Tuesday, March 7, 2017

စူးစမ်းဆင်ခြင်တတ်သော ယုန်သူငယ်

ရှေးအခါက ပညာရှိသော ယုန်ငယ်တစ်ကောင်သည် ဂင်္ဂါမြစ်ကမ်းရှိ တောအုပ်တစ်ခု၌ နေ၏။ တနေ့သ၌ ပညာရှိ ယုန်ငယ်သည် ဂင်္ဂါမြစ်ကမ်းနား ဥသျှစ်ပင် တစ်ပင်အောက်၌ အိပ်ပျော်နေ၏။ ထိုစဉ် ကြီးစွာသော လေကြီးမိုးကြီး ကျလေ၏။ “၀ုန်း ၀ုန်း”မည်သော ကြောက်မက်ဖွယ် အသံကြီး ထွက်ပေါ်လာသောအခါ ယုန်ငယ်သည် ဂင်္ဂါမြစ်ကို ကျောပေး၍ ထွက်ပြေးလေ၏။

ပြေးနေသော ယုန်ငယ်ကို မြင်လိုက်သော တစ်ခြားယုန်တစ်ကောင်က “ဟေ့ကောင် ဘာဖြစ်လို့ ပြေးတာလဲ”ဟု မေး၏။ “မေးမနေနဲ့။ ပြေး ပြေး။ မြေပြိုနေပြီ”ဟု ပညာရှိ ယုန်ငယ်က ဖြေ၏။ ယုန်နှစ်ကောင် ဆက်ပြေးကြ၏။ မြေပျိုသော သတင်းစကားသည် ယုန်တို့မှ သမင်များသို့ ပျံ့သွား၏။ ဆက်လက်၍ ကျားတို့ထံသို့ ပျံ့သွား၏။ တဖြည်းဖြည်းနှင့် တတောလုံး ပျံ့သွား၏။ တောနေတိရစ္ဆာန် အားလုံးတို့ သတင်းကြားကြပြီး ပြေးကြလေရာ တတောလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေ၏။

ပြေးလွှားနေသော တောကောင်တို့၏ရှေ့မှ ခြင်္သေ့ဟောက်သံတစ်ခု ပေါ်ထွက်လာ၏။ တောဘုရင် ခြင်္သေ့ကြီး၏ ဟိန်းဟောက်သံကို ကြားလိုက်ရသောကြောင့် ပြေးလွှားနေသည့် တိရစ္ဆာန်တို့ ရပ်တန့်သွား၏။ “ဘာဖြစ်လို့ ဒီလိုကြီး ပြေးနေကြတာလဲ”ဟု ခြင်င်္သေ့ကြီးက မေး၏။ “မြေပြိုနေပြီ”ဟု သံပြိုင် အော်၍ ဖြေကြ၏။ ခြင်္သေ့ကြီးသည် ယုန်ငယ်ကို မေးမြန်းစစ်ဆေး၏။ ဤမည်ဤမည်သော အရပ်၌ ဤသို့ဤသို့ ဖြစ်ခဲ့သည် စသည်အားဖြင့် ယုန်ငယ်က ရှင်းလင်းပြောကြားသောအခါ “ဒီယုန်ဟာ တော်တော် ညံ့တာပဲ။ ယုန်နောက်က လိုက်ပြေးတဲ့ ကောင်တွေလည်း ညံ့တာပဲ။ ဟုတ်ပြီ . . . မြေပြိုတယ်ဆိုတဲ့ နေရာကို တိတိကျကျ လိုက်ပြပါ။ သွားကြည့်ကြမယ်”ဟု ခြင်္သေ့ကြီးက ဆို၏။ “အန္တရာယ်ရှိတယ်။ မသွားသင့်ဘူး”ဟု ယုန်ငယ်ကဆို၏။ ယုန်ငယ်ကို ထောက်ခံသော တိရစ္ဆာန် အုပ်စုနှင့် ခြင်္သေ့ကို ထောက်ခံသည့် တိရစ္ဆာန်အုပ်စုဟူ၍ တိရစ္ဆာန်အုပ်စု နှစ်ခုကွဲသွား၏။ “သွားကို သွားရမယ်”ဟု ခြင်္သေ့က ဆို၏။ ခြင်္သေ့၏ နောက်လိုက်တို့က “ဟုတ်တယ်။ ဟုတ်တယ်”ဟု ကြွေးကြော်ကြ၏။ ယုန်ငယ်၏ နောက်လိုက်တို့ နှုတ်ဆိတ်နေကြစဉ် “သွားချင်တယ်ဆိုရင်လည်း သွားကြမယ်လေ။ ဒါပေမယ့် ကျုပ်တို့က နောက်ကလိုက်မယ်။ ခင်ဗျားတို့ ရှေ့သွားပါ”ဟု ယုန်ငယ်က ပြောလိုက်၏။

ချီတက်ကြသည့် တိရစ္ဆာန် အုပ်စုနှစ်ခုတို့ ဂင်္ဂါမြစ်နှင့် မလှမ်းမကမ်းသို့ ရောက်သောအခါ “သူပြောတဲ့ ဥသျှစ်ပင်ဆိုတာ ဘယ်မှာလဲ။ ဒီနေရာကနေ လှမ်းပြီးတော့ မြင်သင့်ပြီ”ဟု ခြင်္သေ့က ဆို၏။ ခြင်္သေ့၏ နောက်လိုက်တို့ကလည်း “ဥသျှစ်ပင် ဘယ်မှာလဲ”ဟု မေး၏။ “ဒီနေရာကနေ သိပ်မဝေးတော့ဘူး။ ဒါပေမယ့် မြေပြိုတဲ့အထဲ ပါသွားတာ ဖြစ်ရမယ်”ဟု ယုန်ငယ်က ဆို၏။ ခြင်္သေ့က ဟားတိုက်၍ ရယ်မော၏။ ခြင်္သေ့၏ နောက်လိုက်တို့လည်း ရယ်ကြ၏။ တတောလုံး ရယ်သံ ဟိန်းသွားလေ၏။

“သေချာအောင် ရှေ့ဆက် သွားကြည့်မယ်”ဟု ခြင်္သေ့က ဆို၏။ “ဂိုး ဂိုး”ဟု ခြင်္သေ့၏ နောက်လိုက်တို့က ထောက်ခံ၏။ ယုန်ငယ်နှင့် သူ၏ နောက်လိုက်တို့ ရပ်နေခဲ့ကြပြီး ခြင်္သေ့နှင့် သူ၏ နောက်လိုက်တို့သည် ဂင်္ဂါမြစ်ဆီသို့ ချီတက်ကြလေ၏။ ထိုစဉ် ကြီးစွာသော မိုးသက်လေပြင်း ကျလေ၏။ ဂင်္ဂါမြစ်၌ ကြီးစွာသောရေတို့ ဖြစ်ပေါ်လာ၏။ လှိုင်းတံပိုးတို့ တ၀ုန်းဝုန်း ထလေ၏။ ဂင်္ဂါမြစ်ကမ်းသို့ ရောက်ရှိလာသော ခြင်္သေ့နှင့် သူ၏ နောက်လိုက်တို့ ဂင်္ဂါမြစ်ကို ငေးကြည့်နေစဉ် ဂင်္ဂါမြစ်ကမ်းပါးတို့ ပြိုလေ၏။ ကြီးစွားသော ဂင်္ဂါမြစ်ရေသည် ဒေါသကြီးသည့် လှိုင်းတံပိုးများဖြင့် ခြင်္သေ့နှင့် သူ၏ နောက်လိုက်တို့ကို သယ်ဆောင်သွား၏။ “၀ုန်း ၀ုန်း”မည်သော ကြောက်မက်ဖွယ် အသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာနေစဉ် ယုန်ငယ်နှင့် သူ၏ နောက်လိုက်တို့သည် ဂင်္ဂါမြစ်ကို ကျောပေး၍ ထွက်ပြေးကြလေသတည်း။

စူးစမ်းဆင်ခြင်၍ အန္တရာယ်ကို ဝေးစွာ ရှောင်ကြဉ်ရာ၏။ ဘုဘမသိဘဲ အန္တရာယ်ကို ထိပ်တိုက် ရင်မဆိုင်သင့်ပေ။

:)
ရှင်အာစာရ

No comments:

Post a Comment