Wednesday, February 8, 2017

ကျောက်စိမ်းတုံးကြီးထက်ကို ပိုချစ်တာ

(6Feb2017)
-----
"မင်္ဂလာဦး အိမ်ထောင်ဦးမှာ ကုသိုလ်ပြုကြတယ်။ မင်္ဂလာဆွမ်း ကပ်တာ၊ အိမ်ထောင်ဦးသင်္ကန်း ကပ်တာ။ ဒါနမင်္ဂလာပဲ။ ခုနက မင်္ဂလာဆွမ်း ဘုဉ်းပေးနေတုန်း ရာဟုလာ အကျိုးဆောင် ဒကာက ဝမ်းသာအားရ လာလျှောက်တယ်။ ရာဟုလာအတွက် ဝိသုံဂါမသိမ် ရပြီတဲ့။ ဒီမင်္ဂလာဆောင်နေ့မှာ ကြားရတဲ့ မင်္ဂလာ သတင်းပဲ။

ဒကာ လျှောက်တာကို အားလုံး ကြားလိုက်ကြတယ်။ သူပြောတဲ့ ဝိသုံဂါမသိမ် ဆိုတာက အစိုးရက ပေးတဲ့သိမ်။ ဘုန်းကြီးတွေ သမုတ်တဲ့သိမ် မဟုတ်ဘူး။ ဘုန်းကြီးတွေ သမုတ်စရာ မလိုဘဲ သိမ်ဖြစ်သွားတာ။ ကံကြီးင်္ကငယ် သံဃာ့ကံ ဆောင်ရွက်လို့ ရတယ်။ ရှားရှားပါးပါး သိမ်ပဲ။ ကြားတောင် မကြားဖူးတဲ့သူတွေပဲ များတယ်။ ကမ္ဘာမြေ အကျယ်ကြီးထဲက သီးသန့်နယ်မြေလေး။ ရာဟုလာကျောင်းတိုက်ထဲက အလျား ပေ၅၀၊ အနံ ပေ၅၀၊ ပေ ၅၀ ပတ်လည် ကျယ်တဲ့ မြေနေရာလေး။ ဒကာပြောသွားတာ အားလုံး ကြားလိုက်ကြမှာပဲ။ အစိုးရက ချပေးတဲ့ ဒီမြေကွက်လေး အတွင်းမှာ အစိုးရကတောင်မှ ဘာမှ လုပ်လို့ မရတော့ဘူးတဲ့။ ဒီနေရာမှာ ကျောက်စိမ်းထွက်ရင်တောင် အစိုးရ အနေနဲ့ လာတူးလို့ မရဘူးတဲ့။ သူ နားလည်သလို သူ အဓိပ္ပာယ် ဖွင့်တာ။ ဆိုလိုတာက ဒီ ဝိသုံဂါမသိမ်မြေ တန်ဖိုးကြီးတယ်လို့ သူ ပြောချင်တာ။ ကျောက်စိမ်းထက် တန်ဖိုးထားရမယ်လို့ သူ ပြောချင်တာ။ ဟုတ်တယ်။ တန်ဖိုး ထားရမယ်။

ဒီနေ့ ကိုဖြိုးတို့ မမော်တို့လည်း မင်္ဂလာမောင်နှံ ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြုကြတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ကျာ်းတွေထဲက တစ်ယောက်၊ ကမ္ဘာပေါ်မှာရှိတဲ့ မိန်းမတွေထဲက တစ်ယောက် သီးသန့်ခွဲပြီး အသိအမှတ်ပြုကြတာ။ အသိအမှတ် ပြုကြပြီး အပြန်အလှန် တန်ဖိုးထားကြဖို့လိုတယ်။ သူက ကိုယ့်အတွက်၊ ကိုယ်က သူ့အတွက်။ သူနဲ့ကိုယ် အပြန်အလှန် ကျောက်စိမ်းတုံးထက် ပိုပြီး တန်ဖိုးထားကြရမယ်။ မြန်မာစကားပုံ သူကလွဲရင် ဖွဲဆန်ကွဲ ဆိုတာလို တန်ဖိုးထားကြရင် လူမှုရေး ဖောက်ပြန်တာတွေ ကင်းရှင်းပြီး ပျော်စရာ အိမ်ထောင်တစ်ခု ရမယ်။
ပျော်ရွှင်စွာဖြင့် မိသားစုတာဝန်ကနေ နိုင်ငံ့တာဝန်အထိ ထမ်းဆောင်နိုင်ကြပါစေ။"

:)
ရှင်အာစာရ 

No comments:

Post a Comment