Friday, February 10, 2017

ဝိသုံ = သီးခြား၊ ဂါမ = ရွာ၊ ဝိသုံဂါမ = သီးခြားရွာ


စာခေါင်းစီး၌ ပါရှိသော "ဝိသုံဂါမ သီးခြားရွာ" ဆိုသည်မှာ ရဟန်းခံခြင်းစသော သံဃာ့ကံ ပြုလုပ်ရာ သိမ်တစ်မျိုး ဖြစ်သည်။ သီးခြားရွာသိမ်ဟု ဆိုနိုင်၏။ သီးခြားဖြစ်သော၊ တစ်သီးတစ်ခြားဖြစ်သော၊ သီးသန့်ဖြစ်သော ရွာတစ်ရွာ၊ ထူးခြားသည့် ရွာတစ်ရွာသည်ပင် ကံဆောင်ရာသိမ် ဖြစ်နေပါသည်။

ထိုသို့ ထူးခြားသည့်ရွာသည် သိမ်ဖြစ်သကဲ့သို့ ထူးမခြားနား ရွာတို့သည်လည်း သိမ်ဖြစ်ပါသည်။ ထိုသိမ်တို့တို့ကို ဂါမသိမ်ဟု ခေါ်သည်။ ရွာဟုဆိုရာ၌ အုပ်ချုပ်သူ ရွာသူကြီး အာဏာပိုင်သည့် လယ်ကွက်ယာကွက်၊ ရွာ့အပြင် နယ်များလည်း ပါဝင်၏။ ထိုသို့သော ရွာနယ် တစ်ခုလုံးသည် အလိုလို သိမ်ဖြစ်နေ၏။ ထိုနယ်အတွင်း၌ သံဃာတော်များ ကံဆောင်နိုင်သည်။ သို့သော် ထိုသို့ ကံဆောင်ရာ၌ ထိုနယ်အတွင်းရှိ ရဟန်းသံဃာ အားလုံးကို ဖိတ်ခေါ် စုရုံးရန် မလွယ်ပေ။ ကံဆောင်ရာ၌ သိမ်တွင်းသံဃာအားလုံး သဘောတူ ပါဝင်ရသည်။ မပါလျှင် ကံပျက်သည်။ ခြွင်းချက်မရှိ သဘောတူ ပါဝင်ရသည်။ ရွာနေသံဃာများကို စုရုံးနိုင်စေကာမူ စုစည်းသည့် ရွာနေသံဃာတို့ သံဃာ့ကံ တစ်ခုခု ဆောင်ရွက်နေစဉ် ကာလ၌ ရွာနယ်အတွင်သို့ ဧည့်သည်ရဟန်း၊ ခရီးသွားရဟန်းတို့ ဝင်လာခြင်းမျိုးကဲ့သို့သော အမှတ်တမဲ့ ဖြစ်ရပ်မျိုးကြောင့် သံဃာ့ကံ မအောင်မမြင် ဖြစ်တတ်သည်။ ထို့ကြောင့် သိမ်နယ်အတွင်း၌ လွယ်ကူစွာ သံဃာစုစည်းနိုင်ရန်အတွက် ဘုန်းကြီးကျောင်းအတွင်း တစ်နေရာကို သိမ်အဖြစ် သတ်မှတ်ကြသည်။ ထိုသို့ သတ်မှတ်သည်ကို သိမ်သမုတ်သည်ဟု ခေါ်၏။ ထိုသို့ သမုတ်လိုက်သောအခါ ကံဆောင်ရာ ရွာနယ် ကျဉ်းသွားပြီး နယ်တွင်းသံဃာ၊ သိမ်တွင်းသံဃာကို စုရုံးရန် လွယ်ကူသွားသည်။

ထိုသို့ နယ်ကျဉ်းအောင် သိမ်သမုတ်ခြင်းသည်လည်း သံဃာ့ကံတစ်မျိုး ဖြစ်သောကြောင့် ရွာတွင်းသံဃာအားလုံး စုရုံး၍ သိမ်သမုတ်ရသည်။ သိမ်သမုတ်ရာ၌ ရွာနယ်အတွင်းရှိ ရဟန်းအားလုံး ပါဝင်ရသည်။ ရွာသံဃာတို့ သိမ်သမုတ်နေစဉ် ကာလ၌ ဧည့်သည်ရဟန်း၊ ခရီးသွားရဟန်းတို့ ရွာနယ်အတွင်းသို့ ဝင်မလာအောင် တားဆီးထားရသည်။ ဧည့်သည်ရဟန်း၊ ခရီးသွားရဟန်းတို့ ရောက်လာနိုင်ချေ နည်းပါးသည့် ညအခါ၌ သိမ်သမုတ်လေ့ ရှိကြသည်။ ညအခါပင် ဖြစ်စေကာမူ သေချာအောင် အစောင့်ထားလေ့ရှိကြသည်။

ထိုသို့ သိမ်သမုတ်ရန် မဖြစ်နိုင်သည့် အခြေအနေမျိုးလည်း ရှိတတ်သည်။ သိမ်သမုတ်ရာ၌ ပါဝင်ရန် ရွာသံဃာတို့ကို စုရုံး၍ မရခြင်းမျိုး ရှိတတ်သည်။ ထိုအခြေအနေမျိုး၌ ကျောင်းဝင်းအတွင်း နယ်ကျဉ်းတစ်ခုကို သီးခြားရွာအဖြစ် သတ်မှတ်ပေးပါရန် မင်းထံ၊ အစိုးထံ လျှောက်လွှာတင်ရသည်။ မင်းအစိုးရတို့က ဝိသုံဂါမ သီးခြားရွာ ဖြစ်စေဟု သတ်မှတ်ပေးလိုက်လျှင် ထူးခြားသည့် ရွာတစ်ရွာ၊ ခိုင်မာသည့် သိမ်တစ်လုံး ဖြစ်လာသည်။ ထိုသိမ်ကို ဝိသုံဂါမသိမ်ဟု ခေါ်၏။

မင်းအစိုးရတို့ သတ်မှတ်ပြဌာန်းပေးသည့် ဝိသုံဂါမသိမ်အတွက် သံဃာစုသိမ်းရခြင်း၊ ကမ္မဝါစာ ရွတ်ဖတ်ရခြင်း မရှိသောကြောင့် ဝိသုံဂါမသိမ်သည် သမုတ်နေကျ ရိုးရိုးသိမ်ထက် သေချာ၏။ ရိုးရိုးသိမ် သမုတ်ရာ၌ နယ်တွင်းသံဃာကို စုသိမ်းရာ၌ မအောင်မြင်ခြင်း၊ ကမ္မဝါစာရွတ်ဖတ်ရာ၌ မပီသ၍ မအောင်မြင်ခြင်းမျိုး ဖြစ်တတ်သည်။

မင်းအစိုးရတို့ထံ ဝိသုံဂါမသိမ် လျှောက်ထားရာ၌ အကျဉ်းအားဖြင့် အောက်ပါအတိုင်း အဆင့်သုံးဆင့် ရှိသည်။

၁။ ကျောင်းမြေသတ်မှတ်၍ ထိုမြေကို "လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်" လျှောက်ရသည်။

၂။ လယ်မြေယာမြေ မဟုတ်တော့ဘဲ အခြားနည်းဖြင့် အသုံးပြုခွင့် ရထားသောမြေကို "အခွန်လွတ်သာသနာ့မြေ" လျှောက်ရသည်။

၃။ အခွန်လွတ် သာသနာ့မြေထဲမှ တစ်နေရာကို "ဝိသုံဂါမသိမ်" လျှောက်ထားရသည်။

ထိုသုံးဆင့်၌ အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ ကြာခြင်း မြန်ခြင်း အမျိုးမျိုး ကွဲလွဲနိုင်သည်။

မည်သို့ဆိုစေကာမူ ဖြစ်နိုင်သည့် နည်းလမ်းဖြင့် ဖြစ်နိုင်သည့်သိမ်များ ပေါ်ပေါက်လာခြင်းသည်ပင်လျှင် သာသနာတော် ထွန်းကားပြန့်ပွားရေး အထောက်အပံ့ ဖြစ်ပါကြောင်း။



:)
ရှင်အာစာရ

No comments:

Post a Comment