Thursday, October 22, 2015

ဒေါ်စု ၀ဋ်လည်ခြင်း

(ဒေါ်စုနှင့် တွေ့ဆုံခန်းမှ ကောက်နုတ်တင်ပြပါသည်။)
-----

ဒေါ်စုဟု ဆိုလိုက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုသည် မဟုတ်ကြောင်း ရှေးဦးစွာ မှတ်သားထိုက်၏။ ယုခု ဒေါ်စုကား ယောဂီသူတော်စင် တစ်ယောက်ဖြစ်ပြီး သူမ၏ တရားပွဲ အတွေ့အကြုံ၊ အတွေးအမြင်နှင့် ခံစားချက်တို့ကို ကြုံကြိုက်၍ မျှဝေသူသာ ဖြစ်ပေ၏။

“ဒီလိုရာသီမျိုး တရားနာရတာမှ အဆင်ပြေတာပါ ဦးဇင်းရယ်။ မဟုတ်ရင် ဖုန်နဲ့ ချွေးနဲ့ . . . တရားနာရတာ သိပ်အဆင်မပြေချင်ပါဘူး။ ဒီပွဲကတော့ အိုကေပဲ။ တရားဟောကလည်း ကောင်းလိုက်တာ ဦးဇင်းရယ်။ ဓမ္မပူဇာတွေကလည်း ရလိုက်တာ။ တပည့်တော်ကတော့ တစ်သောင်းပဲ လှူခဲ့တာပါ။ ပိဋကတ်တော်တင် မကဘူး။ ကမ္ဘာနဲ့ချီတဲ့ အကြောင်းတွေပါ ထည့်ဟောတာဆိုတော့ ဗဟုသုတလည်း တိုးတာပေါ့ ဘုရား။ ထိတ်လန့်သံဝေဂ ရစရာလည်း တော်တော်ကောင်းပါတယ် ဦးဇင်းရယ်။ ထိတ်လန့်သံဝေဂ ဆိုတာထက် . . . တပည့်တော်ဖြင့် တရားနာရင်း ကြက်သီးမွှေးညင်းတွေတောင် ထတယ် . . .။ ကြောက်တာပေါ့ ဦးဇင်းရယ်။ တစ်ချို့ နိုင်ငံတွေမှာ သတ်ကုန်ဖြတ်ကုန်ကြပြီတဲ့။ ရှေးဟောင်းအမွေအနှစ်တွေလည်း ဖျက်ပစ်တယ် ဆိုပါရောလား။ အင်း . . . အဲ့ဒီတော့ . . . တပည့်တော်တို့ မဲပေးမှားရင် အဲ့ဒီလို အဖြစ်မျိုးနဲ့ ကြုံရမယ် . . . ကုလားတွေ ၀င်လာမယ်ဆိုတော့ . . . ဘယ်သူ့ကို မဲပေးရမှန်းတောင် . . . အင်း . . . စဉ်းစားရ ခက်နေပါပြီ ဘုရား . . .။”

“သဘောပေါက်ပါပြီ။ ဖြစ်ရလေ ဒေါ်စုရယ် . . .။ ကိုယ့်အသက်အရွယ်၊ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ်ရထားတဲ့ ဘွဲ့ဒီဂရီလေး အားနာပါ့အုံး။ ဘာဖြစ်လို့ ကြောက်ရတာလဲ။ ဘာတွေ စဉ်းစားရ ခက်နေတာလဲ။ မဲပေးဖို့ ကိစ္စကိုတော့ ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ပါ။ ဘာမှ မှတ်ချက် မပေးချင်ပါဘူး။ ကုလားတွေ ၀င်လာမှာ ကြောက်တယ်ဆိုတာတော့ . . . ဟား ဟား ဟား . . . အဲ့ဒါ . . . ၀ဋ်လည်တာပဲ။”

“ဘယ်လို . . .။ ဘာ ၀ဋ်လည်တာလဲ ဘုရား။”

“ဒီလို ဒေါ်စုရေ။ ဒေါ်စုရဲ့သား မြတ်ခိုင် ငယ်ငယ်တုန်းက . . . ကလေးကို ကုလားနဲ့ ခြောက်ခဲ့တယ် မဟုတ်လား။ ကလေးငိုရင် ကုလားကြီးလာပြီ၊ ကုလားကြီး ဖမ်းလိမ့်မယ် . . . တိတ်တိတ် . . .ဆိုပြီး ကလေးအငိုတိတ်အောင် ခြောက်ခဲ့တယ် မဟုတ်လား။ ဒေါ်စု တစ်ယောက်တည်း မဟုတ်ပါဘူး။ တော်တော်များများ . . . ဒီလိုပဲ ခြောက်ကြတာပါ။ တောရွာတွေမှာ ပိုများတာပေါ့။ ခု အဲ့ဒါကြောင့် ၀ဋ်လည်နေကြတာ။ ဟား ဟား ဟား။”

“ဆရာတော်ဘုရား ဟောတဲ့ တရားထဲကလို . . . ကုလားတွေ ၀င်လာမယ်ဆိုတာ မဖြစ်နိုင်ဘူးလား ဘုရား။”

“အင်း . . . ၀င်တာ့တော . . . ကုလားတင် မဟုတ်ဘူး။ တရုတ်ရော . . . ဘယ်လိုလဲ။ တကယ်တော့ ဘယ်နိုင်ငံခြားသားမှ ကိုယ့်နိုင်ငံထဲ ကျူးကျော်တဲ့ အနေနဲ့ ၀င်မလာနိုင်အောင် တားမြစ်နိုင်မှ ဖြစ်မှာပေါ့။ ကဲ ဟုတ်ပြီ။ ကြောက်စိတ်လျှော့ပြီး ပြန်စဉ်းစား။”

:)
ရှင်အာစာရ

No comments:

Post a Comment