Sunday, February 26, 2017

အမျိုးသား ယဉ်ကျေးမှုတစ်ခု


(Feb 23, 2017)
 
မိုးကုတ်မှာ အခြေကျ နေထိုင်ကြသည့် ရင်းရဲနွယ်ဖွားတို့ မိသားစုလိုက်ကြီး မန်း နပသမှာ နေ့ဆွမ်းကပ်ဖို့ ရောက်လာကြပြီး အင်္ဂလိပ်စာ ဌာနမှူး ရင်းရဲ ဆရာတော်ကိုလည်း လာရောက် ဂါရဝပြုကြသည်။ ဂါရဝပြု ကန်တော့ကြရာ၌ လှူဖွယ်များလည်း ပါဝင်သည်။ အထူးသဖြင့် အခြေခံကျသည့် စာအိပ်တစ်အိပ်လည်း ပါဝင်သည်။ ရှမ်းဆန်သည်ဟု ထင်ရသော ကန်တော့ချိုးကို ရွတ်ဆို ကန်တော့သည်။ ဆုပေးရာ၌ကား မြန်မာဆန်ဆန်ပဲ ဖြစ်သည်။

"သိမ်းမွေ့သောလမ်း" နှင့် စာအုပ်တစ်ချို့ လက်ဆောင်အဖြစ် စွန့်ကြဲခွင့် ရလိုက်သည်။ ဖတ်ရမယ်နော်ဟု တစ်ယောက်က လိုက်လံနှိုးဆော်နေသည်။ ဆွေတော်မျိုးတော်များ တည်းခိုဆောင်သို့ ပြန်သွားကြသောအခါ လှူဖွယ် စာအိပ်နှင့် စပ်လျဉ်း၍ မိုးကုတ်စတိုင်လော၊ မိုကုတ်ရှမ်း ရိုးရာလော၊ သူတို့ ထုံးစံလော စသည်များစွာ ကြံဆရသည်။

"မြန်မာဘုန်းဘုန်းတွေ စာအိပ် သိပ်ကြိုက်တယ် ကြားဖူးလို့ . . . . ." ဟူသော မှတ်ချက်စကားနှင့်တကွ ဘုန်းဘုန်းတစ်ပါးကို စာအိပ်အသစ် အထုပ်လိုက် လာလှူသည်ဆိုသော နိုင်ငံခြားသား တစ်ယောက်၏ စာအိပ်ပုံပြင်ကို သတိရမိသည်။ မန္တလေးရောက် မိုးကုတ်ဆွေမျိုးတို့၏ စာအိပ်မှာ အထုပ်လိုက် မဟုတ်ပေ။ တစ်အိပ်တည်းသာ ဖြစ်သည်။ စာအိပ် အလွတ်တစ်လုံး ဖြစ်သည်။ အခြေခံကျသည့် နဝကမ္မ မပါပေ။ အဓိပ္ပာယ် မည်သို့နည်း။

အဖြေမှန်ကို နောက်နေ့မနက်မှ သိရသည်။
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်ပြီး ဝင်လာသည်။
"မနေ့က စာအိပ်မှားသွားလို့ပါ ဘုရား။ နဝကမ္မပါ ဘုရား။"

ချွတ်ချော်မှုတစ်ချို့ ရှိတတ်သော်လည်း တနိုင်ငံလုံး လွှမ်းခြုံမိသည့် ယဉ်ကျေးမှုတစ်ခု ဖြစ်ပေသည် တကား။

:)
ရှင်အာစာရ

No comments:

Post a Comment