Wednesday, March 15, 2017

အထွေထွေ ကောက်ကွေးမှု

(March 11, 2017) 

"ဒီလမ်းက . . . ဟိုဘက်ကလာတော့ အဖြောင့်၊ ဒီဘက် ဆက်သွားတော့လည်း အဖြောင့်ပဲ။ ဒီနားလေးမှာပဲ ကွေးပြီး ကောက်သွားတာ ဘာဖြစ်လို့လဲ ဗျ။"

"လူ့စိတ်က မဖြောင့်တော့ လမ်းလည်း လိုက်ပြီး ကောက်ရတော့တာပေါ့ ဗျာ။"

"သဘောပေါက်ပါပြီ ဗျာ။ ကျုပ် သတိထားမိသလောက်တော့ . . . ဒီရွာမှာ အဆင်မပြေတာ တစ်ခုကလွဲရင် ကျန်တာတွေ အကုန်ကောင်းသားပဲ။ ဒါလေးတစ်ခုပဲ ခက်နေတာဗျ။"

"ဘယ်တစ်ခုလဲ ဗျ။ လမ်းကောက်တာကို ပြောတာလား။"

"လမ်းကောက်တာက ဘာမှ မပြောပလောက်ပါဘူး ဗျာ။"

"ဒါဆိုရင် အဆင်မပြေတာက ဘာလဲ ဗျ။"

"ဘာမှ ဖြောင့်ဖြောင့်တန်းတန်း လုပ်လို့မရတာလေ ဗျာ။ အထွေထွေ ကောက်ကွေးမှုပေါ့။"

"ခင်ဗျားက ကျုပ်တို့ရွာကလူတွေ စိတ်မဖြောင့်ဘူးလို့ ပြောချင်တာလား။"

"အဲ့ဒီလိုလည်း မပြောရဲပါဘူး ဗျာ။ ခင်ဗျားတို့ရွာမှာ ဘာတွေများ ဖြောင်ဖြောင့်တန်းတန်း လုပ်လို့ရသလဲ မေးချင်တာပါ။"

"အဲ . . . အထွေထွေ ကောက်ကွေးမှု ပြဿနာကတော့ ဘုရားကြီး လာရှင်းတောင်မှ ပြေလည်မယ် မထင်ပါဘူး ဗျာ။"

(စိတ္တေန နီယတေ လောကော။)

No comments:

Post a Comment