Saturday, January 30, 2016

ဆယ့်ကိုးနှစ် နှင့် သုံးလ

“ရဟန်းဘောင်တက်မယ့် ကိုရင် . . . အသက်နှစ်ဆယ်ပြည့်မှ ရဟန်းခံရတယ်ဆိုပြီး ဆယ့်ကိုးနှစ်နဲ့ သုံးလပြည့်ရင် ရဟန်းခံကောင်းတယ်လို့လည်း ပြောကြတယ်။ ဘယ်ဟာက အမှန်လဲ။ အသက်နှစ်ဆယ် တင်းတင်းပြည့်မှ ရတာလား။ အသက်နှစ်ဆယ်ထဲ သုံးလ၀င်တယ်ဆိုရင် ရပြီလား။ သုံးလနဲ့ ရတယ်ဆိုရင် . . . အသက်နှစ်ဆယ်ထဲ တစ်ရက်နှစ်ရက်၊ တစ်လနှစ်လ ၀င်တယ်ဆိုရင်ရော ရဟန်းခံလို့ မရဘူးလား။ သိချင်ပါတယ် ဘုရား။”

“ရဟန်းလောင်း . . . ကိုရင် . . . အသက်နှစ်ဆယ် တင်းတင်းပြည့်မှ ရဟန်းခံကောင်းတာပါ။ မြန်မြန်ရဟန်းခံချင်ကြတာ . . . စောစောစီးစီး ရဟန်းခံချင်ကြတာကြောင့် ဆယ့်ကိုးနှစ်နဲ့ သုံးလဆိုရင် အသက်နှစ်ဆယ် တင်းတင်းပြည့်ပြီလို့ ယူဆကြတာပါ။ ရဟန်းဝါ၊ ရဟန်းသက် မြန်မြန်ရချင်တာ ပါမယ်။ ရဟန်းဘ၀ မြန်မြန်ရောက်ချင်တာ။ ဆိုပါစို့ . . . ရဟန်းလောင်း ကိုရင်ရဲ့ မိဘ၊ သို့မဟုတ် ဘိုးဘွားတွေက အသက်ကြီးနေကြပြီ။ လူကြီးတွေ မျက်စိမမှတ်ခင် . . . ကိုယ့်ကိုရင် ရဟန်းဖြစ်တာကို မြင်ချင်ကြတယ်။ အဲ့ဒါမျိုးလည်း ပါမယ်။ ဘာပဲဖြစ်ဖြစ် . . . အတတ်နိုင်ဆုံး စောပြီး ရဟန်းချင်ချင်ကြတာတော့ သေချာတယ်လို့ ပြောရမှာပါ။

အဲ့ဒီတော့ . . . ရဟန်းလောင်းရဲ့ အသက်ကို တွက်တဲ့နေရာမှာ . . . မမွေးဖွားခင် အမိဝမ်းထဲမှာ နေခဲ့တဲ့ ရက်တွေ၊ လတွေကိုပါ ထည့်တွက်ကြတယ်။ အမိဝမ်းထဲမှာ နေခဲ့တဲ့ လကိုတော့ အနည်းဆုံးလျှော့ပြီး ခုနစ်လ ယူကြတယ်။ ဆယ်လဖွား မဟုတ်ဘဲ ခုနစ်လဖွား . . . ဆိုပါစို့။ နောက်ပြီး . . . ၀ါထပ်တဲ့ နှစ်တွေမှာ ပထမ၀ါဆို နဲ့ ဒုတိယ၀ါဆိုရယ်လို့ ၀ါဆိုနှစ်လ ရှိတာမို့ . . . တစ်လ အပိုရတယ်။ ရဟန်းလောင်းရဲ့ ဆယ့်ကိုးနှစ်တာ ကာလအတွင်းမှာ ဘယ်နှစ်ခါ ၀ါထပ်တဲ့အတွက် ၀ါဆိုလ အပို ဘယ်နှစ်ခါရတယ်ဆိုပြီး . . . အဲ့ဒါကိုပါ ထည့်တွက်ကြတယ်။ ဒါက အပိုရတာ။ အမိဝမ်းထဲက အချိန်တွေနဲ့ ၀ါထပ်တဲ့ နှစ်တွေအတွက် အပိုရတာ။ အလျော့တွက် ပြန်ယူတာလည်း ရှိသေးတယ်။ ဆယ့်ကိုးနှစ်တာ ကာလအတွင်းက လတွေကို . . . ရက်သုံးဆယ် ပြည့်မှ တစ်လလို့ ယူပြီး . . . လပြည့်ကျော် ဆယ့်လေးရက်နေ့ လကွယ်ဖြစ်တဲ့ ရက်မစုံကွယ် လတွေထဲက တစ်ရက်စီ ပြန်နှုတ်ယူကြတယ်။ အဲ့ဒီလို . . . အတိုးနှစ်မျိုးနဲ့ အလျော့တစ်မျိုး တွက်ယူလိုက်တော့ . . . ဆယ့်ကိုးနှစ် အတွင်းမှာ ကိုးလ ရတယ် တဲ့။ ဟုတ်မဟုတ် သေသေချာချာ သိချင်ရင်တော့ တွက်ကြည့်ပေတော့။ အဲ့ဒီ ကိုးလနဲ့ . . . ဆယ့်ကိုးနှစ်နဲ့ သုံးလကို ပေါင်းလိုက်ရင် . . . (ဆယ့်ကိုးနှစ်နဲ့ ဆယ့်နှစ်လ) အသက်နှစ်ဆယ် တင်းတင်းပြည့်ရော။ အဲ့ဒီလို တွက်ကြတာ။”

“တပည့်တော့်သဘော ပြောရရင် . . . မွေးဖွားပြီးတဲ့နောက် . . . သာမန် သူလိုငါလို ရေတွက်တာကိုပဲ သဘောကျပါတယ် ဘုရား။ ဟိုတွက်နည်း ဒီတွက်နည်းတွေ ရှုပ်ပါတယ် . . .။”

“ဟုတ်ပါတယ်။ ရခဲတဲ့ ရဟန်းဘ၀ကို မြန်မြန်ရဖို့ . . . ဒါမှမဟုတ် လူကြီးမိဘတွေကြောင့် . . . အတတ်နိုင်ဆုံး မြန်မြန် ရဟန်းခံကြတယ် . . .။ ဒါကလည်း . . . ရှေးဆရာတော်ကြီးတွေ တွက်ခဲ့တဲ့နည်း ဖြစ်နေတော့လည်း မှားတယ်ပြောလို့ မဖြစ်ပါဘူး။ အဋ္ဌထာတွေ၊ ဋီကာတွေ၊ အစဉ်အလာတွေကို ကိုးကားပြီး တွက်ကြတာပါ။ မွေးဖွားပြီးတဲ့နောက် . . . သာမန် သူလိုငါလို ရေတွက်တာကတော့ ရှင်းတာပေါ့။ အသက်နှစ်ဆယ် တင်းတင်းပြည့်ပြီး . . . နှစ်ဆယ်ကျော်မှ ရဟန်းခံရင်လည်း ရပါတယ်။ ရဟန်းသက် ရေတွက်တဲ့ အခါမှာ နောက်ကျတာပဲ ရှိတာပါ။”

“မှန်ပါ ဘုရား”

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment