Tuesday, February 23, 2016

ပြင်ပအကြောင်းတရား

“ဦးဇင်းရေးတဲ့စာ ဖတ်ပြီး လန့်သွားပဲ ဘုရား။”

“ဖြစ်ရလေ။ ဘယ်စာဖတ်ပြီး ဘာလို့ လန့်ရတာလဲ။”

“မနေ့က စာလေ။ ကံကိုချည်းသာ မယိုးရာ . . .။ ကံကိုယုံလွန်းရင် မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်ဆိုတာကို လန့်တာပါ ဘုရား။”

“လုပ်ပြီ။ ကံကိုယုံလွန်းလို့ မိစ္ဆာဒိဋ္ဌိ ဖြစ်ရတာ မဟုတ်ပါဘူး။ ကံကိုယုံတာကတော့ ယုံလေကောင်းလေပါ။ ကံတစ်ခုတည်း ပုံမချဖို့ ပြောတာပါ။”

“တင်ပါ့။ တပည့်တော် စကားမှားသွားတာပါ။ အဲ့ဒါနဲ့ ပတ်သက်လို့ နေရာတကာမှာ ကံအကြောင်းတော့ ပါမှာပဲလို့ နားလည်တယ် ဘုရား။”

“အဲ့ဒီစာထဲမှာလည်း ပြောတယ်တယ်လေ။ ကံကို အကြောင်းတရား တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ ပြောထားသားပဲ။ ကမ္မ၀ိပါကော အစိန္တေယျော . . . တဲ့။ ကံနဲ့ ပတ်သက်လို့ သာမန်လူတွေ ကြံစည်စားရင် ပြည့်ပြည့်စုံစုံ နားမလည်နိုင်ဘူး။ ဘုရားရှင်ပဲ သိနိုင်တာ . . .။ ကိုယ်မသိနိုင်တဲ့ ကံအကြောင်းတရားကိုပဲ လုံးလုံးပုံချလိုက်ပြီး မြင်သာတဲ့ အကြောင်းတရားတွေကို မျက်ကွယ်ပြုထားတတ်ကြလို့ သတိပေးတာပါ။”

“တင့်ပါ့။ မိစ္ဆာဒိဋ္ဌိဆိုတော့  . . . အပြစ်ကြီးလွန်းလို့ လန့်သွားတာပါ ဘုရား။”

“မိစ္ဆာဒိဋ္ဌိ မဖြစ်အောင် အကြောင်းစုံကို ထည့်သွင်းစဉ်းစားရုံ ရှိတာပဲ။ ဘာမှ လန့်စရာ မလိုပါဘူး။”

“နောက်ပြီးတော့ ဘုရား . . . အဲ့ဒီစာထဲမှာ ပေးထားတဲ့ ဥပမာ . . .။ ပိတ်ပင် တားဆီး ဟန့်တားတတ်တဲ့ ပတ်ဝန်းကျင်၊ ပိတ်ပင် တားဆီး ဟန့်တားတတ်တဲ့ အသိုက်အ၀န်း၊ ပိတ်ပင် တားဆီး ဟန့်တားခွင့်ရှိတဲ့ ခေတ်ကာလဆိုတဲ့ အကြောင်းတရားတွေကို ထည့်သွင်းစဉ်းစားဖို့ ပြောတဲ့ဟာလေ . . .။ အဲ့ဒီလို ပတ်ဝန်းကျင်၊ အဲ့ဒီလို အသိုက်အ၀န်း၊ အဲ့ဒီလို ခေတ်နဲ့ ကြုံရတာကိုက ကံကြောင့်ပဲ မဟုတ်ဘူးလား။”

“အင်း . . . ကံဆီပဲ ပြန်ရောက်နေပါလား။ အဲ့ဒီလို စဉ်းစားရင်လည်း ရပါတယ်။ ဒါပေမယ့် ဥပမာ . . . လူတစ်ယောက်၊ ဘုန်းကြီးတစ်ပါး ပိတ်ပင်ထားဆီး နှောက်ယှက်ခံရတယ် ဆိုပါစို့။ သူတစ်ယောက်ပဲ ခံရတယ် ဆိုရင်တော့ သူ့ကံကြောင့်လို့ ပြောတာ ခိုင်မာပါတယ်။ ဒါပေမယ့် . . . ပိတ်ပင်တားဆီး နှောက်ယှက်ခံရတာက သူတစ်ယောက်တည်း မဟုတ်ဘူး ဆိုရင်တော့ ပြင်ပအကြောင်းတရားက အားကောင်းနေပြီ။ ဆိုပါစို့ . . . လူတစ်ရာ၊ ဘုန်းကြီးတစ်ရာမှာ တစ်ရာလုံး ပိတ်ပင်တားဆီး နှောက်ယှက်တာ ခံရမယ့် အခြေအနေမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ လူတစ်ထောင်၊ ဘုန်းကြီးတစ်ထောင်မှာ တစ်ထောင်လုံး ပိတ်ပင်တားဆီး နှောက်ယှက်တာ ခံရမယ့် အခြေအနေမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူလာလာ လာချင်သူလာ ပိတ်ပင်မယ် တားဆီးမယ် နှောက်ယှက်မယ်ဆိုတဲ့ ပတ်ဝန်းကျင်မျိုးဆိုရင် . . . အဲ့ဒီလို ပတ်ဝန်းကျင်၊ အဲ့ဒီလို လူ့အသိုက်အ၀န်း . . . ပြင်ပအကြောင်းတရားက သေချာခိုင်မာ မနေဘူးလား။ စောစောက ပြောခဲ့တဲ့ . . . လူတစ်ရာ ဘုန်းကြီးတစ်ရာ၊ လူတစ်ထောင် ဘုန်းကြီးတစ်ထောင်မှာ တစ်ရာလုံး၊ တစ်ထောင်လုံး ပိတ်ပင်တားဆီး နှောက်ယှက်တာ ခံရဖို့ အတိတ်ကံဆိုး အတိတ်ကံဟောင်း ကံကြွေးတွေ ရှိတယ်လို့ ပြောနိုင်မလား။”

“ရာနှုန်းပြည့် ဆိုတာတော့ . . . မဖြစ်နိုင်လောက်ဘူး ထင်ပါတယ် ဘုရား။ ပတ်ဝန်းကျင် အသိုက်အ၀န်းဆိုတဲ့ ပြင်ပအကြောင်းတရားကို ခုမှ ပိုပြီး သဘောပေါက်သွားတယ် . . .။ ကျေးဇူးပါ ဘုရား . . .။”

:)
ရှင်အာစာရ

No comments:

Post a Comment