Wednesday, September 30, 2015

ဆူဖွယ်မရှိ

နှိမ့်ချတဲ့ သဘောနဲ့ ဥာဏ်နီဥာဏ်နက်လို့ ပြောရမလား၊ ချီးကျူးတဲ့ သဘောနဲ့ တင်္ခဏုပ္ပတ္တိဥာဏ်လို့ ပြောရမလားတော့ မသိပါဘူး။ သူမှာ အဲ့လိုဥာဏ်မျိုး ရှိတာတော့ သေချာပါတယ်။ ပြဿနာကို လတ်တလော ဖြေရှင်းတဲ့ ဥာဏ်ကို ပြောတာပါ။ သူ့ ဖြေရှင်းချက် ကောင်းတဲ့အခါ ရှိသလို၊ ဘ၀င်ကျစရာ မကောင်းတဲ့ ဖြေရှင်းချက်မျိုးလည်း ရှိတာပေါ့။ သိပ်မဆိုးတဲ့ သူ့လုပ်ချက်တစ်ခု သတိရမိတာက . . .။ 

သူနဲ့ ခရီးသွားရင်း လမ်းမှာ ကြုံခဲ့တာ။ အဲ့ဒီတုန်းက သူက ကားမောင်းတယ်။ သူ့နောက်လိုက် တစ်ယောက်လည်း ပါတယ်။ ကားလမ်းဘေးမှာ ယုန်သေတွေ ရောင်းနေတာကို သူ မြင်လိုက်တယ်။ နှစ်ကောင်။

“ဘုန်းကြီး . . . ဟိုမှာ ယုန်ပံ့သကူ (ပံသူကူ)တွေ။ ၀ယ်ခဲ့ရမလား။”
“သဘောပဲလေ။”

ဝိနည်းရှောင်တဲ့ အသုံးအနှုန်းလေးတွေလည်း သူ တီးမိခေါက်မိ ရှိတာပေါ့။ မြင်သား၊ ကြားသား မစားကောင်းဘူး ဆိုတာမျိုး သူ ကြားဖူးတာပေါ့။ အသားစားဖို့ တစ်ကောင်ကောင်ကို သတ်တဲ့အခါမှာ ကိုယ့်အတွက် ရည်ရွယ်ပြီး သတ်တယ်ဆိုရင် မစားကောင်းဘူးပေါ့။ ကိုယ့်အတွက် သတ်တာကို ကိုယ်ကိုယ်တိုင် မြင်ရတယ်၊ ဒါမှမဟုတ် ကိုယ့်အတွက် သတ်တာလို့ ပြောသံကြားရတယ်၊ ဒါမှမဟုတ် ကိုယ့်အတွက် သတ်တာလေလားလို့ သံသယ ဖြစ်မိတယ်ဆိုရင် . . . အဲ့ဒီလို အသားကို မစားကောင်းဘူးလို့ သတ်မှတ်ထားတာကိုး။ အဲ့ဒီလို အသားမျိုး မဟုတ်ဘဲ၊ ကိုယ့်နဲ့ မဆိုင်ဘဲ ဖြစ်လာတဲ့ အသားကို ပံ့သကူသားလို့ ခေါ်ကြတာ။ ပါဏာတိပါတကံနဲ့ ကင်းတယ်၊ စားကောင်းတယ် ဆိုတဲ့ အယူအဆပေါ့။ အဲ့ဒါကို ရည်ရွယ်ပြီး သူက “ယုန်ပံ့သကူ”လို့ ပြောတာ။

သဘောပဲလို့ ပြောလိုက်တော့ သူက ကားကိုရပ်၊ သူ့တပည့်ကိုခေါ်ပြီး ယုန်တွေဆီ သွားကြတယ်။ ဈေးစကား ပြောကြမှာပေါ့။ အဲ့ဒီအချိန်မှာ သူ့ကို ကားဆီ ပြန်လာဖို့ လှမ်းခေါ်လိုက်တယ်။ သူက ကားဆီ ပြန်လာတယ်။ သူ့တပည့်က ယုန်တွေနားမှာ ကျန်ခဲ့တယ်။ သူ ကားဆီပြန်ရောက်လာပြီး . . .။

“ဘုန်းဘုန်း . . . ယုန်က တစ်ကောင် တစ်သောင်းခွဲတဲ့ . . .။”
“၀ယ်မယ့်ဝယ်လည်း နှစ်ကောင်းလုံး ၀ယ်ခဲ့ပါ့လား။”
ဘာမှ ပြန်မပြောဘဲ ယုန်တွေဆီ သူပြန်လှည့်သွားတယ်။ ယုန်သည်နဲ့ စကားပြောကြတယ်။ ငွေချေပြီး ယုန်သေနှစ်ကောင် ယူလာတယ်။ သူ ပြုံးစိစိနဲ့။ ကားပေါ်တက်၊ ကားမောင်းရင်း ရယ်ကာမောကာ ရှင်းပြတယ်။

“တစ်ကောင် တစ်သောင်းနဲ့ ဈေးဆစ်နေတုန်း ဘုန်းဘုန်း လှမ်းခေါ်လိုက်တာ ဟန်ရသွားတယ်။ နောက်တစ်ခေါက် ပြန်သွားတော့ သူ့မျက်နှာကို တစ်ချက် ချက်ကြည့်လိုက်တယ်။ သူ ရောင်းချင်နေတာရယ် . . .။ အထာလေးတော့ သုံးလိုက်ရတယ်။ ဟား ဟား ဟား။ ဘုန်းကြီးက ယုန်တွေဝယ်လို့ ဆူနေတာဗျာ၊ မ၀ယ်တော့ဘူး၊ ဟေ့ကောင် . . . သွားမယ် ဆိုတော့မှ နှစ်ကောင် တစ်သောင်းခွဲနဲ့ ယူသွားတဲ့။”

သူက အဲ့ဒီလို အဲ့ဒီလို။ အဲ့ဒီလို သိပ်မဆိုးတဲ့ ဖြေရှင်းချက် ဆိုရင်တော့ သူ့ကို ဆူစရာမှ မလိုတာ။ သူလား။ ရာဟုလာ ကားဆရာ ဦးဇော်လင်းပါ။ (သူ့ facebook ပုံတွေအရ ခုတလော သူ ဘုရားတရား အထူးမြဲနေပုံရပါတယ်။)

:)
ရှင်အာစာရ
30Sep15

No comments:

Post a Comment