Saturday, March 4, 2017

ဓမ္မဒီပ @ ဓမ္မဓရ

“ဒီခန္ဓာကိုယ်ဟာ မကြာခင်မှာပဲ အသက်ဝိညာဏ် ကင်းမဲ့ပြီး စွန့်ပစ်ခံရလို့ မြေကြီးပေါ် အိပ်ရမှာ မုချပဲ။ အသုံးမကျတဲ့ ထင်းနုပ်ထင်းဖွဲလို ဖြစ်လိမ့်မယ်။”

ခန္ဓာကိုယ် ပုပ်ပွနေတဲ့ ပူတိဂတ္တတိဿ မထေရ်ကို အကြောင်းပြုပြီး ဒီဂါထာကို ဟောတော်မူခဲ့တာ။ မထေရ်ဟာ ကဿပဘုရားရှင် လက်ထက်က ငှက်မုဆိုး ဖြစ်ခဲ့တယ်။ ငှက်တွေကို ဖမ်းသတ်ပြီး ရောင်းစားတာ။ ရောင်းမကုန်တဲ့ ငှက်တွေကို အရှင်အတိုင်းထားတယ်။ ထွက်မပြေးနိုင်အောင် ခြေချိုး၊ အတောင်းချိုး။ နှိပ်စက်ထားတယ်။ အဲ့ဒီ မကောင်းမှုကြောင့် ခန္ဓာကိုယ် ပုပ်ပွနေရတယ်။ အစပိုင်းမှာ အဖုလေးတွေပေါက်။ အဖုတွေ ကြီးလာပြီး ကွက်အက်။ အရိုးတွေ ပေါ်။ အနာတွေ ဆိုးလွန်းတော့ ရွံစရာ ကောင်းလွန်းလို့ ဘယ်ရဟန်းကမှ မပြုစုကြတော့ဘဲ ပစ်ထားလိုက်ကြတယ်။ မြတ်စွာဘုရားနဲ့ တွေ့တော့မှာ အနာသက်သာအောင် ပြုစုပေးတယ်။ သရက်ခေါက်ကို ပြုပ်ပြီး အနာတွေကို ဖန်ဆေးပေးတာတဲ့။ အနာသက်သာမှ တရားဟောတော်မူတယ်။

ဓမ္မပဒ သင်တန်းတက်ပြီး လက်တွေ့ဘ၀မှာ အသုံးချချင်ရင် အနာပေါက်တဲ့သူတွေ့ရင် သရက်ခေါက် ပြုပ်ရေနဲ့ စမ်းကြည့်။ အခြေအနေနဲ့ မသင့်တော်လို့ ပိုဆိုးသွားရင်တော့ တာဝန်မယူဘူး။ နောက်တစ်ခု မှတ်သားစရာက အနာတွေ ပုပ်ပွနေတဲ့ ရဟန်းကို “မကြာခင် သေတော့မှာ။ ပစ်လိုက်ရတော့မှာ”လို့ တန်းပြီး တရားဟောတာ မဟုတ်ဘူး။ အရင်ဆုံး အနာသက်သာအောင် လုပ်ပေးတယ်။ ကိုယ်စိတ်နှစ်ပါး သက်တောင့်သက်သာ ဖြစ်လာမှ ခန္ဓာကိုယ်ရဲ့ သဘောသဘာဝကို အရှုခိုင်းတာ။ အခုခေတ် နေ့စဉ် ဘ၀မှာလည်း ဒုက္ခရောက်နေတဲ့သူကို တရားအားထုတ်ဖို့ တန်းပြောလို့ မရဘူး။ ပြဿနာ တက်နေတာကို တရားနဲ့ဖြေဖို့ပဲ ပြောနေရင် မတရားဘူး။ အရင်ဆုံး သူ ဒုက္ခရောက်နေတာကို ကူညီအုံးမှ။ သူ့ပြဿနာကို တတ်နိုင်သလောက် ကူညီဖြေရှင်း ပေးပြီးမှ တရားဟောချင်ဟော။ သင်္ခန်းစာ ယူစရာ။

နေ့စဉ်ဘ၀မှာ လူထဲသူထဲ ၀င်ရင် အမြင်တင့်တယ်အောင် အလှပြင်ရတာက တစ်ပိုင်း၊ ခန္ဓာကိုယ်ရဲ့ သဘောသဘာဝကို သိထားရမှာက တစ်ပိုင်း။ အလှပဲ ပြင်နေပြီး ခန္ဓာကိုယ်ရဲ့ အပုပ်သဘာဝကို မေ့ထားလို့ မရဘူး။ နေ့တိုင်းနေ့တိုင်း ပွားများရမယ့် တရားလေးမျိုး ရှိတယ်။ စတုရာရက္ခတရား တဲ့။ ဗုဒ္ဓါနုဿတိ၊ ဘုရားကို အာရုံပြုရတယ်။ မေတ္တာ ပွားရတယ်။ ခန္ဓာရဲ့ အသုဘ သဘာဝကို ဆင်ခြင်ရတယ်။ သေခြင်းတရားကို အောက်မေ့ရတယ်။ နေ့တိုင်း ပွားရမယ့် တရားလေးမျိုး။

ခန္ဓာရဲ့ သဘာဝက အသက်မဲ့သွားရင် ထင်းနုပ်ထင်းဖွဲလိုပဲ တဲ့။ သေးသေးနုပ်နုပ် ထင်း။ အသေးအဖွဲ ထင်း။ သစ်ပင်ကို ခုတ်ဖြတ်ပြီး ဆောက်လုပ်ရေးမှာ သုံးရတယ်။ ပရိဘောဂ အမျိုးမျိုး လုပ်ကြတယ်။ သုံးမရရင် ထင်းပဲ။ ချက်ဖို့ပြုပ်ဖို့ ထင်းမီးတောင် မလုပ်လောက်တဲ့ အသေးအဖွဲတွေလို အသုံးမကျတော့တဲ့ ခန္ဓာ။ ဒီသဘောကို နေ့တိုင်း သတိရဖို့ လိုပါတယ်။

နောက်တစ်ပုဒ်က . . .
“ခိုးသူ တစ်ယောက်က ခိုးသူ တစ်ယောက်ကို၊ ရန်သူ တစ်ယောက်က ရန်သူ တစ်ယောက် အကျိုးမဲ့ ပြုနိုင်တယ်။ အဲ့ဒီထက် ပိုဆိုးတာက . . . ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်က ကိုယ့်ကို ပြန်ပြီး အကျိုးမဲ့စေနိုင်တာက ပိုဆိုးတယ်။”

ဘုရားရှင်နဲ့ သံဃာတွေကို ဆွမ်းဆက်ကပ်ပြီး လိုက်ပို့တဲ့ နန္ဒဆိုတဲ့ နွားကျောင်းသား။ ဘုရားရှင်နဲ့ သံဃာတွေကို လိုက်ပို့ရာက အပြန် လမ်းမှာ မုဆိုးတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံရတယ်။ ဘာကြောင့် သတ်တယ်လို့တော့ ဓမ္မပဒထဲမှာ မပါဘူး။ သတ်တယ် တဲ့။ အဲ့ဒီမုဆိုးက ဘုရားသူခိုး မျိုးချစ်လားတော့ မသိဘူး။ သတ်ချင်လို့ သတ်တာ။

အဲ့ဒီလို နန္ဒ အသတ်ခံရတော့ လူတွေက မြတ်စွာဘုရားကို အပြစ်တင်တယ်။ မြတ်စွာဘုရား ကြွလာလို့ ဆွမ်းကပ်တာ။ မြတ်စွာဘုရား ပြန်အကြွမှာ လိုက်ပို့လို့ အပြန်လမ်းမှာ အသတ်ခံရတာ။ မြတ်စွာဘုရားသာ ကြွမလာရင် နန္ဒ အသတ်ခံရမှာ မဟုတ်ဘူး ပေါ့။ မြတ်စွာဘုရားကတော့ . . . မဟုတ်ဘူး သူ့ကံနဲ့ သူ တဲ့။ မြတ်စွာဘုရား မလာလည်း သူဟာ သေဘေးက မလွတ်နိုင်ဘူး တဲ့။ စောစောက ဂါထာကို ဟောတော်မူတယ်။

ရန်သူသတ်လို့ သေရရင် တစ်ဘ၀ပဲ။ မကောင်းတဲ့ စိတ်ကြောင့် သံသရာမှာ အကြိမ်ကြိမ် သေရတယ်။ စီးပွားပြိုင်ဘက်က နှောင့်ယှက်လို့ စီးပွားပျက်ရတယ်၊ နိုင်ငံရေးကြောင့် လူမှုရေးကြောင့် လုပ်ကြံခံရတယ်။ တစ်ဘ၀ပဲ။ ကိုယ့်မှာ မကောင်းတဲ့စိတ် ၀င်လာပြီဆိုရင် အဲ့ဒီစိတ်ကြောင့် အဆများစွာ ခံရမယ်။

စာမျက်နှာ (၁၆)မှာပါတဲ့ ဂါထာက ဆန့်ကျင်ဘက်။ ကောင်းတဲ့စိတ်။
“အမေကလည်း ချမ်းသာအောင် လုပ်မပေးနိုင်ဘူး။ အဖေကလည်း လုပ်မပေးနိုင်ဘူး။ ဆွေမျိုးတွေကလည်း လုပ်မပေးနိုင်ကြဘူး။ ကိုယ့်ရဲ့ ကောင်းတဲ့စိတ်က ကိုယ့်ကို မြင့်မြတ်အောင် လုပ်ပေးတယ်။”

စီးပွားချမ်းသာ ရဖို့အတွက် စီးပွားရေး လုပ်နိုင်အောင် မိဘဆွေမျိုးတွေက အရင်းအနှီးထုတ်ပေးတယ်။ စီးပွားရေး အောင်မြင်တော့ ချမ်းသာတယ်။ တစ်ဘ၀ပဲ။ ကိုယ့်ရဲ့ ကုသိုလ်စိတ်ကမှ ဘ၀အဆက်ဆက် ချမ်းသာအောင် လုပ်ပေးနိုင်တာ။ နောက်ဆုံး နိဗ္ဗာန်ချမ်းသာ ရရှိအောင် ဘယ်မိဘဆွေမျိုးကမှ လုပ်ပေးလို့ မရဘူး။ ကိုယ့်စိတ်ကိုယ် ကောင်းစွာဆောက်တည်ပြီး ကိုယ်တိုင်ပဲ လုပ်ယူရတာ။

သောရေယျဆိုတဲ့ သူဌေးသားကို အကြောင်းပြုပြီး ဒီဂါထာကို ဟောတော်မူခဲ့တာ။ သောရေယျ သူဌေးသားက ရုပ်အဆင်း လှပတဲ့ ကစ္စည်းမထေရ်ကို စိတ်နဲ့ ပြစ်မှားတယ်။ ရုပ်ရည်ချောတဲ့ မထေရ်ကို မြင်လိုက်တော့ ဒီကိုယ်တော် ငါ့မယားဖြစ်ရင် ကောင်းမှာ။ ငါ့မယားမှာ ဒီမထေရ်ရဲ့ အသားအရေမျိုးရှိရင် ကောင်းမှာ။ အဲ့ဒီလို စိတ်နဲ့ ပြစ်မှားလိုက်တာနဲ့ သဌေးသား လိင်ပြောင်းသွားတယ်။ ယောက်ျားစင်စစ်ကနေ မိန်းမ ဖြစ်သွားတယ်။ မကောင်းတဲ့ စိတ်ရဲ့ အစွမ်းပဲ။ ခုခေတ်ဆိုရင် လိင်ပြောင်းချင်ရင် ခွဲစိတ်ရတယ်။ ငွေကြေးအကုန်အကျ ခံရတယ်။ ဒီဝတ္ထုထဲမှာတော့ စိတ်နဲ့ ပြစ်မှားလိုက်တာနဲ့ လိင်ပြောင်းသွားတယ်။ ကောင်းတဲ့ နေရာမှာရော မကောင်းတဲ့ နေရာမှာရော စိတ်က အစွမ်းထက်တယ်။

သူငယ်ချင်းတွေနဲ့ ရေချိုးနေရာက သူဌေးသား သောရေယျ လိင်ပြောင်းသွားတော့ ရှက်ပြီး ထွက်ပြေးတယ်။ ရွာတစ်ရွာမှာ အမျိုးသမီး ဘ၀နဲ့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် ရတယ်။ ပြစ်မှားမိတဲ့ မထေရ်ကို ပြန်တောင်းပန်မှ ယောက်ျားပြန်ဖြစ်တယ်။ မထေရ်က ခွင့်လွှတ်ပါတယ်လို့ ပြောလိုက်တာနဲ့ ယောက်ျားပြန်ဖြစ်သွားတယ်။ အရင် ယောက်ျားဘ၀မှာလည်း ကလေးနှစ်ယောက် ရခဲ့သေးတယ်။ မထေရ်ကို တောင်းပန်ပြီး ယောက်ျားပြန်ဖြစ်တော့ အိမ်မပြန်တော့ဘဲ ရဟန်းပြုလိုက်တယ်။

ရဟန်းဘ၀နဲ့နေတော့ အဖော်ရဟန်းတွေက စပ်စုကြတယ်။ “ကိုယ်တော်ကြီး . . . ယောက်ျားဘ၀နဲ့ ရခဲ့တာ ကလေးနှစ်ယေက်။ မိန်းမဘ၀နဲ့ ရခဲ့တာ ကလေးနှစ်ယောက်။ ဘယ်ကလေးကို ပိုချစ်သလဲ။” မေးကြတော့ အမှန်အတိုင်းဖြေတယ် “ကိုယ်တိုင် ၀မ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ ကလေးကို ပိုချစ်တာပေါ့”တဲ့။ အဲ့ဒီလို ခဏခဏ မေးကြတော့ ရှက်ပြီး တစ်ပါးတည်းပဲ နေတော့တယ်။ တစ်ပါးတည်း တရားအားထုတ်တော့ ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာ ဖြစ်သွားတဲ့ အချိန်မှာလည်း ဘယ်ကလေးကို ပိုချစ်သလဲ လာမေးကြတာပဲ။ အဖြေက ပြောင်းသွားတယ်။ “ငါ့မှာ ချစ်ခြင်းမုန်းခြင်း မရှိတော့ဘူး”တဲ့။ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ချမ်းသာ ရသွားတာ။ အဲ့ဒီချမ်းသာကို ကိုယ့်စိတ်ကပဲ လုပ်ပေးတာတဲ့ မြတ်စွာဘုရားက ဟောတော်မူတယ်။

ကိုယ့်သားသမီးတွေ ကိုယ်ချစ်သေးရဲ့လား အိမ်ရောက်ရင် ကိုယ့်ဟာကိုယ် ပြန်မေး။ ချစ်သေးတယ် ဆိုရင်တော့ ဒီဓမ္မပဒကို ဘ၀ထဲရောက်အောင် အသုံးမချနိုင်သေးဘူး။ ချစ်ခြင်းမုန်းခြင်း ကင်းတဲ့အထိ ကုသိုလ်တွေ ပွားယူရမှာ။ သမ္မာပဏိဟိတံ စိတ္တံ၊ စိတ်ကို ကောင်းစွာထားရမှာ။ စောစောက ပြောခဲ့တဲ့ တရားလေးမျိုးပွားရင် ရပါပြီ။

ဗုဒ္ဓဘာသာတွေပဲ ဘုရားအသိ ရှိတာပေါ့။ ဘုရားဂုဏ် အာရုံပြုတာ နည်းသေးတယ်ဆိုရင် များအောင် ပွားရတယ်။ မေတ္တာစိတ်ဓာတ် လူတိုင်းမှာ ရှိတာပဲ။ အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ချစ်တယ်။ ကိုယ့်မိသားစုအပေါ် မေတ္တာထားနိုင်တယ်။ အဲ့ဒီ မေတ္တာနယ်ကို ချဲ့ပေးရမယ်။ နောက်ဆုံး ရန်သူကိုတောင် မေတ္တာထားနိုင်တဲ့အထိ။ ခန္ဓာကိုယ်ရဲ့ မစင်ကြယ်တဲ့သဘောကို တစ်ခါတစ်ခါ သတိထားမိတာပဲ။ အဲ့ဒီအသိကို များလာအောင် ပွားရမယ်။ သေရမယ်ဆိုတာ လူတိုင်းသိတာပဲ။ ရံဖန်ရံခါမှ သတိရတာမျိုး မဟုတ်ဘဲ ခဏခဏ သတိထားပေးရမယ်။ စတုရာရက္ခ ဆိုတဲ့ ကိုယ်စောင့်တရားလေးပါး။ များများရအောင် ပွားပေးရမယ်။ အဲ့ဒါ စိတ်ကို ကောင်းစွာထားတာပဲ။

ဝင်လေထွက်လေကို သိမှတ်တယ်ဆိုတဲ့ အာနာပါနသတိပဋ္ဌာန်။ ၀င်လေကို သိတယ်၊ ထွက်လေကို သိတယ်။ သတိထားမိရင် လမ်းသွားရင်တောင် သိနိုင်တယ်။ အဲ့ဒီ အသိ များလာအောင် ပွားရတာ။ ဘာဝနာ ပွားများတယ်ဆိုတာ ဒါပဲ။ ကုသိုလ်ပွားတဲ့စိတ်က နိဗ္ဗာန်ချမ်းသာအထိ လုပ်ပေးနိုင်တယ်။ မိဘဆွေမျိုးတွေ လုပ်ပေးနိုင်တာထက် အများကြီး သာတယ်။

ဒါနဲ့ ပတ်သက်လို့ မိသားစုထဲမှာ ကိုယ်က သားသမီး ဖြစ်ရတဲ့ အချိန်မှာ မိဘတွေဆီက ရရှိမယ့် ပစ္စည်းဥစ္စာ အမွေအနှစ်ထက် စိတ်ကောင်းစိတ်မြတ် အမွေအနှစ်ကို အလေးထား ယူတတ်ဖို့ လိုပါတယ်။ မိဘဖြစ်လို့ သားသမီးတွေကို အမွေပေးတဲ့ နေရာမှာလည်း တစ်ဘ၀ပဲ အသုံးဝင်တဲ့ ပစ္စည်းဥစ္စာ အမွေအနှစ်ထက် သံသရာအဆက်ဆက်နဲ့ နိဗ္ဗာန်အထိ ကောင်းကျိုးပေးနိုင်တဲ့ စိတ်ကောင်းစိတ်မြတ် အမွေကို ပေးနိုင်ဖို့ လိုပါတယ်။ သူတော်ကောင်းစိတ် ရှိလာအောင် သွန်သင်ဆုံးမပေးရပါမယ်။

စိတ္တ၀ဂ် ပြီးပါပြီ။

No comments:

Post a Comment