(Sep 26, 2017)
စာချဘွဲ့ လိုချင်တဲ့ ဘုန်းဘုန်းတွေ ဘွဲ့လျှောက်လွှာ တင်နိုင် သတဲ့။ မတင်ဘူးကွာ။
ဒီကိစ္စက ဟောင်းလှပါပြီ။ ဘုန်းဘုန်းတွေ . . . ကုသိုလ်ဖြစ် စာချရုံသက်သက်
ဆိုရင်တော့ အေးဆေးစွာ နေတော်မူနိုင်ကြပါတယ်။ နံရံမှာ အလှချိတ်ဖို့၊
စာချစားပွဲပေါ်မှာ ခင်းကျင်းပြသ တင်ထားဖို့၊ ယပ်တောင်မှာ ရေးကြွားဖို့
ဘွဲ့လိုချင်ရင်တော့ လျှောက်လွှာတင်တော်မူကြရပါတယ်။ လျှောက်လွှာစာရွက်တွေနဲ့
ဖလန်းဖလန်းထတော်မူကြရပါတယ်။
ဣနြေ္ဒမရလှပေမယ့် လွပ်လပ်ရေးနေ့မှာ
ဘွဲ့ရဖို့ ကြိုးပမ်းတော်မူနေကြတာ နိုင်ငံတော်အနှံ့။ စာချဘွဲ့တင် မကဘူး။
တရားဟောဘွဲ့၊ တရားပြဘွဲ့၊ သာသနာပြုဘွဲ့။ ဘွဲ့ပေါင်း သောင်းခြောက်ထောင်။
ဘုန်းဘုန်းတွေ ဘွဲ့လျှောက်လွှာ တင်ကြရတာက သာသနာရေး အရာရှိ
လူပုဂ္ဂိုလ်တွေဆီမှာ တင်ရတာ။ လူအရာရှိတွေက ဘုန်းဘုန်းတွေကို ဘွဲ့ပေးတာ။
ဆရာတော်က အသနားခံ လျှောက်ထားလို့ ဒကာတော်က ပေးသနားတဲ့ သဘောမျိုး။ ဖြစ်စဉ်က
အပေးအယူ နှစ်ဘက်လုံးအတွက် ခန့်တယ်လို့ ထင်ရပေမယ့် တော်တော်လေး နုံချာတယ်။
သာသနာရေး အရာရှိတွေက လိုက်လံ စုံစမ်းပြီး သင့်တော်တဲ့ ဘုန်းဘုန်းတွေကို
သင့်တော်တဲ့ဘွဲ့ ဆက်ကပ်တာမျိုး ဖြစ်သင့်တယ်။ ကပ္ပိယ ဒကာတွေက
ဘုန်းဘုန်းတွေကိုယ်စား သာသနာရေး အရာရှိဆီ အကြံပြု လျှောက်လွှာတင်ပေးတာဆိုရင်
တော်သေးတယ်။
တတ်နိုင်သလောက် စာချတာပဲ ကောင်းပါတယ်။ လူဝတ်ကြောင်
သာသနာရေး အရာရှိဆီမှာ အသနားခံပြီး ဘွဲ့ရဖို့ လျှောက်လွှာ မတင်တော့ပါဘူး။
ခုချိန်ဆို ဘွဲ့လျှောက်လွှာလည်း ပိတ်လောက်ပါပြီ။ ဘွဲ့ခံ ဘုန်းဘုန်းတွေ
မျှော်တော်မူကြပေတော့။ ဒီနှစ် မရရင် နောက်နှစ် ဆက်လျှောက်ပေါ့ ဘုရား။
ဖလန်းဖလန်းပဲပေါ့။
မတင်ဘူးကွာ။ နောက်နှစ်လည်း မတင်ဘူး။ ခုတော့ စာအုပ်တွေ စီလိုက်အုံးမယ်။
:)
ရှင်အာစာရ
No comments:
Post a Comment