Saturday, April 2, 2016

သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်၊ အပွင့်ခြောက် နှင့် အသီးပုပ်

မင်္ဂလာဦး အိမ်ထောင်ဦးမှာ ကုသိုလ်ပြု ကြတဲ့ အလှူ့ဒါယကာ မောင်ကျော်ဇေယျ၊ အလှူ့ဒါယိကာမ မမေဇင်ဖူးတို့ ဆင်ခြင်စရာ . . . တရားစကား . . .။ မင်္ဂလာဆောင် . . . ဘဝသစ်စတဲ့နေရာ၊ နေရာသစ်မှာ အိမ်သစ်ဆောက်လုပ်တဲ့အခါ . . . လောကကိစ္စ တစ်ခုခု ဆောင်ရွက်တိုင်း ကုသိုလ်ပြုကြတယ်။ ကုသိုလ်ပြုလေ့ရှိတဲ့ ဗုဒ္ဓဘာသာတွေရဲ့ ထုံးစံ။ ဓလေ့ကောင်း။


အခုလို အနီးကပ် ဆက်ဆံပတ်သက်ကြတဲ့ အိမ်ထောင်ရှင်တွေ ဖြစ်လာတဲ့အခါ နှစ်ဦးနှစ်ဘက်မှာ ရှိကြတဲ့ အပြစ်အနာအဆာတွေ ပေါ်လာတတ်တယ်။ လက်မထပ်ခင် အချိန်မှာ နှစ်ဦးနှစ်ဘက် အပြန်အလှန် လေ့လာအကဲခပ်ကြတာပဲ။ စိုင်ပြင်က မောင်ကျော်ဇေယျက ရန်ကုန်က မမေဇင်ဖူးကို အကဲခတ်သလို မမေဇင်ဖူးကလည်း ရန်ကုန်ကနေ စိုင်ပြင်လှမ်းပြီး အကဲခတ်တာပဲ။ သူ့မိဘ ကိုယ့်မိဘတွေကလည်း အကဲခတ်ကြတာပဲ။ ဒီကောင်လေး ငါ့တို့သမီးနဲ့ သင့်တော်ရဲ့လား။ ဒီကောင်မလေး ငါတို့ သားနဲ့ လိုက်ဖက်ရဲ့လား။ အကဲခတ်ပြီး သဘောမကျရင် ဖျက်ကြမှာပဲ။ အခုတော့ ဒီအဆင့်ကို ဖြတ်ကျော်ပြီး နှစ်ဘက်သဘောကျလို့ သဘောတူခဲ့ကြတာ။ ရန်ကုန်မှာ မင်္ဂလာဆောင်ခဲ့ပြီ။



နှစ်ဘက် လေ့လာအကဲကြတဲ့ အချိန်တုန်းကတော့ . . . တောအုပ်တစ်ခုကို အဝေးက လှမ်းပြီး ကြည့်ရသလို နှစ်ဘက် အပြန်အလှန် မြင်ကြရတာ။ တောအုပ်ကို အဝေးကနေကြည့်ရင် အပင်တွေ စိမ်းစိုညို့မှိုင်းပြီး နှစ်သက်စရာ . . . နေချင်စရာ ခိုဝင်ချင်စရာ တောအုပ်ရဲ့ အလှကိုပဲ မြင်ရတယ်။ တောအုပ်ထဲ ဝင်ကြည့်လိုက်တော့မှ တောရဲ့အကျည်းတန်မှု၊ တောရဲ့အပြစ်အနာအဆာတွေကို တဖြည်းဖြည်း မြင်လာရတာ။ အရုပ်ဆိုးတဲ့ ကိုင်းခြောက်တွေ။ သစ်ရွက်ခြောက်တွေ။ အနီးကပ်ကြည့်လိုက်မှ စိမ်းတယ်ထင်ရတဲ့ အရွက်တွေက ဝါနေတာလည်း တွေရတယ်။ တစ်ချို့ပန်းတွေက အညှိုးအခြောက်တွေ။ အသီးပုပ်တွေလည်း တောထဲဝင်ပြီး သစ်ပင်အောက်ရောက်မှ မြင်ရတာ။ မနှစ်သက်စရာတွေ။ အခု အိမ်ထောင်ပြုကြပြီ၊ အတူနေကြပြီဆိုတော့ တောအုပ်ထဲဝင်ပြီး သစ်ပင်အောက် ရောက်ကြသလိုပဲ။ အချိန်နဲ့အမျှ အပြစ်အနာအဆာတွေ ပေါ်လာတတ်တယ်ဆိုတာ သတိထားရမယ်။ ဒီကောင်လေး အရင်က ဒီလို မထင်ဘူး။ ဒီကောင်မလေး အရင်က တော်မလိုလိုနဲ့။ ခုတော့ အချိုးမပြေဘူး။ အပြစ်အနာအဆာတွေ ပေါ်လာတတ်တယ်။



လူသားသဘာဝ လူ့အပြစ်တွေ အရင်ကလည်း ရှိတာပဲ။ အတွင်းကျကျ ပေါင်းကြည့်လိုက်တော့ အပြစ်တွေ ထင်းရှားလာတတ်တယ်။ လူမှန်ရင် အပြစ်မကင်းပေမယ့် တောထဲက သစ်ကိုင်းခြောက်တောင် ထင်းလုပ်လို့ ရသေးတာပဲ။ အသီးပုပ်တွေ၊ အရွက်ခြောက်တွေတောင် မြေသြဇာ ဖြစ်နိုင်သေးတာပဲ။ အဆင်ပြေသလို အသုံးချရသလို . . . သူ့အပြစ် ကိုယ့်အပြစ်တွေ ပေါ်လာရင်လည်း နားလည်မှုနဲ့ အဆင်ပြေအောင် အလိုက်သင့် နေကြရမှာ။ ဒါမှ အဆင်ပြေတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာမယ်။



ဆင်ခြင်စရာ သတိထားစရာ ဒီလောက်နဲ့ပဲ . . . ဒီနေ့ပြုတဲ့ ကုသိုလ်ကို ရေစက်ချ အမျှဝေရအောင်။



:)

ရှင်အာစာရ

(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment