“လင့်ဝတ္တရား (၅)ပါး နဲ့ မယားဝတ္တရား (၅)ပါး။ နှစ်မျိုးပေါင်းရင် (၁၀)ပါးဆိုတော့ . . . အဲ့ဒါတွေ ဟောနေရင် တော်တော် အချိန်ယူရမှာမို့ အကျယ်ချဲ့ မဟောတော့ဘူး။ အဲ့ဒီဝတ္တရားတွေ ဆိုတာကလည်း . . . လင်နဲ့မယား အပြန်အလှန် တန်ဖိုးထားနိုင်တယ်ဆိုရင် အထူးတလည် ဖြည့်ကျင့်နေစရာ မလိုဘဲ ပြည့်သွားတဲ့ ကျင့်ဝတ်တွေပဲ။ အဲ့ဒီတော့ သတို့သားနဲ့ သတို့သမီးတို့ အပြန်အလှန် တန်ဖိုးထားကြဖို့ပဲ သတိပေးချင်တယ် . . .။
ကိုယ့်ရဲ့ ဘဝဖော်၊ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို တန်းဖိုးထားတဲ့ နေရာမှာ . . . ငွေစက္ကူလို သဘောထားနိုင်ကြဖို့ လိုအပ်ပါတယ်။
ငွေစက္ကူဟာ အလှူပွဲ မင်္ဂလာပွဲလို ပျော်စရာ ပွဲသဘင်တွေ၊ ကျေနပ်စရာကောင်းတဲ့ ကိစ္စတွေမှာ အသုံးဝင်သလို . . . ပျော်စရာ မဟုတ်တဲ့ နေရာတွေမှာလည်း အသုံးဝင်တာပဲ။ ဆိုပါစို့ ကျန်းမာရေးမကောင်းလို့ ဆေးကုတဲ့အခါ အသုံးဝင်တယ်။ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းတဲ့ နေရာမှာ အသုံးဝင်တယ်။ အကောင်းအဆိုး နှစ်မျိုးလုံးအတွက် အသုံးဝင်တယ်။ အိမ်ထောင်ဘက်ဆိုတာလည်း ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ လက်တွဲနိုင်တဲ့ ဘဝဖော်တွေ ဖြစ်ရမယ်။ အေးအတူ၊ ပူအမျှ ဖြစ်နိုင်ကြရမယ်။ အဆင်ပြေချိန် ချမ်းသာချိန်မှာသာ အတူရှိနေပြီး အခက်အခဲ ကြုံရတာနဲ့ စွန့်ခွာသွားတာမျိုး မဖြစ်ရဘူး။
နောက်ပြီးတော့ . . . အဲ့ဒီထက်ပိုပြီး အရေးကြီးတာက . . . ငွေစက္ကူဟာ အသစ်နဲ့အဟောင်း တန်ဖိုးချင်း အတူတူပဲ။ ငွေစက္ကူ အသစ်ကြပ်ချွပ် ဆိုရင်လည်း ဒီတန်ဖိုးပဲ။ ဟောင်းနွမ်းသွားရင်လည်း ဒီတန်ဖိုးပဲ။ တန်ဖိုးမပြောင်းလဲဘူး။ အသုံးဝင်တာချင်း အတူတူပဲ။ ငွေစက္ကူ ဟောင်းလွန်းမက ဟောင်းလာရင်လည်း ဖားထေးပြီး အသုံးပြုရတာပဲ။ စုတ်ပြဲသွားရင်လည်း တိပ်ကပ်ပြီးတော့ သုံးကြရတာပဲ။ ထို့အတူပဲ . . . ဒီနေ့ လက်ထပ်ကြတဲ့ ကြင်စဦး ဇနီးမောင်နှံတွေဟာ ငွေစက္ကူ အသစ်ကြပ်ချွပ်တွေလိုပဲ။ ဒါပေမယ့် . . . အိမ်ထောင်သက် ရင့်လာပြီ အသက်အရွယ်တွေ ရလာပြီဆိုရင် . . . လူ့သဘာဝအတိုင်း အိုကြရမယ် . . .။ အဲ့ဒီအခါကျရင် . . . လင်နဲ့မယား အပြန်အလှန် တန်ဖိုးထားမှု လျော့ကျမသွားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အိမ်ရှင်ယောကျာ်း . . . ကိုယ့်ရဲ့ အိမ်သူသက်ထား ဇနီးမယား . . . နုပျိုခြင်းတွေ လျော့သွားပြီ ပျောက်သွားပြီ ဆိုရင်လည်း ဘဝဖော်တန်ဖိုး ရှိနေရပါမယ်။ သူ့တန်ဖိုးကို သိဖို့၊ သူ့ကို တန်ဖိုးထားနိုင်ဖို့ အရေးကြီးပါတယ်။ တိပ်ကပ်ပြီး သုံးရတဲ့ ငွေစက္ကူ အဟောင်းအနွမ်းလို . . . အိုနာကျိုးကန်း ဖြစ်တဲ့အထိ တန်ဖိုးမလျော့ကျတဲ့၊ တန်းဖိုးမလျှော့ချတဲ့ ဇနီးမောင်နှံ ဖြစ်ကြဖို့ လိုအပ်ပါတယ်။
အိမ်ထောင်ဘက်ကို ငွေစက္ကူလို တန်ဖိုးထားရမယ်ဆိုတော့ . . . အဓိပ္ပာယ် တစ်မျိုးကောက်ပြီး ငွေစက္ကူ တစ်ရွက်ပြီး တစ်ရွက်၊ တစ်ရွက်ပြီး တစ်ရွက် . . . အိမ်ထောင် တစ်ဆက်ပြီး တစ်ဆက်၊ တစ်ဆက်ပြီး တစ်ဆက် . . . အဲ့ဒီလိုလည်း မလုပ်ကြနဲ့အုံး။
ဟုတ်ပြီ။ အိမ်ထောင်ဘက်ကို ငွေစက္ကူလို တန်ဖိုးထားရမယ်ဆိုတဲ့ နေရာမှာ . . . နံပါတ်တစ် . . . ပျော်စရာအတွက် အသုံးဝင်သလို ငိုစရာ အတွက်လည်း အသုံးဝင်တယ်၊ နံပါတ်နှစ် . . . အသစ်နဲ့အဟောင်း တန်းဖိုးချင်း အတူတူပဲ။ ဟောင်းပေမယ့် တန်းဖိုးလျော့ကျ မသွားဘူး။ ဒီနှစ်ချက်ကိုပဲ စံနမူနာ ယူကြပါ။ အပြန်အလှန် တန်ဖိုးထားကြပါ။ လင်နဲ့မယား အပြန်အလှန် တန်ဖိုးထားနိုင်ကြတယ်ဆိုရင် . . . သူ့ဝတ္တရား ကိုယ့်ဝတ္တရားတွေ ကျေပွန်သွားပါလိမ့်မယ်။
တာဝန်တွေ ကျေပွန်အောင် . . . အချင်းချင်း အပြန်အလှန် တန်ဖိုးထားနိုင်တဲ့ သတို့သား သတို့သမီးများ ဖြစ်ကြပါစေ။ မင်္ဂလာဦး အခါသမယမှာ သံဃာတော် အရှင်သူမြတ်တွေကို မိမိတို့နေအိမ် ပင့်ဖိတ်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြတဲ့ စေတနာက နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးပေးနိုင်ပါစေ။ အိမ်ထောင်သည်ဘဝမှာ အခက်အခဲတွေ ကျော်လွန်နိုင်အောင် ထောက်ပံ့ပေးနိုင်တဲ့ ကုသိုလ်ထူး ဖြစ်ပါစေ။ ကဲ . . . ရေစက်ချ အမျှဝေပြီး ကုသိုလ်ပွဲ အဆုံးသတ်ကြရအောင်။”
:)
ရှင်အာစာရ
No comments:
Post a Comment