"မေဓာဝီ၊ ပညာရှိသည်။ ဖန္ဒနံ၊ ဆတ်ဆတ်တုန်တတ်သော။ စပလံ၊ ဖလန်းဖလန်းထတတ်သော။ ဒူရက္ခံ၊ စောင့်ထိန်းရခက်သော။ ဒုန္နိဝါရယံ၊ တားဆီးရခက်သော။ စိတ္တံ၊ စိတ်ကို။ ဥဇုံ၊ ဖြောင့်စွာ။ ကရောတိ၊ ပြု၏။
ဆိုကြည့်ပါ။
. . . . .။
သိမ်မညီသေးဘူး။
ဘုန်းဘုန်းရင်ထဲ မရောက်သေးပါဘူး။ ဘုန်းဘုန်းကတော့ No ပါ။
ညီအောင် ပြန်ဆိုမယ်။
စိတ်က အာရုံအမျိုးမျိုးကြောင့် ဆတ်ဆတ်ခါတယ်။ ဟိုဟိုဒီဒီ ဖလန်းဖလန်း။ ထိန်းထားဖို့ ခက်တယ်။ မကောင်းတဲ့ဆီ မသွားအောင် တားရခက်တယ်။ ပညာရှိကတော့ အဲ့ဒီစိတ်ကို အလိုမလိုက်ဘူး။ အလှုပ်မခံဘူး။
ဒီဂါထာထာကို နေစဉ်ဘဝမှာ အသုံးချတဲ့အခါ။ ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ။ ဆိုပါစို့ သွေးသားထဲက တစ်ယောက်ယောက် သေဆုံးပြီဆိုရင် အသုဘချတော့ မထိန်းနိုင်မသိမ်းနိုင် ငိုလိုက်ကြတာ။ ဒေါသကြောင့် စိတ်က လှုပ်သွားလို့ လူပါလိုက်လှုပ်တာ။ လှုပ်တဲ့စိတ်ကို မထိမ်းနိုင်တော့ ရုပ်ပျက်ဆင်းပျက် ဖြစ်ရတယ်။ လူသေမှတော့ လူတိုင်းပူတာပေါ့။ ဒါပေမယ့် ကိုယ့်အဆင့်အတန်းနဲ့ကိုယ် ထိန်းထိန်းသိမ်းသိမ်း ပူတတ်ရင် လူနေမှု အဆင့်မြင့်တာပဲ။ ဘဝပြဿနာတွေ ကြုံရတိုင်း ပုံစံမျိုးစုံ အဆင့်မျိုးစုံနဲ့ ဆတ်ဆတ်တုန်တတ်တဲ့စိတ်ကို ထိန်းရတယ်။
ဥဇုံ ကရောတိ၊ ဖြောင့်သည်ကို ပြု၏။ ကောက်ကျစ်ခြင်း ကင်းသည်ကို ပြု၏။ ကိလေသာ အဆိပ် မရှိသည်ကို ပြု၏။ ဓုတင်ဆောက်တည်တယ်၊ တောမှာနေပြီး အသားအရေ ပြည့်ဖြိုးခြင်းကို ပယ်တယ်၊ ကြမ်းတမ်းတဲ့ ကိလေသာကို ပယ်တယ်။ ဒီလိုနည်းတွေနဲ့ စိတ်ကို ဖြောင့်အောင်လုပ်တာ။
ဓုတင်ဆိုတာ ကိလေသာကို ခါချတဲ့ အကျင့်။ ကိလေသာတွေ များလွန်းလို့ ခါချနေရတယ်။ ဝိုင်းစုခိုင်သိန်းလား မသိဘူး။ ခါချနေရတယ် ဆိုတာမျိုး။ ခုဟာကတော့ ကိလေသာကို ခါချတာပါ။ ဥပမာ ရဟန်းတွေ သင်္ကန်းသုံးထည်ပဲ အသုံးပြုတယ်ဆိုရင် တိစီဝရိက်ဓုတင်။ သင်္ကန်းအမျိုးမျိုး လိုချင်လို့ စိတ်တုန်လှုပ်တာ မဖြစ်အောင်လို့။ နေ့စဉ်ဘဝမှာ သုံးထည် မဟုတ်ပါဘူး။ သုံးစုံနဲ့ ရပြီလား။ စကတ်ရော၊ ပါတိတ်ရော၊ ကွာတားရော၊ အတိုရော၊ အရှည်ရော။ ရှေ့ကွဲ နောက်ကွဲ ဘေးကွဲ အမျိုးမျိုး။ အဆင်မျိုးစုံ ဒီဇိုင်းမျိုးစုံ ဖန္ဒနံလား။ စပလံ ဖလန်းဖလန်းလား။ ဓုတင်နဲ့ ခါချကြည့်ပါ။ ပတ္တပိုဏ်ဓုတင်ကတော့ သပိတ်ထဲ ဟင်းတွေထည့်ပြီး တစ်ခွက်တည်း တဲ့။ စားပွဲပေါ်မှာ ဟင်းဘယ်နှခွက်နဲ့ ဖလန်းဖလန်းထတာလဲ။ စိတ်က ဘယ်လိုနေလဲ။ ဘယ်လောက်ထိ စိတ်အလို လိုက်သလဲ။ ဝုန်းဒုန်းမကြဲရင် ကြမ်းတမ်းတဲ့ ကိလေသာကို ပယ်တာပါ။
ဥသုကာရော၊ မြားလုပ်သူသည်။ တေဇနံ၊ မြားကို။ ဥဇုံ၊ ဖြောင့်သည်ကို။ ကရောတိ ဣဝ၊ ပြုသကဲ့သို့တည်း။
မြားကို ဖြောင့်အောင်လုပ်တဲ့ အခါမှာ။ အပူပေးရတယ်။ ခြောက်လွန်းနေရင် အစေး ဆွတ်ရတယ်။ ဖိအားနဲ့ ဖြောင့်ရတယ်။ စိတ်ကို ဖြောင့်အောင်လုပ်တဲ့နေရာမှာလည်း သဒ္ဓါနဲ့ ဆွတ်ဆွတ်ပြီး ဖြောင့်ရတယ်။ ကိုယ်အားနဲ့ တွန်းပေးတဲ့ ကာယိကဝီရိယ၊ စိတ်အားနဲ့ ထောက်ထားတဲ့ စေတသိက ဝီရိယ။ ဝီရိယနဲ့ အပူပေးရတယ်။ ဝိပဿနာ ဘာဝနာနဲ့ ဖိရတယ်။
မာရဓေယျံ၊ ကိလေသာကို။ ပဟာတဝေ၊ ပယ်သည်ရှိသော်။ ဣဒံ စိတ္တံ၊ ဤစိတ်သည်။ ပရိဖန္ဒတိ၊ လူးလွန့် တုန်လှုပ်၏။ သြကမောကတဥဗ္ဘတော၊ ရေဟူသော တည်ရာမှ ထုပ်ယူအပ်သည်ဖြစ်၍။ ထလေ၊ ကုန်းပေါ်၌။ ခိတ္တော၊ ပစ်ချအပ်သော။ ဝါရိဇော၊ ငါးသည်။ ပရိဖန္ဒတိ ဣဝ၊ လူးလွန့် တုန်လှုပ်သကဲ့သို့တည်း။
ငါးက ရေထဲမှာပဲ နေသားကျတယ်။ ကုန်းပေါ်မှာ တင်လိုက်ရင် တွန့်တွန့်လူးတော့တာပဲ။ စိတ်က ကာမဂုဏ်အာရုံမှာ ပျော်တယ်။ ကိလေသာထဲ နေရမှ။ ကုသိုလ်အာရုံဆီ ပို့လိုက်ရင် သွက်သွက်ခါရော။ Myanmar Idolလေးနဲ့ဆိုရင် ငြိမ်နေတာ။ ကြည့်နေတုန်း မီးပျက်တာနဲ့ စိတ်က လှုပ်သွားပြီ။ ဘုရားရှိခိုးရင် စိတ်က လှုပ်ပြီ။ တရားထိုင်ရင် ပိုဆိုး။ ကိလေသာ အာရုံထဲကနေ ထုတ်လိုက်တာကိုး။
ဂါထာ အနက် ပြန်ဆိုပြီး သိမ်းရအောင်။
. . . . .။
ဟုတ်ပြီ။ နောက်တစ်ဆင့်တက်ဖို့ အားလုံး Safe ဖြစ်ပါတယ်။ မနက်ဖြန် လေးနာရီ။"
No comments:
Post a Comment