(Feb 25, 2016)
"လက်အုပ်ချီမိုး၊ ရှိခိုခြင်းငှာ၊ ထိုက်ပါပေ၏။"
သံဃာ့ဂုဏ်တော် ကိုးပါထဲက တစ်ခု။
အလှူကြီးပေးပြီး သာသနာ့အမွေ၊ ဘုရားအမွေ ခံယူကြတယ်။
ဘုရားရှင်ရဲ့ အမွေအနှစ် တစ်ခုဖြစ်တဲ့ သင်္ကန်းကို သားရတနာ၊ တူရတနာလေးတွေ ဝတ်ဆင်လိုက်တော့ ကိုယ့်တူကိုယ့်သား ကလေးငယ်တွေ ဖြစ်ပေမယ့် သံဃာနဲ့ အသွင်တူသွားအတွက် လက်အုပ်ချီကြရတယ် ရှိခို့းကြရတယ်။

ဘယ်သူဝတ်ဝတ် သင်္ကန်းက တန်ဖိုးမပြောင်းလဲဘူး။ သူခိုးဓာပြတွေက
သင်္ကန်းကိုခိုးပြီး ဝတ်ထားရင်တောင်မှ သင်္ကန်းကို ရိုသေရတာပဲ။ ကိုယ်ပိုင်တဲ့
ရွှေငွေတန်းဆာ ရတနာတွေ ကိုယ်ဝတ်တဲ့အခါ တန်ဖိုးရှိသလို သူခိုး ခိုးသွားပြီး
သူခိုးက ဝတ်တယ်ဆိုရင်လည်း တန်ဖိုးရှိနေတာပဲ။ အလားတူပဲ သူခိုးဓားပြတွေ
အယောင်ဆောင်ပြီး ဝတ်ရင်တောင်မှ ရိုသေရတဲ့ ဘုရားရဲ့အမွေ သင်္ကန်းကို သားရတနာ
တူရတနာလေးတွေ ဒီနေ့ ဝတ်ထားကြပြီ။ ဒါကြောင့်
"လက်အုပ်ချီမိုး၊ ရှိခိုးခြင်းငှာ၊ ထိုက်ပါပေ၏။"
သံဃာ့ဂုဏ်တော် နောက်တစ်ခုက
"ကုသိုလ်မျိုးစေ့၊ စိုက်ပျိုးချရာ၊ လယ်ယာမြေနှင့် တူပါပေ၏။"
စပါး တစ်တင်း စိုက်ပျိုးရင် စပါးတွေ တင်းပေါင်များစွာ ပွားတယ်။
နှမ်း တစ်ပြည်စိုက်ရင် နှမ်းတွေ ပြည်ပေါင်းများစွာ ပွားတယ်။
အလားတူပဲ လယ်ယာမြေနဲ့ တူတဲ့ ရဟန်းသံဃာကို အကြောင်းပြုပြီး ကုသိုလ် ပွားရတယ်။ ဒါန သီလ ကုသိုလ်မျိုးစုံ တိုးပွားအောင် လုပ်ရမယ်။ ဒီနေ့ သံဃာနဲ့ အသွင်တူတဲ့ ကိုရင်လေးတွေကို အကြောင်းပြုပြီး ကုသိုလ်ပွားအောင် ကြိုးစားရမယ်။ ဆွမ်းလှူရတဲ့ ဒါန၊ အရိုအသေပေးရတဲ့ ဂါရဝ စသည်အားဖြင့် ကုသိုလ်မျိုးစုံ ရနိုင်သမျှ ပွားရမယ်။
လောလောဆယ် နေချင်းညချင်း ကုသိုလ်တွေ ပွားအောင်လုပ်ရသလို နှစ်တွေ ကြာတဲ့အထိ အလှူကြီး ပေးခဲ့တာကို မေ့မထားဘဲ ပြန်ပြန်ပြီး သတိရ။ ကုသိုလ်တွေပွား။
ကိုယ်တိုင် ကုသိုလ် ရသလို ကလေးတွေ ကုသိုလ်ရအောင်လည်း ကူညီ။ ကျောင်းပိတ်ချိန် ရောက်ပြီဆိုတော့ ကိုရင်ဘဝနဲ့ ဘုရားစာ တရားစာ ကျက်မှတ်နိုင်အောင်၊ ဗုဒ္ဓဘာသာ အခြေခံ ရအောင် ဘုန်းကြီးကျောင်းမှာထား။
သံဃာဂုဏ်တော် ကိုးပါးထဲက ဒီဂုဏ်တော် နှစ်ခုကို ကြည်ညိုတတ်တယ် . . . ဒီကနေ ကုသိုလ်ယူတတ်တယ် ဆိုရင်ပဲ ဦးတူးမောင်ထွန်း ဒေါ်မြင့်မြင့်မော် မိသားစုတို့ အလှူကြီး ပေးရကျိုး နပ်ပါပြီ။ သာသနာ့အမွေ၊ ဘုရားအမွေ ရရှိပါတယ်။
:)
ရှင်အာစာရ

No comments:
Post a Comment