(မုံရွာမြို့၊ သီတာရုံ ပရိယတ္တိ စာသင်တိုက် တိုက်တည်ဆရာတော် ဘုရားကြီး ဦးဒေ၀ိန္ဒ၏ သက်တော် (၈၀)ပြည့် မွေးနေ့ပူဇော်ပွဲ အထိမ်းအမှတ် စာစောင်သို့ . . . .)
မြန်မာနိုင်ငံ၏
ပရိယတ္တိသာသနာရေးနှင့် စပ်လျဉ်း၍ ပရိယတ္တိသာသနာတော်၏ ရေသောက်မြစ်ဖြစ်သည့် စာသင်သား
ရှင်ရဟန်း နည်းလာမှုနှင့် အခြားသော အကြောင်းအချက်များကို အလေးအနက်ထားပြီး မြန်မာနိုင်ငံ၏
လက်ရှိ ပရိယတ္တိပညာရေး စနစ်ကို အလိုက်သင့် ပြုပြင် ပြောင်းလဲသင့်ကြောင်း တင်ပြလိုပါသည်။
ရှေးဦးစွာ
ပရိယတ္တိ ဟူသည်ကို ဖွင့်ဆိုပါမည်။ ပရိယတ္တိ ဟူသည်မှာ ဘုရားရှင် ဟောကြားအပ်သည့်
တရားတော်တို့ကို သင်ကြားပို့ချခြင်း နှင့် လေ့လာသင်ယူခြင်းပင် ဖြစ်ပါသည်။ ဘုရားရှင်၏
နှုတ်တော်ထွက် ဓမ္မဒေသနာများကို တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ဖြစ်စေ ကြားနာကြပြီး
မှတ်သားကြရပါသည်။ ကြားနာမှတ်သားကြပြီး လိုက်နာကျင့်သုံးကြရပါသည်။ မြတ်စွာဘုရား
သက်တော်ထင်ရှား ရှိတော်မူစဉ်ကာလမှ စ၍ ယနေ့ထိတိုင်အောင် တရားဓမ္မများ ဟောကြားမှုနှင့်
နာယူမှု၊ စာပေကျမ်းဂန်များ သင်ကြားပို့ချမှုနှင့် လေ့လာသင်ယူမှုတို့ကို
ပရိယတ္တိလုပ်ငန်းဟု သတ်မှတ်ပါသည်။ အဆိုပါ ပရိယတ္တိ သာသနာတော် ခေတ်အဆက်ဆက်ကို အကျဉ်းအားဖြင့် အောက်ပါအတိုင်း လေးမျိုးခွဲခြား သတ်မှတ်လိုပါသည်။
၁။ အာဂုံခေတ်။ ။ ဘုရားဟော ပါဝစနစကားမြတ် ပိဋကတ်တော်ကို
နှုတ်ငုံဆောင်ခဲ့ကြပါသည်။ နှုတ်တက်ချပေးခြင်း၊ နှုတ်တက်သင်ယူခြင်း၊ နှုတ်ဖြင့်ရွတ်ဆို
လေ့ကျင့်ခြင်းအားဖြင့် ဆရာတပည့် အစဉ်အဆက်တို့က ပိဋကတ်တော်ကို ထိန်းသိမ်းခဲ့ကြပါသည်။
၂။ ကျမ်းစာခေတ်။ ။ ထို့နောက် ပိဋကတ်တော်ကို ပေထက်အက္ခရာ တင်ခဲ့ကြပါသည်။
ထို့နောက် ကျောက်ထက်အက္ခရာ တင်ခဲ့ကြပါသည်။ နောက်ဆုံး၌ စာရွက်ပေါ်၌ ရေးသားပြီး ပရိယတ်
ကျမ်းစာများ ဖြစ်ပေါ်လာပါသည်။ ထိုကျမ်းစာများကို ပို့ချကြပါသည်၊ သင်ယူကြပါသည်။
စာပေပရိယတ် သင်ကြားမှု သင်ယူမှု ခေတ်ဦးက စာသင်သား တပည့်၏ အရည်အသွေးကို စာမေးပွဲဖြင့်
စစ်ဆေးခြင်း မရှိခဲ့ပါ။
၃။ စာမေးပွဲခေတ်။ ။ ထို့နောက် ကန့်ကွက်မှုအချို့ ရှိခဲ့သော်လည်း
စာသင်သား၏ အရည်အချင်းကို စစ်ဆေးရန် ပိဋကတ်ဆိုင်ရာ ပရိယတ္တိ စာမေးပွဲစနစ်
ပေါ်ပေါက်လာခဲ့ပါသည်။ စာမေးပွဲစနစ်ကြောင့် စာဖြေသူတို့ အနေဖြင့် အောင်လက်မှတ်နှင့်
ဘွဲ့ထူးဂုဏ်ထူးများအပေါ် တပ်မက်မှုများ ရှိလာမည်ကို မလိုလားအပ်ဟူသော
အကြောင်းပြချက်ဖြင့် စာမေးပွဲစနစ်ကို ကန့်ကွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော်
စာမေးပွဲများ ပေါ်ပေါက်လာပြီး လူတို့၏ ဝိဇ္ဇာသိပ္ပံ ပညာရေး မဖွံ့ဖြိုးခင်က ပရိယတ်
ပညာရေးမှာ အထူး အားကောင်းခဲ့ပါသည်။
၎။ လက်ရှိခေတ်။ ။ ထို့နောက် နှစ်များစွာကြာအောင် ပရိယတ် စာမေးပွဲများအပေါ် စိတ်ဝင်စားမှု အားကောင်းခဲ့ပါသည်။ သို့သော် ယခုအခါ လူတို့၏ ဝိဇ္ဇာသိပ္ပံ ပညာရေး တိုးတက်လာပြီး ပရိယတ် ပညာရေးမှာ အားနည်းလာနေသည်ဟု ထင်မိပါသည်။ ထို့ပြင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့်အတူ လူတို့၏ ဝိဇ္ဇာသိပ္ပံ ပညာရေး ဆက်လက်တိုးတက်ရန် ရှိနေပြီး ပရိယတ် ပညာရေး ပို၍ အားနည်းမည့် အလားအလာပင် ရှိနေပါသည်။ ပိဋကတ်တော်ကို မှတ်တမ်းတင်မှု နှင့် ဖြန့်ဝေမှု အပိုင်း၌ ခေတ်သစ် နည်းပညာ၏ အထောက်အပံ့ကို ပုံစံအမျိုးမျိုး ရယူနေကြပါသည်။ ကန့်ကွက်မှုများ အကြားမှ ပေါ်ပေါက်ခဲ့သော ပရိယတ် ပညာရေး စာမေးပွဲစနစ်ကို လောကီပညာရေးနှင့်ယှဉ်၍ ပြုပြင်ပြောင်းလဲရန် အချို့က ဆန္ဒရှိနေပါသည်။ အချို့ကလည်း မပြောင်းလဲလိုကြပါ။
အထက်ပါအတိုင်း
သတ်မှတ်အပ်သည့် ခေတ်လေးမျိုးအနက် ရှေ့သုံးမျိုးနှင့် စပ်လျဉ်း၍ အထူးတလည်
ပြောဆိုစရာ မရှိပါ။ လက်ရှိခေတ် လက်ရှိအခြေအနေနှင့် စပ်လျဉ်း၍
ဆွေးနွေးတင်ပြလိုပါသည်။ လက်ရှိ ပရိယတ္တိ ပညာရေးစနစ်ကို ပြောင်းလဲရန် သင့်မသင့်
ထည့်သွင်းသုံးသပ်စရာ အချက်အလက်အချို့ကို တင်ပြလိုပါသည်။
လက်ရှိ
မြန်မာနိုင်ငံ၌ လောကီလူ့ပညာရေး အဆင့်မြှင့်၍ ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိနေကြပုံကို
ကြားနေရပါသည်။ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားမှုများလည်း ရှိနေပါသည်။ ရဟန်းတော်များ၏
ပရိယတ္တိပညာရေးကိုလည်း ပြောင်းလဲလိုသည့် အရှင်များ ရှိကြပါသည်။ သို့သော် လူတို့၏
ပညာရေး တိုးတက်ပြောင်းလဲတော့မည်ဟု ယုံကြည်မျှော်လင့်နိုင်ကြသည့်တိုင်
ရဟန်းတော်များ၏ ပရိယတ္တိပညာရေး ပြောင်းလဲရန်မှာ မလွယ်လှသေးဟု ထင်မိပါသည်။ ပရိယတ္တိ
စာမေးပွဲစနစ်ကို ပြောင်းလဲပိုင်ခွင့် ရှိကြသည့် ထိပ်ပိုင်းနေရာ ယူထားသူ အများစုက
အဟောင်းကိုသာ နှစ်သက်ကြသောကြောင့်ဖြစ်ပါသည်။ ပရိယတ္တိပညာရေး သင်ရိုး၌ အင်္ဂလိပ်စာ၊
သင်္ချာကဲ့သို့သော ခေတ်သစ်ဘာသာရပ်များ ထည့်သွင်း၍ ပြုပြင်ပြောင်းလဲလိုက်လျှင်
ပရိယတ္တိအပေါ် အားစိုက်မှု လျော့ပါးလိမ့်မည်ဟူသော အကြောင်းပြချက်ဖြင့် စနစ်ဟောင်းကို
မပြောင်းလိုကြခြင်း ဖြစ်ပါသည်။ အမှန်မှာ အလိုက်သင့် ပြောင်းလဲရမည့် အခြေအနေ
အချိန်အခါ ဖြစ်သည်ဟု ထင်မိပါသည်။
ရှေးခေတ်က
လူဝတ်ကြောင် မြန်မာတို့အနေဖြင့် ပညာရေးနှင့် စပ်လျဉ်း၍ ယနေ့ခေတ်လောက်
အခွင့်အလမ်းများ မရှိခဲ့ပါ။ ဘုန်းတော်ကြီးကျောင်းများ၌ အခြေခံ အရေးအဖတ် အတွက်အချက်
သင်ယူခြင်းသာလျှင် ၎င်းတို့၏ အဓိက ပညာရေး ဖြစ်ခဲ့ပါသည်။ ထိုအခြေအနေသည်ပင်လျှင်
မြန်မာနိုင်ငံ၏ ပရိယတ္တိသာသနာ အားကောင်းစေရန် ကြီးစွာသော အထောက်အပံ့ ဖြစ်ခဲ့ပါသည်။ ကျောင်းသားအဖြစ်ဖြင့်
ဘုန်းတော်ကြီးကျောင်းများ၌ အခြေခံ ပညာသင်ယူရင်း ပိဋကတ်စာပေနှင့် ရင်းနှီးခွင့်
ရခဲ့ကြပါသည်။ ထိုမှတစ်ဆင့် ရှင်ရဟန်း ဘ၀သို့ တက်ရောက်ခဲ့သော အမျိုးကောင်းသား
မြောက်များစွာ ရှိခဲ့ပါသည်။ လက်ရှိအခြေအနေမှာ ရှေးခေတ်ကနှင့် မတူတော့ပါ။
မြန်မာ့အမျိုးသားပညာရေးမှာ ရှေးခေတ်ကကဲ့သို့ ဘုန်းတော်ကြီးကျောင်းများကို
လုံးလုံးလျားလျား မှီခိုရခြင်းမျိုး မဟုတ်တော့ပါ။ သို့ဖြစ်၍ ကျောင်းသားတို့
အနေဖြင့် ရှေးခေတ်ကကဲ့သို့ အခြေခံ ပညာသင်ယူရင်း ပိဋကတ်စာပေနှင့် ရင်းနှီးခွင့်
နည်းပါးလာခဲ့ပါသည်။ ထို့ကြောင့် ရှေးခေတ်က ရရှိခဲ့သော မြန်မာနိုင်ငံ၏ ပရိယတ္တိသာသနာ
အားကောင်းစေရန် ကြီးမားသည့် အထောက်အပံ့လည်း လုံးပါးပါးလာသည်ဟု ထင်မိပါသည်။ ပရိယတ္တိ
စာမေးပွဲ စနစ်ဟောင်းကို အလိုက်သင့် မပြောင်းလဲနိုင်လျှင် အခြေအနေ ပိုဆိုးလာနိုင်ပါသည်။
မျိုးဆက်သစ်
မြန်မာတို့၏ ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းများကို လုံးလုံးလျားလျား
မှီခိုရခြင်းမျိုး မဟုတ်သဖြင့် မျိုးဆက်သစ် အများစုမှာ ကျောင်းကန်ဘုရားနှင့်
အဆက်အစပ် ဝေးလာပြီး ပရိယတ္တိ စာသင်သား ရှင်ရဟန်း အရေအတွက်မှာလည်း တစ်နှစ်ထက်တစ်နှစ်
လျော့ပါးလာနေပါသည်။ စာသင်သား ရှားပါးမှုကြောင့် ပရိယတ္တိ စာသင်တိုက်
တော်တော်များများ အခြေယိုင်လာပါသည်။ အချို့မှာ ပျက်သွားပါသည်။ စိုးရိမ်စရာ
အခြေအနေပင် ဖြစ်ပါသည်။ ရှင်ရဟန်း အရေအတွက် နည်းပါးရခြင်း အကြောင်းရင်းကို
သာသနာတော် နောက်ပိုင်းဖြစ်၍ သဒ္ဓါတရား အားနည်းလာပြီး ရှင်ရဟန်း မပြုကြတော့ခြင်းကြောင့်၊
အထူးသဖြင့် ရှင်ပြုလိုသူ ရှားပါးလာသောကြောင့် ဟူ၍ သဒ္ဓါတရား တစ်ခုတည်းကိုသာ
မကောက်ယူသင့်ပေ။ ပရိယတ္တိ ပညာရေး စနစ်၏ ဆွဲဆောင်နိုင်မှု၊ ပရိယတ္တိ ပညာရေးအပေါ်
စိတ်ဝင်စားမှုကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။ လောကီ အတန်းပညာရေး
ထွန်းကားနေသည့် ယနေ့ခေတ်၌ ကလေးငယ် အများစု၏ မိဘများသည် ပရိယတ္တိ ပညာရေးထက် လောကီလူ့ပညာရေးကို
ပို၍ စိတ်ဝင်စားကြပြီး ၎င်းတို့၏ သားငယ်က ရှင်ပြုလိုသည်၊ ရှင်သာမဏေ ဘ၀ဖြင့်
စာပေပရိယတ် သင်ယူလိုသည် ဆိုစေကာမှု အလွယ်တကူ ခွင့်ပြုရန် ခက်ခဲနေကြပါသည်။ ၎င်းတို့၏
သားငယ်ရှင်ငယ် စာပေပရိယတ် သင်ယူရင်း သာသနာ့ဘောင်၌ မပျော်မွေ့ဘဲ လူဝတ်လဲလိုက်လျှင်
လောကီပညာရေး ထွန်းကားသည့် ခေတ်ထဲ၌ လောကီပညာ လက်ကိုင်မဲ့နေမည့် အရေးကို
တွေးပူကြသောကြောင့် ဖြစ်ပါသည်။ ထိုစိုးရိမ်မှုကို လျှော့ချနိုင်ရေးအတွက် ပရိယတ္တိ
ပညာရေး၌ ၀ိဇ္ဇာ၊ သိပ္ပံ လောကီပညာရပ်များ ထိုက်သင့်သလောက် ထည့်သွင်းပေးသင့်သည်ဟု
ထင်မိပါသည်။
အထက်က
ဆိုခဲ့သည့်အတိုင်း ရှေးခေတ်က ကလေးငယ်တို့ ဘုန်းတော်ကြီးကျောင်းများ၌ အခြေခံ
ပညာသင်ယူရင်း ပိဋကတ်စာပေနှင့် ရင်းနှီးခွင့် ရခဲ့ကြသည်မှာ မြန်မာ့အမျိုးသားပညာရေး၌
ဘုန်းတော်ကြီးများ ဦးဆောင်နိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။ ယခုခေတ်မှာလည်း ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းများ ရှိနေသောကြောင့် မြန်မာ့အမျိုးသားပညာရေး၌ ဘုန်းတော်ကြီးများ ပါဝင်ပတ်သက်မှု
ရှိနေသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
တော်တော်များများ (သို့မဟုတ် အများစု)၌ ဘုန်းတော်ကြီးများ ၀င်ရောက်၍
သင်ကြားပေးနိုင်ခြင်း မရှိသေးပါ။ အဆိုပါ ကျောင်းများ၌ သင်ကြားပို့ချသည့် ၀ိဇ္ဇာ
သိပ္ပံ ဘာသာရပ်များမှာ ဘုန်းတော်ကြီးများနှင့် အဆက်အစပ် ဝေးနေပါသေးသည်။ ထို
လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက်လည်း ပရိယတ္တိ ပညာရေး၌ ၀ိဇ္ဇာ၊ သိပ္ပံ
လောကီပညာရပ်များ ထိုက်သင့်သလောက် ထည့်သွင်းပေးသင့်သည်ဟု ထင်မိပါသည်။
အထက်က
ဆိုခဲ့သည့်အတိုင်း လောကီပညာရပ်များ ထည့်သွင်းလိုက်လျှင် ပရိယတ္တိ ပညာရေးအပေါ် အားစိုက်မှု
လျော့ကျသွားမည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်ဖြစ်ရာ ထိုသို့ စိုးရိမ်မှုများ
ရှိနေသည့်အတိုင်း ပရိယတ္တိအပေါ် အားစိုက်မှု လျော့ပါးမသွားအောင်လည်း စီစဉ်သင့်ပါသည်။
ဥပမာ လက်ရှိ ပရိယတ္တိ စာမေးပွဲ၏ မူလတန်း၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ
(သုံးကျမ်း/သုံးတန်း) ထက်ပို၍ အဆင့်အတန်းများ ထားရှိပြီး လောကီဘာသာရပ်
အသစ်များလည်း ထည့်သွင်း၍ စာသင်နှစ်ကို တိုးလိုက်ခြင်းမျိုး ပြုလုပ်နိုင်ပါသည်။
အထူးသဖြင့် မူလတန်း၊ ငယ်၊ လတ်၊ ကြီး ဟူသော အခြေခံ လေးတန်းကို လူတို့၏ အခြေခံ
ပညာရေးကဲ့သို့ ဆယ်တန်းအထိ ခွဲလိုက်လျှင် ပရိယတ္တိစာပေအပေါ် အားစိုက်မှုကို
မထိခိုက်စေဘဲ ဘာသာရပ် အသစ်များလည်း ထည့်သွင်းနိုင်ပါလိမ့်မည်။ မြောက်များစွာသော
သင်ယူဖွယ်ကို နှစ်များစွာ အချိန်ယူပြီး နည်းနည်းချင်း သင်ယူခြင်းမျိုးဖြစ်အောင်
စီစဉ်နိုင်ပါသည်။
ထို့ပြင် လက်ရှိ ပရိယတ္တိပညာရေး၌
ပြောင်းလဲသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ ယေဘုယျသဘောကိုလည်း တင်ပြလိုပါသည်။ ပရိယတ္တိပညာရေး၌ ပိဋကတ်တော်ကို မှတ်တမ်းတင်ထားသည့် ပါဠိဘာသာစကားကို လေ့လာရမည်သာ ဖြစ်ပါသည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ တရားအနှစ် ပိဋကတ်တော်၏ ဆိုလိုရင်း
သဘောသွားကို အရယူရန် ဖြစ်ပါသည်။ လက်ရှိ ပရိယတ္တိပညာရေး စနစ်၌ သဘောတရားထက် ဘာသာစကားကို
အလေးပေးလွန်းနေသည်ဟု ထင်မိပါသည်။ ဖြစ်သင့်သည် နှင့် ဖြစ်နေပုံမှာ ပြောင်းပြန်ဖြစ်နေသည်ဟု
ထင်မိပါသည်။
လက်ရှိ
ပရိယတ္တိပညာရေးမှာ အဓိကအားဖြင့် ဘာသာစကား (ပါဠိ)ကို သင်ယူနေခြင်းပင် ဖြစ်သည်ဟု
နားလည်မိပါသည်။ ဓမ္မာစရိယတန်း ပထမနေ့ မေးခွန်းများ၌ အမှတ်တစ်ရာဖိုး ဆယ်ပုဒ်စလုံး
ဘာသာပြန် (အနက်ပေး) ဖြစ်နေခြင်းမှာ ဘာသာစကားကို မည်မျှအလေးပေးကြောင်း
ထင်ရှားလှပါသည်။ ဓမ္မာစရိယတန်း ဒုတိယနေ့ မေးခွန်းများ၌လည်း ဘာသာစကားကို
အလေးပေးမှုများ ထင်ရှားစွာ ပါဝင်နေပါသည်။ ဥပမာအားဖြင့် ဘာသာပြန် (အနက်ပေး)ရခြင်း၊
ဝါကျအချိတ်အဆက်ကို လေ့လာရခြင်း၊ ၀ါကျများ ရေးသားရခြင်း၊ စကားလုံး၏ အဓိပ္ပာယ်ကို
ဖော်ရခြင်း၊ စကားလုံး အမှန်အမှား ဆုံးဖြတ်ရခြင်း၊ ဂါထာ (ပါဠိကဗျာ) ရေးသားရခြင်း
စသည်တို့ ဖြစ်ပါသည်။ အောက်တန်းများ၌လည်း ဘာသာစကား၏ အခန်းကဏ္ဍမှာ မသေးလှပါ။
ဘုရားရှင်၏ စကားတော် ဖြစ်သောကြောင့် ဘာသာစကား (ပါဠိ)ကို သင်ယူရမည် ဖြစ်သော်လည်း
ဘာသာရပ်ဟု ဆိုရမည့် တရားတော်၏ အနှစ်သာရကို အထူးပြု၍ လေ့လာသင့်ပါသည်။ တရားသဘောသို့
ထိရောက်မှု နည်းလွန်းနေသည်ဟု ထင်မိပါသည်။
နောက်တစ်ခုမှာ
သင်ကြားမှု သင်ယူမှု၌ အဓိပ္ပာယ် သဘောတရား နားလည်ရေး၊ ထုတ်ဖော်တင်ပြနိုင်ရေး
နည်းပါးပြီး အာဂုံကျက်မှတ်ရမှု များပြားနေခြင်း ဖြစ်ပါသည်။ လူ့ပညာရေး၌ “အလွတ်ကျက်၊
အလွတ်ဖြေ” ဟူသော အသုံးမကျမှုကို ရှုတ်ချသံများ မကြာခဏ ကြားနေရပါသည်။ ရဟန်းတော်များ
အတွက်ကား “အာဂုံရမှ အာဂလူ”ဟု ချီးကျူးကာ “အလွတ်ကျက်၊ အလွတ်ဖြေ”ခြင်းကို အလေးထားမှု
ရှိနေပါသည်။ ဘုရားရှင်၏ စကားတော်ကို အာဂုံကျက်မှတ်ရမည်၊ ကျက်မှတ်မှုကို
ချီးကျူးရမည် ဖြစ်သော်လည်း စာမေးပွဲစနစ်၌ အာဂုံကို ဦးစားမပေးလွန်းသင့်ပေ။ လက်ရှိ ပရိယတ္တိ
ပညာရေး၌ကား အာဂုံ၏ အခန်းကဏ္ဍမှာ ကိုးဆယ်ရာခိုင်နှုန်းကျော်မည် ထင်ပါသည်။
မသင့်မြတ်လှပါ။ အထူးသဖြင့် အခြေခံ ပါဠိသဒ္ဒါ စည်းမျဉ်း (သုတ်စဉ်)များကို လိုအပ်သည်ထက်
ပို၍ အလွန်အကျွံ အလွတ်ကျက်မှတ်ရခြင်း၊ အဘိဓာန် (Dictionary)ကို အလွတ်ကျက်မှတ်ရခြင်း
ကဲ့သို့သော စာသင်သားတို့၏ အာဂုံဒုက္ခကို အသိအမှတ် ပြုသင့်ပါသည်။
အာဂုံမဟုတ်သည့်တိုင်
အနက်လှည့်ခြင်း၊ ည၀ါရွတ်ခြင်း၊ သရုပ်ခွဲခြင်းတို့ကဲ့သို့ အဖန်ဖန် အထပ်ထပ်
မှတ်သားရမှုများ များလွန်းနေပြီး စဉ်းစားသုံးသပ်ရမှု ရှားပါးနေပါသည်။
အဆင့်မြင့်တန်းများ ရောက်သည်အထိပင် သုတေသနပြုရခြင်း၊ စာတမ်းတင်ရခြင်းများ
မရှိသေးပါ။ လေ့လာသုံးသပ် သင်ယူပြီး ထုတ်ဖော်ဖွင့်ဟ တင်ပြမှုများ ရှိသင့်ပါသည်။
အချုပ်အားဖြင့်
. . . ပရိယတ္တိ ပညာရေး၌ လက်ရှိ အခြေအနေအရ လိုအပ်နေသည့် ဘာသာရပ် အသစ်များ တိုးချဲ့
ပြဌာန်းသင့်ပါကြောင်း၊ ဘာသာစကားသို့ ချဉ်းကပ်မှုကို လျှော့ချ၍ တရားအနှစ်သို့ ချဉ်းကပ်မှုကို
တိုးမြှင့်သင့်ပါကြောင်း၊ အာဂုံကျက်မှတ်ရမှုကို လျှော့ချ၍ စဉ်းစားသုံးသပ်မှု၊
ထုတ်ဖော်တင်ပြမှုများ တိုးမြှင့်သင့်ပါကြောင်း၊ အခြေအနေ အရပ်ရပ်ကို သုံးသပ်၍ မြန်မာနိုင်ငံ၏ ပရိယတ္တိပညာရေး စနစ်ကို
အလိုက်သင့် ပြုပြင်ပြောင်းလဲသင့်ကြောင်း တင်ပြလိုက်ပါသည်။
:)
ရှင်အာစာရ
No comments:
Post a Comment