Tuesday, March 15, 2016

ရောဂါ

“ဘာဖြစ်တာလဲ။”

“အအေးမိပြီး ချောင်းဆိုးတာ . . .။ ဆေးခန်းပြ ဆေးသောက်တာ သက်သာရုံပဲ . . .။”

“ကြည့်ရအောင်။ ၈၀ - ၁၂၀။ ဖျားသလား။”

“ဖျားတော့ မဖျားဘူး . . .။”

“သလိပ် ရလား။ ဘာရောင်လဲ။”

“အဖြူ။”

“ဆေးစားရမယ်။ ဆေးသောက်ရင် ပျောက်သွားမယ်။ ဒါပေမယ့် အအေးမမိအောင် နေရမယ်။ အအေးမိရင်တော့ ပြန်ဖြစ်မယ်။ ဓာတ်ခံညံ့တာကို ဘယ်ဆရာဝန်မှ တိတိကျကျ ကုသပေးနိုင်မှာ မဟုတ်ဘူး။ ဓာတ်ခံမြင့်အောင် လေ့ကျင့်၊ အစားအသောက် အနေအထိုင်နဲ့ ပံ့ပိုးပေးရမှာပဲ။”

ဤသို့လျှင် . . . အအေးမိ၍ ချောင်းဆိုးသည်ကို ဆရာဝန်က အအေးမမိရန် ညွှန်ကြားသည်။ ခံနိုင်ရည် မြှင့်ရန် လိုအပ်သည် ဆို၏။ နွေးထွေးစွာ နေထိုင်ခြင်းက ထိရောက်သည့် ကာကွယ်ခြင်း ဖြစ်ပေလိမ့်မည်။ အအေးမိ ချောင်းဆိုးခြင်း၏ အရင်းခံ အကြောင်းတရားမှာ အအေးဒဏ်ကို မခံနိုင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဆရာဝန်ကလည်း အအေးမိ၍ ဖြစ်ပေါ်လာသည့် ရောဂါကိုသာ ကုသပေးနိုင်လိမ့်မည်။ အအေး မမိဆေး ဟူ၍ကား ရှိဟန်မတူပေ။ အအေးမမိအောင် ပြုမူနေထိုင်ရန်မှာ ဝေဒနာရှင်၏ တာဝန်သာ ဖြစ်ပေသည်။ အအေးဒဏ် ခံနိုင်ရည်နိမ့်၍ အအေးမိတတ်သူတို့ အနေဖြင့် အနေအထိုင် မသင့်လျှင် မသင့်တိုင်း အအေးမိကာ ဆေးခန်းသို့သာ အကြိမ်ကြိမ် သွားနေရမည် ဖြစ်ပြီး ဆရာဝန်ကလည်း အအေးမမိအောင် နေထိုင်ရန်သာ အဖန်ဖန် ညွှန်ကြားနေမည် ဖြစ်ပေသည်။

ထိုနည်းတူစွာ သူတော်ကောင်းဓာတ်ခံ ညံ့သူတို့ကို လောဘရောဂါ၊ ဒေါသရောဂါ၊ မောဟရောဂါ၊ မာနရောဂါ၊ ဣဿာရောဂါ၊ မစ္ဆရိယရောဂါ အစရှိသော ကိလေသာ ရောဂါတို့ အလွယ်တကူ စွဲကပ်ပေလိမ့်မည်။ ထိုသူတို့ တရားဆေး မှီဝဲလျှင်လည်း တရားဆေးနှင့် တွေ့ခိုက် ခဏတာ သက်သာပြီး ရောဂါ ပြန်ထပေမည်။ ဓာတ်ခံမြှင့်၍ အနေအထိုင် ဆင်ခြင်ပါမှ ရောဂါကင်းဝေးပေမည်။ သို့မဟုတ်ပါက ဆေးကိုသာ မပြတ် မှီဝဲနေရပေလိမ့်မည်။

သူတော်ကောင်းဓာတ်ခံ မမြှင့်နိုင်သေးသမျှ ကာလပတ်လုံး တရားဆေးနှင့် မကင်းမကွာ နေနိုင်ထိုင်မှ တော်ကာကျပေလိမ့်မည်။

:)
ရှင်အာစာရ

No comments:

Post a Comment