့် ဤပြဿနာကို သက်ဆိုင်ရာ အစိုးရတို့က လိုလိုလားလား ဖြေရှင်းပေးသင့်ပေသည်။

ရုပ်ဝတ္ထုကြွယ်ဝသူတို့က ရုပ်ဝတ္ထု ချို့တဲ့သူတို့ကို ကရုဏာသက်၍ သူတို့ဘ၀ကို ကြိုးစား မြှင့်တင်ပေးသင့်၏။ ထို့အတူပင် နာမ်ပိုင်းဆိုင်ရာ ကြွယ်ဝသူတို့၏ တာဝန်မှာလည်း ရုပ်ဝတ္ထုသာကြွယ်ဝပြီး နာမ်ပိုင်းဆိုင်ရာ ဆင်းရဲနေသူတို့ကို ကရုဏာသက်ရန် ဖြစ်ပေသည်။ စည်းစိမ်ချမ်းသာ သက်သက်သည် စစ်မှန်သော ပျော်ရွှင်မှုကို ဆောင်ချဉ်းမပေးနိုင်။ စိတ်ငြိမ်းချမ်းမှုကို ရုပ်ဝတ္ထုရတနာတို့ဖြင့် လဲလှယ်၍ မရနိုင်။ စိတ်အလှ နာမ်ရတနာတို့ဖြင့်သာ လဲလှယ်နိုင်ပေသည်။ ယနေ့ကမ္ဘာရှိ လူများစွာတို့သည့် အလွယ်တကူ မရရှိနိုင်သော နာမ်အာဟာရ ဆိုးဆိုးဝါးဝါး ချို့တဲ့လိုအပ်နေကြ၏။ အကြောင်းကား လူဆင်ရဲ လူချမ်းသာ နှစ်မျိုးလုံး၌ တည်ရှိနေသော နာမ်ပိုင်းဆိုင်ရာ ချို့တဲ့မှုသည် ရုပ်ဝတ္ထု မပြည့်စုံမှုထက် အရေအတွက် ပိုများသောကြောင့် ဖြစ်ပေသည်။

ရောဂါဘယသည် ဆင်းရဲနွမ်းပါးမှုထက် ပို၍ပင် ကမ္ဘာတစ်ဝှန်းလုံး ပြန့်နှံ့နေပေသည်။ လူများစွာတို့ ရုပ်ဝေဒနာ ခံစားနေရသည်။ တစ်ချို့က စိတ်ဝေဒနာ ခံစားနေရ၏။ သိပ္ပံပညာသည် ရုပ်ဝေဒနာရှင်တို့အတွက် အစွမ်းထက်သည့် ဆေးဝါးများ စီမံပေးနိုင်သော်လည်း စိတ္တဇဆေးရုံးများ၌ ချောင်ထိုးထားခြင်း ခံရတတ်သော စိတ်ဝေဒနာရှင်တို့အတွက်ကား စီမံပေးနိုင်ကြပေ။

ဤဝေဒနာ နှစ်မျိုးအတွက် အကြောင်းများစွာ ရှိ၏။ ယောက်ျားမိန်းမတို့ အစွမ်းထက်သော ကုသမှုတစ်ခု ပြုလုပ်လိုကြပါလျှင် ထိုအကြောင်းတရားတို့ကို ပယ်ရှားဖို့ ကြိုးစားကြပေမည်။

နိုင်ငံပေါင်းစုံသည် လူသားတို့ အတွက်သာမက တိရစ္ဆာန်များ အတွက်ပါ ရောဂါကုသရန်နှင့် ကာကွယ်ရန်အတွက် ထိရောက်သော စီမံကိန်းများကို အကောင်အထည်ဖော် နေကြလေပြီ။

ဗုဒ္ဓရှင်တော်သည် လူနာကို ကိုယ်တော်တိုင် ပြုစုခြင်းဖြင့်လည်းကောင်း၊ “လူနာကို ပြုစုလုပ်ကျွေးသူသည် ငါဘုရားကို ပြုစုလုပ်ကျွေးသည် မည်၏”ဟူသော အောက်မေ့ဖွယ် စကားတို့ဖြင့် တပည့်သာဝကတို့ကို အလေးအနက် တိုက်တွန်းခြင်းဖြင့်လည်းကောင်း စံနမူနာတစ်ရပ် ချမှတ်တော်မူခဲ့လေသည်။

ကိုယ်ကျိုးမငဲ့သော ဆရာဝန်တို့သည် ဆင်းရဲဒုက္ခ လျော့ပါးရေးအတွက် အခမဲ့ ၀န်ဆောင်မှုများ ပေးကြ၏။ အချို့ကား သူတို့အသက်ကိုပင် ပဓာန မထားဘဲ ဆင်းရဲ့သည့် လူနာများကို ပြုစုရင်း အချိန်နှင့် စွမ်းအင်အားလုံးတို့ကို အသုံးပြုကြပေ၏။

ဆေးရုံနှင့် အခမဲ့ ဆေးပေးခန်းတို့သည် လူသားတို့အတွက် ကောင်းချီးမင်္ဂလာများ ဖြစ်နေလေပြီ။ သို့သော် နွမ်းပါးသူတို့ အကျိုးရှိရန်အတွက် ဆေးရုံနှင့် အခမဲ့ ဆေးပေးခန်းများ များစွာ လိုအပ်နေသေး၏။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ ဆေးဘက်ဆိုင်ရာ အဆောက်အဦ အထောက်အပံ့ ချို့တဲ့မှုကြောင့် နွမ်းပါးသူတို့ ဆင်းရဲဒုက္ခ ခံစားနေရ၏။ လူမမာကို ဆေးကုသရန်အတွက် အနီးဆုံး ဆေးရုံ သို့မဟုတ် ဆေးပေးခန်းသည်ပင် ခက်ခက်ခဲခဲ သွားရောက်ရသော မိုင်ပေါင်းများစွာ ဝေးကွာရာ၌ တည်ရှိနေ၏။ တစ်ခါတစ်ရံ လမ်းခရီး၌ အသက်ဆုံးကြရ၏။ ကိုယ်ဝန်ဆောင် မိခင်တို့မှာ အဆင်းရဲဆုံး ဖြစ်၏။ မဖွံ့ဖြိုးသေးသည့် ကျေးလက်ဒေသတို့၌ ဆေးရုံ ဆေးပေးခန်း သားဖွားခန်း စသည်တို့ မရှိမဖြစ် လိုအပ်နေ၏။

ဆင်းရဲနိမ့်ကျသူနှင့် ခိုကိုးရာမဲ့သူတို့သည် ချမ်းသာကြွယ်ဝသူတို့၏ ကရုဏာနှင့် ထိုက်တန်ပေ၏။ တစ်ခါတစ်ရံ၌ အစေခံနှင့် အလုပ်သမားတို့ကို လစာအပြည့် မပေးကြပေ။ အစာ ၀၀ မကျွေးကြပေ။ အ၀တ်အစား ပြည့်ပြည့်စုံစုံ မဆင်ကြပေ။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံသည်လည်း ရှိတတ်၏။ ဥပဒေနှင့် ညီညွတ်သော တရားစီရင်မှုကို မရကြပေ။ သူတို့ခမျာ မျက်ကွယ် အပြုခံနေကြရ၏။ အားနည်းသူကို နှစ်သိမ့်အားပေးမည့်သူ မရှိသကဲ့သို့ ဖြစ်နေ၏။ ထူးခြားသည့် အမှုတစ်ချို့၌ သတင်းထောက်များကို ဖွင့်ပေးပြီး လူသား၏ ရက်စက်မှုကို လူသိရှင်ကြား ကြားနာစစ်ဆေး၏။ အလားတူ ကိစ္စရပ် မြောက်များစွာကိုကား မသိလိုက်ကြရပေ။ ဤသို့ ကံခေသူတို့အတွက် အရာရာကို တိတ်ဆိတ်စွာ ငုံ့ခံနေရသည့် မြေမဟီကဲ့သို့ ရိုးကျိုးစွာ အနင့်နာခံရုံမှတစ်ပါး အခြားရွေးစရာ မရှိတော့ပေ။ သောက ဒုက္ခကို မခံစားနိုင်တော့သည့် အဆုံး၌ လုံးလုံးကြံရာမရဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြလေ၏။

ဆိုးသွမ်းသူ ကောက်ကျစ်သူနှင့် အသိဥာဏ်မဲ့သူတို့သည်ကား စိတ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ ချူချာသူများ ဖြစ်ကြသောကြောင့် ကာယိကဒုက္ခ ခံစားနေရသူတို့ထက် ပို၍ပင် ကရုဏာသက်ထိုက်သူများ ဖြစ်ကြ၏။ သူတို့ကို မရှုတ်ချသင့်ပေ။ မစက်ဆုပ်သင့်ပေ။ သူတို့၏ အားနည်းချက်နှင့် သူတို့၏ အပြစ်အနာအဆာတို့အတွက် သနားငဲ့ညှာရန်သာ သင့်လျော်၏။ မိခင်သည် သားသမီး အားလုံးတို့ကို အညီအမျှ သနားကြင်နာသော်လည်း မကျန်းမမာ ချူချာနေသော ကလေးကို ပို၍ ကရုဏာသက်၏။ အလားတူပင် စိတ်ကျန်းမာရေး မပြည့်စုံသူတို့ကို ပို၍ ကရုဏာထားသင့်၏။ အဘယ်ကြောင့်ဆိုသော် စိတ်ကျန်မာရေး ချို့တဲ့မှုသည် ကိုယ့်ကျင့်တရားကို ပျက်ပြားစေသောကြောင့် ဖြစ်၏။

ဥပမာအားဖြင့် ဗုဒ္ဓရှင်တော်သည် အမ္ဗပါလီ ပြည့်တန်ဆာမနှင့် ခိုးသားဓားပြကြီး အင်္ဂုလိမာလတို့ အပေါ်၌ ကြီးမားသော ကရုဏာတရား ထားရှိခဲ့၏။ နောက်ပိုင်း၌ သူတို့နှစ်ဦးစလုံး ဘုရားရှင်၏ တပည့်သာဝကများ ဖြစ်လာကြပြီး ကိုယ့်ကျင့်တရား ပြန်လည်ထူထောင်ရာ၌ အဆုံးစွန်ထိ ပြီးမြောက်ခဲ့ကြလေသည်။

သူတို့ မည်မျှပင် ဆိုးသွမ်းသော်လည်း သူတို့၏ ပါရမီဓာတ်ခံ ကြီးရင့်မှုကို နားလည်သင့်ပေသည်။ အချိန်ကိုင် ဖွင့်ဆိုပြောကြားအပ်သော စကားတစ်ခွန်းသည် တစ်ဦးတစ်ယောက်၏ သဘောထားအမြင် တစ်ခုလုံးကို ပြောင်းလဲစေနိုင်၏။

အင်ပါယာဘုရင် အသောကသည် “စဏ္ဍာသောက”ဟု ကဲ့ရဲ့သမုတ်အပ်သည်အထိ ပြစ်မှုမြောက်များစွာကို ကျူးလွန်ခဲ့၏။ နောင်သောအခါ သူသည် “အသောကမဟာရာဇာ” ဖြစ်လာခဲ့၏။ “(မမေ့လျော့သော) လုံ့လသည် မသေရာ နိဗ္ဗာန်သို့ သွားရားလမ်း ဖြစ်၏”ဟု သာမဏေငယ်ထံမှ ကြားရသော စကားတို့သည့် သူ့ဘ၀ကို အကြီးအကျယ် ပြောင်းလဲစေခဲ့လေ၏။

ဘုရားရှင်၏ လမ်းညွှန်ချက်ကား လူမိုက်ကို မပေါင်းသင်းရန် ဖြစ်၏။ ဤ အချက်သည် လူတော်လူကောင်းတို့သည် လူမိုက်တို့ကို ပြုပြင်ထိန်းကျောင်း ပေးရန်အတွက်ပင် အပေါင်းအဖော် မပြုအပ်ဟု ဆိုလိုသည် မဟုတ်။ လူအများက ကူးစက်ရောဂါ ခံစားနေရသူတို့ကို ရှောင်ကြဉ်ကြ၏။ ကရုဏာရှင် သမားတော်တို့သည်ကား ဝေဒနာရှင်တို့ကို ရောဂါပျောက်ကင်းအောင် ပြုစုကြ၏။ ထိုသို့ မပြုစု မကုသလျှင် ဝေဒနာရှင်တို့ အသက်ဆုံးသွားနိုင်၏။ အလားတူပင် ဆိုးသွမ်းကောက်ကျစ်သူတို့သည် လူကောင်းတို့က သူတို့ကို သဘောထားကြီးစွာ လက်မခံနိုင်ကြလျှင် သနားကရုဏာ မထားကြလျှင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျရှုံးသေဆုံး သွားနိုင်၏။

ကျင့်ဝတ်ထုံးတမ်း တစ်ခု အနေဖြင့် ဘုရားရှင်သည် ဆင်းရဲသူ ဥာဏ်မဲ့သူ ဆိုးသွမ်းသူတို့ကို ရှာဖွေကြည့်ရှုတော်မူ၏။ သို့သော် ကိုယ်တော်မြတ်နှင့် တွေ့ရသောအခါ ကောင်းမြတ်သူ ဂုဏ်ရှိသူတို့ ဖြစ်လာကြ၏။

(ချစ်ခင်ကြင်နာမှု) မေတ္တာကဲ့သို့ပင် (သနားငဲ့ညှာမှု) ကရုဏာကိုလည်း ပေါက်ဖွားပြီးနှင့် မပေါက်ဖွားရသေးသော သနားစဖွယ် တိရစ္ဆာန်တို့ အပါအ၀င် ဆင်းရဲ့ဒုက္ခ ခံစားနေရသော ကူကယ်ရာ မဲ့နေကြသော သတ္တ၀ါ အားလုံးတို့ထံသို့ ရောက်သည်အထိ အကန့်အသတ်မဲ့ ဖြန့်ကျက်သင့်ပေသည်။

အမျိုးဇာတ် အသားအရောင် သို့မဟုတ် အမျိုးအနွယ်တို့ကို အကြောင်းပြု၍ လူသားတို့၏ အခွင့်အလမ်းနှင့် အခွင့်အရေးတို့ကို ငြင်းပယ်ခြင်းသည် လူမဆန်မှုနှင့် ရက်စက်မှုပင် ဖြစ်၏။ တိရစ္ဆာန်တို့၏ အသားကို အာသာငန်းငန်း စားသောက်ခြင်း၊ ကောင်းကင်ယံမှ ဗုံးမိုးကျဲချကာ သန်းပေါင်းများစွာသော ယောက်ျား မိန်းမနှင့် ကလေးသူငယ်တို့ကို ရက်ရက်စက်စက် ချေမှုန်းခြင်းတို့သည် တွေဝေမိုက်မဲသူတို့ ကျူးလွန်ဖူးသမျှ အဆိုးရွားဆုံး ရက်စက်မှုများပင် ဖြစ်၏။

သနားကြင်နားခြင်း ကင်းမဲ့သော အမုန်းရန်ငြိုး ထူပြောသော ယနေ့ကမ္ဘာသည် ရက်စက်ကြမ်းကြုတ်မှု ယဇ်ပလ္လင်၌ သက်ရှိမြေကမ္ဘာပေါ်ရှိ တန်ဖိုးအရှိဆုံး အရာတို့ကို စတေးခဲ့ကြလေပြီတည်း။ ကရုဏာတရား ဘယ်ဆီဘယ်ဝယ်သို့ ထွက်ပြေးလေသနည်း။

အကြမ်းဖက်မှုနှင့် ရက်စက်မှုတို့ကို မြေမျက်နှာပြင်ပေါ်မှ မောင်းထုတ်ပစ်ရန်အတွက် ယနေ့ကမ္ဘာသည် ကရုဏာတရား ပြည့်ဝသည့် ယောက်ျားမိန်းမတို့ကို လိုအပ်နေ၏။

ဗုဒ္ဓဘာသာ၏ ကရုဏာ ဟူသည်မှာ သောကမျက်ရည် ကျခြင်းမျိုးတို့ကိုသာ ပဓာန မထားကြောင်း မှတ်သားသင့်၏။ အဘယ့်ကြောင့်ဆိုသော် ကရုဏာ၏ သွယ်ဝိုက်သော ရန်သူသည် ရာဂမှ ဖြစ်ပေါ်လာသည့် သောက ဖြစ်သောကြောင့်တည်း။

ကရုဏာသည် သောကရောက်နေသည့် သတ္တ၀ါ အားလုံးတို့ကို ထွေးပွေ့ယုယတတ်၏။ မေတ္တာသည် ပျော်ရွှင်သူ သို့မဟုတ် ပူဆွေးသူ သက်ရှိသတ္တ၀ါ အားလုံးတို့ကို သိမ်းကြုံးပွေ့ဖက်တတ်၏။

နာဒရထေရ်   The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment