Wednesday, January 27, 2016

၂၀/၉၀

“အရှင်ဘုရား . . . ဘုန်းကြီးတွေအတွက် ၂၀/၉၀ဆိုတဲ့ အမှုက တော်တော် အပြစ်ကြီးသလား . . .။ ဘယ်လို အမှုလဲ ဘုရား . . .။”

“အင်း . . . အဲ့ဒီအမှုက ဘုန်းကြီးတွေနဲ့တင် ဆိုင်တာ မဟုတ်ဘူး။ ဒကာကြီးတို့ကိုလည်း အရေးယူလို့ ရတာပဲ။ ဒါနဲ့ . . . ဒကာကြီးက . . . ဘယ်က ၂၀/၉၀လဲ . . .။ ဘာတွေ ဖြစ်လို့လဲ။”

“ဘုန်းကြီးတစ်ပါးကို ၂၀/၉၀ အမှုနဲ့ အရေးယူဖို့ တိုင်တယ်တောတယ် ဘာဘာညာညာ ကြားဖူးလို့ပါ ဘုရား . . .။”

“အော် အော် . . .။ ဒကာကြီးက ဗုဒ္ဓဘာသာဝင် ဆိုတော့လည်း ကိုယ့်ဗုဒ္ဓဘာသာအကြောင်း၊ ကိုယ့်ဘုန်းကြီးတွေအကြောင်း စိတ်ဝင်စားရမှာပေါ့။ ကောင်းပါတယ်။ အဲ့ဒီ ၂၀/၉၀ ဆိုတာက ဥပဒေပါ ဒကာကြီးရယ်။ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေတဲ့။ ၁၉၉၀ပြည့်နှစ်၊ အောက်တိုဘာလ (၃၁)ရက်တုန်းက ထုတ်ခဲ့တဲ့ ဥပဒေပါ။ န၀တ ခေတ်ကပေါ့။ ဥပဒေအမှတ်စဉ် (၂၀) ဖြစ်မယ် ထင်ပါတယ်။”

“မှန်ပါ။”

“အဲ့ဒီ ဥပဒေအရ . . . မြန်မာနိုင်ငံမှာရှိတဲ့ သံဃာ့ဂိုဏ်း (၉)ဂိုဏ်းအပြင် ဂိုဏ်းသစ်မတည်ထောင်ဖို့ တားမြစ်ထားတယ်။ နောက်ပြီး . . . လက်ရှိ သံဃာ့ဂိုဏ်း (၉)ဂိုဏ်း ပါဝင်တဲ့ သံဃာ့အဖွဲ့အစည်းပဲ ရှိရမယ်။ တစ်ခြား အဖွဲ့သစ် မဖွဲ့ရဘူး။ တားမြစ်ထားတယ်။ အဲ့ဒီနှစ်ခုကို မလိုက်နာရင် ထောင်ဒဏ် အနည်းဆုံး (၆)လကနေ အများဆုံး (၃)နှစ်ထိ ကျနိုင်တယ်။ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ပြိုကွဲပျက်စီးအောင် လုပ်ရင်လည်း ထောင်ဒဏ် (၆)လကနေ (၃)နှစ်ပဲ။ အမှုရင်ဆိုင်ရမယ် ဆိုရင် ပြည်ထဲရေးနဲ့ သာသနာရေး ၀န်ကြီးဌာနက တရားစွဲရမယ် တဲ့။ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က အရေးယူ ဆုံးမတာကို မလိုက်နာရင် ထောင်ဒဏ် (၆)လ။ ဒီကိစ္စမှာတော့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တရားစွဲရမယ်။ သူ့ကိုယ်စား တစ်ယောက်ယောက်က တရားစွဲလို့လည်း ရတယ် တဲ့။ လိုရင်းကတော့ ဒီလောက်ပါပဲ။”

“မှန်ပါ . . . တော်ရုံတန်ရုံနဲ့တော့ . . . ဒီပြစ်မှုတွေ ငြိဖို့ မလွယ်ဘူး ထင်ပါတယ် ဘုရား။”

“ငြိတယ် မငြိဘူး ဆိုတာကတော့ . . . ဆုံးဖြတ်တဲ့သူ အပေါ်မှာ မူတည်တာပေါ့ ဒကာကြီးရယ်။ ဆိုပါစို့ . . . ဥပဒေမှာ ပါတာက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က အရေးယူ ဆုံးမတာကို မလိုက်နာရင် ထောင်ဒဏ် (၆)လ တဲ့။ ဒါမျိုးကျတော့ . . . သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က ဘယ်လိုအရေးယူတယ်၊ ဘယ်လိုဆုံးမတယ် ဆိုတာလည်း . . . ရှိအုံးမှာပေါ့။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကောင်းကောင်း မကောင်းကောင်း ဆုံးမတာကို လိုက်နာရမယ် ဆိုတဲ့သဘောမျိုး . . . ယူလို့ ရနေတာ မဟုတ်လား။ နာယက ဆရာတော်ကြီးတွေ ဆုံးမတဲ့ နေရာမှာလည်း အမှားအယွင်း ရှိနိုင်တာပေါ့။ ဆရာတော်ကြီးတွေလည်း ပုထုဇဉ်တွေကိုး။ အထူးသဖြင့် န၀တခေတ်က . . . အုပ်ချုပ်ရေးပိုင်းကနေ ရှင်ရဟန်းတွေကို ထိန်းချုပ်ဖို့ ဆရာတော်ကြီးတွေကို ကြားခံထားလိုက်တဲ့ သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် . . . ဆရာတော်ကြီးတွေရဲ့ ဆုံးမစားကို မလိုက်တာမျိုးတော့ မရှိသလောက် ရှားပါတယ်။”

“မှန်ပါ . . .။ ဘုရားသားတော်တွေပဲ ဘုရား . . . ထေရ်စဉ်ဝါလိုက် မျှမျှတတ ဆုံးမပြီး ဆုံးမစကားလည်း လိုက်နာကြရမှာပေါ့။”

“ဒါပေါ့။ နှစ်ဘက် မျှတရမှာပေါ့။ နောက်ပြီး . . . ဂိုဏ်းသစ် တည်ထောင်ဖို့၊ အဖွဲ့အစည်းသစ် တည်ထောင်ဖို့ ဆိုတာလည်း မလွယ်ပါဘူး။ အဲ့ဒီခေတ်ကတော့ အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေ မပေါ်ဖို့ တားမြစ်တာပဲ ဖြစ်မှာပါ။ ရဟန်းပျိုအဖွဲ့၊ သံဃာ့သာမဂ္ဂီအဖွဲ့ ဆိုတာမျိုးပေါ့။ သံဃာ့အဖွဲ့အစည်း ပြိုကွဲပျက်စီးအောင် လုပ်ဖို့ဆိုတာကတော့ ပိုပြီးတော့တောင် ခက်ပါသေးတယ်။ သံဃာညီညွတ်ရေးအတွက် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချမှတ်ထားတဲ့ ပညတ်ချက်တွေ ရှိပြီးသားပဲ။ သံဃာတွေ ညီညွတ်ပြီးသားပါ။ ကြီးလေးတဲ့ သံဃာဘေဒကဖြစ်အောင်၊ သံဃာကွဲပြားအောင် မလုပ်ကြပါဘူး။ လူမှုဆက်ဆံရေး သဘောအရ . . . ရှင်ရဟန်း အချင်းအချင်း မသင့်မမြတ်ဖြစ်အောင် . . . ဟိုရဟန်းနဲ့ မပေါင်းနဲ့၊ ဒီရဟန်းနဲ့ မဆက်ဆံနဲ့ . . . ဆိုတာမျိုး သွေးခွဲတာတောင် . . . ရှာမှရှားပါ။ မလုပ်ကြပါဘူး။”

“သဘောပေါက်ပါပြီ . . .။ အခုလို ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား . . .။”

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment