Sunday, January 31, 2016

ကျေးရွာအုပ်ချုပ်ရေးမှုး၊ အာဏာ နှင့် သာသနာ

“ဒီနှစ်တော့ သုံးရွာအုပ်စု ဥက္ကဋ္ဌကို တပည့်တော်တို့ရွာက ရတယ် ဦးဇင်းရေ . . . . .။”

“အင်း။ မင့်ကို ကြည့်ရတာ . . . ကိုယ့်ရွာသားက ကျေးရွာအုပ်စု ဥက္ကဌ ဖြစ်တဲ့အတွက် ၀မ်းသာနေပုံရတယ်။”

“မှန်ပါ . . .။”

“ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတော့ အာဏာပိုင်ပေါက်စပေါ့ကွာ။ မင်းတို့က အာဏာရလို့ ၀မ်းသာပေမယ့် . . . တို့ဘုရားလောင်း . . . တေမိမင်းသား ဖြစ်တုန်းကတော့ အာဏာကို နှစ်သက်တာ မဟုတ်ဘူး။ ဘုရားလောင်း တေမိမင်းဆိုရင် . . . ဘုရင်မလုပ်ချင်လို့ ဆွံ့အဟန် ဆောင်တော်မူခဲ့တယ်။”

“ဘုရားလောင်းက အာဏာကို ဘာဖြစ်လို့ မနှစ်သက်တာလဲ ဘုရား . . .။”

“အာဏာနဲ့ စီမံရ၊ ဆုံးဖြတ်ရ၊ အမိန့်ချရတဲ့ အခါမှာ . . . အမှားအယွင်း ဖြစ်မှာစိုးလို့ . . . အာဏာကို မနှစ်တာ။”

“ဘုရားလောင်း တေမိမင်းက . . . ဘုရင်လုပ်ရမှာဆိုတော့ တာဝန်ကြီးတာပေါ့။ ခုဟာကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတော့ တာဝန်သိပ်မကြီးသလို အာဏာနယ်ပယ်လည်း ကျယ်တာမှ မဟုတ်တာ . . . မှားစရာ သိပ်မရှိပါဘူး . . .။”

“အင်း . . . အထူးသဖြင့် အဂတိ မလိုက်စားမိဖို့ အရေးကြီးတာပါ။ အဂတိ လိုက်စားတယ်ဆိုတာ လာဘ်စားတာကိုပဲ ဆိုလိုတာ မဟုတ်ဘူးနော်။ အဂတိဆိုတာ . . . မှားယွင်းမှုပဲ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ဘက်က မျက်နှာလိုက်ပေးတဲ့အတွက် မှားသွားတာ . . . ဆန္ဒာဂတိ၊ တစ်ဘက်ဘက်ကို အမြင့်ကပ်ကပ်နဲ့ ဆော်ထည့်လိုက်လို့ မှားသွားတာ . . . ဒေါသာဂတိ၊ ကိုယ်ပိုင်အသိဥာဏ် အဆင့်မမီလို့ လုပ်ဆောင်ချက် မှားသွားတာ . . . မောဟာဂတိ၊ ဖိအားပေးခံရတာလိုမျိုး တွန်းအားတစ်ခုခုကို ကြောက်ရတဲ့အတွက် မှားသွားတာ . . . ဘယာဂတိ။ အဲ့ဒီလို မမှားဖို့ပဲ။”

“တေမိမင်းသားက အဲ့ဒီလို မှားမှာကြောက်လို့ ဘုရင်မလုပ်ချင်တာလား။”

“ဟုတ်တယ်။ ရှေးတုန်းကလို . . . ဘုရင်အဆင့် ကြီးကြီးမားမားမှ မှားယွင်းမှုကြောင့် အပြစ်သင့်နိုင်တာ မဟုတ်ဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့် အာဏာပိုင် ငတိလေးတွေလည်း မှားနိုင်တာပဲ။ အဲ့ဒီတော့ . . . သတိထားဖို့ လိုတယ်။ လူမှုရေး နိုင်ငံရေးနဲ့ ပတ်သက်ပြီး မှားယွင်းတာထက် . . . သာသနာရေးနဲ့ ပတ်သက်ပြီး မှားသွားရင် အပြစ်ပိုကြီးမယ်။ မနှစ်လောက်က ငါ့သူငယ်ချင်း ဘုန်းကြီးတစ်ပါး . . . သူ့ကျောင်းဝင်းမြေကို သာသနာ့မြေဖြစ်အောင် သက်ဆိုင်ရာ ရုံးအဆင့်ဆင့် လျှောက်လွှာတင်တဲ့ နေရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ လိုတယ်။ အဲ့ဒါကို အာဏာပိုင်ပေါက်စ ကျေးရွာအုပ်ချုပ်ရေးမှူး ငတိလေးက ထောက်ခံလက်မှတ် ထိုးမပေးနိုင်ဘူး တဲ့။”

“သာမန်ကျောင်းမြေကို စာရင်းဝင်အင်းဝင် . . . ရုံးမှာတရားဝင် သာသနာ့မြေ ဖြစ်သွားရင် ပိုကောင်းတာပေါ့ ဘုရား . . .။ အဲ့ဒါမျိုး . . . သာသနာ့မြေအတွက် ထောက်ခံမပေးတာကို အဂတိ လိုက်စားတယ်လို့ ပြောလို့ရပါသလား . . .။"

"စောစောကပြောခဲ့တဲ့ အချက်လေးမျိုးနဲ့ ဆုံးဖြတ်ရမှာပေါ့ကွာ။ စိတ်သာရှင်စော ဘုရားဟော . . . ဆိုတော့ သူ့စိတ်နဲ့သူပဲ။ သူက ပိုသိမှာပေါ့။ အဲ့ဒီ . . . သာသနာရေး ကိစ္စမှာ အနှောင့်အယှက် ဖြစ်သွားတာတော့ အမှန်ပဲ။”

“ဟုတ်ပါ့ ဘုရား . . .။ သူက ဘာဖြစ်လို့ မထောက်ခံရတာတဲ့လဲ။"

"သူ့စကားအရ . . . သူသိတဲ့ကျောင်း . . . ဘယ်ဘုန်းကြီးကျောင်းမှ သာသနာ့မြေ စာရင်းမပေါက်ဘူး။ အဲ့ဒီတော့ . . . သာသနာ့မြေ လျှောက်ထားစရာ မလိုဘူး။ အဲ့ဒါကြောင့် မထောက်ခံနိုင်တာ တဲ့။”

“အကြောင်းပြချက်က သိပ်မဟုတ်သေးပါဘူး ဘုရား။”

“အေး . . . သူ့နှုတ်ထွက် အကြောင်းပြချက်ကတော့ အဲ့ဒါပဲ။ သူ့စိတ် သူပဲ သိမယ်။ သူ့အခြေအနေ သူပဲ ပိုသိမယ်။ ထားလိုက်တော့ကွာ။ မင်းတို့သာ . . . မင်းတို့ရွာက အုပ်ချုပ်ရေးမှူး ငတိလေး စောစောက ပြောခဲ့တဲ့ အဂတိလေးပါး မလိုက်စားမိဖို့ အရေးကြီးတာပဲ။ မှတ်မိတယ်နော် . . .။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ဘက်က မျက်နှာလိုက်ပေးတဲ့အတွက် မှားသွားတာ . . . ဆန္ဒာဂတိ၊ တစ်ဘက်ဘက်ကို အမြင့်ကပ်ကပ်နဲ့ ဆော်ထည့်လိုက်လို့ မှားသွားတာ . . . ဒေါသာဂတိ၊ ကိုယ်ပိုင်အသိဥာဏ် အဆင့်မမီလို့ လုပ်ဆောင်ချက် မှားသွားတာ . . . မောဟာဂတိ၊ ဖိအားပေးခံရတာလိုမျိုး တွန်းအားတစ်ခုခုကို ကြောက်ရတဲ့အတွက် မှားသွားတာ . . . ဘယာဂတိ။”

“ဒါလေးများ . . . မှတ်မိပါတယ် ဦးဇင်းရယ်။”

“မှတ်မိရုံနဲ့ မပြီးသေးဘူး။ မမှားဖို့ အရေးကြီးတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူ:အာဏာ တစ်ထွာတစ်မိုက်လေးကို အလွဲသုံးစား မလုပ်မိဖို့ အရေးကြီးတယ်။ ဒါပဲကွာ။ ငါလည်း မန္တလေး သွားရအုံးမယ်။”

“မှန်ပါဘုရား . . .။”

:)
ရှင်အာစာရ
(ခေတ္တ ရင်းရဲရွာ)

No comments:

Post a Comment