Thursday, March 31, 2016

မတူဘူး

“ဦးဇင်း . . . စာတော့ ဖတ်ဖြစ်တာ များပါတယ်။ ဆက်စပ်ပြီး တစ်ခါမှ မမေးဖူးဘူး။ အခုတော့ . . . အစိုးရသစ် လက်ထက်မှာ တစ်နိုင်ငံလုံး ၀ိသုံဂါမသိမ်တွေ ခွင့်ပြုသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးစရာရှိလို့ပါ။ ဗုဒ္ဓဘာသာအတွက် ၀ိသုံဂါမသိမ် ခွင့်ပြုလိုက်ရင် မွတ်ဆလင်တွေအတွက် ဗလီ ခွင့်ပြုရမယ်၊ ခရစ်ယန်တွေအတွက် ချတ်ကျောင်း ခွင့်ပြုရမယ်၊ ဟိန္ဒူတွေအတွက် ဟိန္ဒူကျောင်း ခွင့်ပြုရမယ် တဲ့။ အဲ့ဒီလို . . . တစ်ခြားဘာသာတွေက လိုက်ပြီး တောင်းဆိုမှာမို့ ဗုဒ္ဓဘာသာအတွက်လည်း ခွင့်မပြုတာလို့ ဦးဇင်းတစ်ပါးက တပည့်တော်ကို ရှင်းပြတယ်။ အဲ့ဒါမျိုး ဟုတ်သလား မေးချင်လို့ပါ ဘုရား။”

“ဟိုဘက်ကို မပေးချင်လို့ ဒီဘက်ကို မပေးတာ၊ ဗလီတို့ ချတ်ကျောင်းတို့ ခွင့်မပြုချင်လို့ ၀ိသုံဂါမသိမ် ခွင့်မပြုတာဆိုရင် မှားတယ်။ စိတ်နေသဘောထား သေးသိမ်တာပဲ။ ဟိုဘက်က တောင်းတယ်ဆိုတာက . . . သူ့ပေးရင် ငါ့လည်းပေးဆိုတဲ့ သဘော၊ တန်းတူ အခွင့်အရေး တောင်းတာလား။ တောင်းကြလေ။ ပေးတဲ့ဘက်ကလည်း မှန်မှန်ကန်ကန် သုံးသပ်ကြပေါ့။
ဝိသုံဂါမသိမ် ခွင့်ပြုရင် ဗလီ ခွင့်ပြုရမယ်၊ ချတ်ကျောင်း ခွင့်ပြုရမယ်၊ ဟန္ဒူကျောင်း ခွင့်ပြုရမယ်ဆိုတာ သာမာန်ကြည့်ရင် ဟုတ်သလိုလိုပဲ။ ဒါပေမယ့် မဟုတ်ဘူး။ တူမှ မတူတာ။ ၀ိသုံဂါမသိမ်ဆိုတာက ရှိပြီးသား ဘုန်းကြီးကျောင်း သာသနာ့မြေထဲက အကွက်လေး တစ်ကွက်လေ။ ဗုဒ္ဓဘာသာတွေအတွက် အသစ်ပေးတာမှ မဟုတ်တာ။

ဗုဒ္ဓဘာသာအတွက် ၀ိသုံဂါမသိမ် ခွင့်ပြုသလို . . . ဆိုပါစို့ . . . ခရစ်ယာန်တွေအတွက် ချတ်ကျောင်း ခွင့်ပြုမယ်ဆိုရင် . . . ခွင့်ပြုလိုက်လေ။ သူတို့ရဲ့ ရှိပြီးသား ခရစ်ယန် ဘုရားကျောင်းဝင်းထဲမှာ ချတ်ကျောင်း ခွင့်ပြုဖို့ တောင်းတာဆိုရင် ခွင့်ပြုလိုက်ပေါ့။ ရှိပြီးသား မွတ်ဆလင် သာသနာ့မြေထဲမှာ ဗလီခွင့်ပြုဖို့ တောင်းတယ်ဆိုရင်လည်း ခွင့်ပြုလိုက်ပေါ့။ ဟိန္ဒကျောင်းဝင်းထဲမှာ ဟိန္ဒူဘုရားကျောင်း ခွင့်ပြုဖို့ တောင်းတယ်ဆိုရင်လည်း ခွင့်ပြုလိုက်ပေါ့။ ဘာထူးတာမှတ်လို့။ 

ရှိပြီးသား ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ၀ိသုံဂါမသိမ် ခွင့်ပြုတာနဲ့ နေရာအသစ် မြေအသစ်မှာ ဗလီ ခွင့်ပြုရမယ်၊ ချတ်ကျောင်း ခွင့်ပြုရမယ်၊ ဟိန္ဒူကျောင်း ခွင့်ပြုရမယ် ဆိုရင်တော့ . . . တန်းတူအခွင့်အရေး တောင်းတာ မဟုတ်ဘူးလေ။ တောင်းတိုင်းပေးလို့ ဘယ်ဖြစ်မှာလဲ။
ခရစ်ယန်တွေ၊ မွတ်ဆလင်တွေ၊ ဟိန္ဒူတွေဘက်က ဗုဒ္ဓဘာသာနဲ့ နှိုင်းယှဉ်ပြီး တန်းတူအခွင့်အရေး တောင်းဆိုချင်တယ်ဆိုရင် တောင်းပေါ့။ နေရာအသစ် မြေအသစ်မှာ ဘုန်းကြီးကျောင်းအသစ် ခွင့်ပြုရင် ဗလီအသစ်၊ ချတ်ကျောင်းအသစ်၊ ဟိန္ဒူကျောင်းအသစ် ခွင့်ပြုပါ . . . အဲ့ဒီလို တောင်းဆိုရင် မဆိုးသေးဘူး။ အဲ့ဒါတောင်မှ တောင်းဆိုမှုက မမျှမတ ဖြစ်နိုင်သေးတယ်။ 

ဆိုပါစို့ . . . ဗုဒ္ဓဘာသာဝင် မိသားစု တစ်ရာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ခွင့်ပြုတယ်ဆိုရင် မွတ်ဆလင် မိသားစု တစ်ရာအတွက် ဗလီတစ်လုံး၊ ခရစ်ယန် မိသားစု တစ်ရာအတွက်လည်း ချတ်ကျောင်းတစ်ခု၊ ဟိန္ဒူမိသာစု တစ်ရာအတွက် ဟိန္ဒူကျောင်းတစ်ကျောင်း . . .။ အဲ့ဒီလို သတ်မှတ်တယ် ဆိုပါစို့။ မြန်မာက ဗုဒ္ဓဘာသာဝင်တွေ များတဲ့ နိုင်ငံလေ။ ဗုဒ္ဓဘာသာဝင် မိသားစု တိုးနှုန်းက ပိုများတာပေါ့။ ဗုဒ္ဓဘာသာ မိသားစု တစ်ရာကနေ နှစ်ရာဖြစ်လာလို့ ဘုန်းကြီးကျောင်းအသစ် တစ်ကျောင်း ထပ်တိုးပေမယ့် မွတ်စလင်ဘာသာဝင် မိသားစု တိုးမလာရင် ဗလီအသစ် ခွင့်ပြုစရာ မလိုဘူးလေ။ ခရစ်ယန်တွေ အတွက်လည်း ဘာသာဝင်မိသားစု တိုးလာမှ ချတ်ကျောင်းအသစ် တိုးပြီး ခွင့်ပြုရမှာပေါ့။ ဟိန္ဒူတွေအတွက်လည်း ဒီလိုပဲပေါ့။ ဒါက . . . ဥပမာ ပြောတာပါ။ အားလုံးအတွက် ညီမျှတဲ့ စည်းကမ်းသတ်မှတ်ချက် . . . တစ်မျိုးမျိုး ထားရမှာပေါ့။

စောစောကစကား ပြန်ကောက်ရရင် . . . ရှိပြီးသား ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ၀ိသုံဂါမသိမ် ခွင့်ပြုတာနဲ့ နေရာအသစ် မြေအသစ်မှာ ဗလီခွင့်ပြုရမယ်၊ ချတ်ကျောင်းခွင့်ပြုရမယ်၊ ဟိန္ဒူကျောင်း ခွင့်ပြုရမယ်လို့ တောင်းဆိုရင် တောင်းဆိုချက်က မမျှတဘူး။ အဲ့ဒီလို တောင်းဆိုလာမှာမို့ ၀ိသုံဂါမသိမ် ခွင့်မပြုတာပါ ဆိုတာကတော့ . . . လွှဲမှားတဲ့ ဆင်ခြေပဲ။ ဆင်ခြေပါ။ တကယ်က ငွေညှစ်ချင်လို့ လျှောက်ပြောနေတာ။ ငွေလိုချင်လို့ ဆင်ခြေနဲ့ ငြင်းတာ မဟုတ်ဘူး ဆိုရင်တော့ . . . အခြေအနေမှန်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်တာပဲ။

ဒါနဲ့ ပတ်သက်လို့ တစ်ခု ထပ်ဖြည့်ပြီး ပြောစရာ ရှိသေးတယ်။ ဗုဒ္ဓဘာသာတွေအတွက် ၀ိသုံဂါသိမ်ရဲ့ သေချာမှု၊ ခိုင်မာမှုနဲ့ ပတ်သက်လို့ . . . မစိုးရိမ် ဆရာတော် ဦးရာဇဓမ္မာဘိဝံသ အမိန့်ရှိဖူးတယ်။ ဆရာတော်ကိုယ်တိုင် ပါဝင်ပြီး သိမ်တစ်လုံး သမုတ်ရတယ်။ ရိုးရိုးသိမ် သမုတ်တာ။ သိမ်သမုတ်ပြီးတော့ ဆရာတော်က အမိန့်ရှိတယ်။ သိမ်တော့ သမုတ်ပြီးပြီ . . . ၀ိသုံဂါမသိမ် ဆက်လျှောက်ပါတဲ့။ အဲ့ဒီလို အမိန့်ရှိဖူးတယ်။ ၀ိသုံဂါမသိမ်ရဲ့ သေချာမှု ခိုင်မာမှု အားကောင်းတဲ့အတွက် . . . ဆရာတော်က ၀ိသုံဂါမသိမ် ဆက်လျှောက်ဖို့ အမိန့်ရှိတာ။

အဲ့ဒါပဲ။ ဆိုလိုတာက . . . ၀ိသုံဂါမသိမ် ခွင့်ပြုရင် ဗလီခွင့်ပြုရမယ်၊ ချတ်ကျောင်းခွင့်ပြုရမယ် . . . ဆိုတာတွေဟာ . . . အဓိပ္ပာယ် မရှိဘူး။ တူမှ မတူတာ။ မတူဘူး။”

“မှန်ပါ ဘုရား။”

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment