(. . . . .မှ အဆက်)
ကျွန်တော်တို့ လုပ်နေကြပုံက . . . ငါ ဘယ်လို ပြုမူသင့်တယ်၊ သူတစ်ပါး ဘယ်လို ပြုမူသင့်တယ်၊ ဘဝဆိုတာ ဘယ်လို ဖြစ်ရမယ်လို့ တောင်းဆိုနေကြတာပါ။ ဘဝမှာ . . . တောင်းဆိုမှုတွေ ဖြစ်လာရင် ဘဝဟာ အဆင်ပြေပါတယ်။ အံ့သြစရာပါ။ အလှတရားပါ။ ဘဝမှာ တောင်းဆိုတာတွေ ဖြစ်မလာရင် ဒုက္ခရောက်ရပါတော့တယ်။ မချင့်မရဲ ဖြစ်ရပါတော့တယ်။ မကျေမနပ် ဖြစ်ရပါတော့တယ်။ စိတ်ခံစားမှု အများစုဟာ အဲဒီလို တောင်ဆိုမှုရဲ့ ရလဒ်အနေနဲ့ ဖြစ်ပေါ်လာတာပါ။ အကြံပေး ပြောကြားလိုပါတယ်။ ဉာဏ်အလင်း ပေါက်ထားတဲ့ လူသားတွေမှာ ပုံရိပ်တွေ မရှိကြပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ သူတို့ဟာ ဆင်းရဲဒုက္ခ မခံစားကြရလို့ပေါ့။
ဒါနဲ့ သက်ဆိုင်တဲ့ နောက်တစ်ခုက . . . ဘဝရဲ့ သဘာဝကို တကယ် နားလည်တယ်ဆိုရင် ဘ၀ ဘယ်လိုဖြစ်ရမယ်လို့ တွက်ယူထားလို့ မရဘူး ဆိုတာကို နားလည်နိုင်ပါတယ်။ တရားတော်မှာ နက်နဲမှု ရှိပါတယ်။ ဘဝရဲ့ မသေချာမှုအပေါ် ပွင့်လင်းနိုင်ဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့က ဖြစ်ပျက်တာတွေကို ထိန်းချုပ်နိုင်တယ်လို့ တွက်ဆထားတဲ့အတွက် သေချာတဲ့အမြင်ကို စွဲကိုင်ထားပါတယ်။ တကယ့်တကယ်ကျတော့ မထိန်းချုပ်နိုင်ဘူး ဆိုတာကို နက်နက်နဲနဲ့ စဉ်းစားကြည့်ရင် နားလည်နိုင်ပါတယ်။
ဖြစ်စဉ်တွေ အပြစ်ကင်းကင်း ပြဿနာကင်းကင်း လည်ပတ်နေတဲ့ နိုင်ငံတွေ ယဉ်ကျေးမှုတွေမှာ လုံခြုံမှုကို ခံစားရပါတယ်။ အရာရာက အပြစ်မရှိ၊ ပြဿနာမရှိဘဲ ထိန်းချုပ်မှုအောက် ရောက်နေလို့ပေါ့။ အိန္ဒိယလို သီရိလင်္ကာလို နိုင်ငံတွေမှာ နေထိုင်တယ်ဆိုရင် မသေချာမှုတွေကို ပွင့်ပွင့်လင်းလင်း လက်ခံနိုင်ဖို့ လိုပါတယ်။
ကျွန်တော့်ကိုယ်တွေ နမူနာတစ်ခု ပြောပါမယ်။ ကျွန်တော် ဥရောပ ရောက်တုန်းကပါ။ ကျွန်တော်က ရထားပေါ်မှာ။ သူတို့ဘာသာစကားနဲ့ တစ်ခု ကြေငြာလိုက်တယ်။ လူတွေ တော်တော်လေး စိုးရိမ်သွားတယ်။ လက်ကမ်းစာစောင်လေးတွေ ကြည့်နေကြတာ။ ကြေငြာချက်အကြောင်း ပြောရင်း မကျေမနပ် ဖြစ်နေကြတယ်။ ကြေငြာချက်က ဘာလဲလို့ ကျွန်တော် မေးကြည့်လိုက်တာပေါ့။ သူတို့က ပြောပြတယ်။ ရထား ငါးမိနစ် နောက်ကျမယ်တဲ့။ သီရိလင်္ကာမှာ ရထားစီးရတယ် ဆိုရင်ကို တော်တော် ကံကောင်းလို့ပဲ။
ဒါဟာ . . . သင်္ခန်းစာကောင်း တစ်ခုပဲ။ အများအားဖြင့် မျှော်လင့်မထားတာတွေ ဖြစ်တတ်တယ်။ ကိုယ်က ကားမှတ်တိုင်ဆီ သွားတယ်။ ကား မရှိဘူးတဲ့။ ရထားနဲ့ သွားမယ်။ ရထား မရှိပြန်ဘူးတဲ့။ တစ်နာရီ နောက်ကျမယ်တဲ့။ ဒီမှာ ဒါမျိုးတွေ မရှိဘူး ထင်ပါတယ်။ ဟုတ်တယ်နော်။ အားလုံးကို ထိန်းချုပ်ထားတယ်။ လုံခြုံမှု ရှိတယ်။ ဒီတော့ . . . မျှော်လင့်မထားတာ ဖြစ်လာတော့ မကျေမနပ် ဖြစ်ရတယ်။ ဆင်းရဲရတယ်။
ဒီလို ယဉ်ကျေးမှုနဲ့ နေထိုင်ရင်း အရာရာကို အကောင်းဆုံး လုပ်ဆောင်ချင်နေတယ်။ အမှားလုပ်မိမှာ ကြောက်နေတယ်။ ဘာမှ မမှားရဘူး။ ပြီးပြည့်စုံရမယ်ဆိုတဲ့ အယူအဆနဲ့ . . . ကိုယ့်ကို အပြစ်ကင်းသူလို့ သူတစ်ပါးတွေ လက်ခံစေချင်တယ်။ သူတစ်ပါးက ကိုယ့်ကို အနှုတ်လက္ခဏာတွေ ပေးလိုက်မှာ ကြောက်တယ်။ ပြီးပြည့်စုံရမယ်ဆိုတဲ့ စံက လွှမ်းမိုးသက်ရောက်နေတာကိုး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လူ့သဘာဝအပေါ် ပွင့်လင်းနိုင်ဖို့၊ အပြစ်မကင်းတာကို လက်ခံနိုင်ဖို့ ကျွန်တော် ခဏခဏပဲ အလေးပေး ပြောကြားနေတာပါ။ လူ့သဘာဝကို၊ မပြည့်စုံမှုတွေကို ပွင့်ပွင့်လင်းလင်း လက်ခံနိုင်တဲ့ အခါမှာ သူတစ်ပါးဆီက အနှုတ်လက္ခဏာတွေ ရတယ်ဆိုရင်လည်း မအံ့သြရတော့ပါဘူး။ ဒါဟာ ကိုယ် ကြုံရတဲ့ အခြေအနေ တစ်ပိုင်းတစ်စပါ။ ကိုယ်က သာမန်လူပဲ ရှိပါသေးတယ်။ ဒါဆိုရင် . . . အဆင်ပြေပါတယ်။
အမေးအဖြေ
ခဏ နားချင်ပါတယ်။ မေးခွန်းတွေ ရှိမှာ သေချာပါတယ်။ ရှင်းလင်းဖို့ လိုတာတွေ ရှိမှာပါ။ စိတ်ခံစားမှုတွေအကြောင်း အကျိုးရှိတာတွေ ဆွေးနွေးဖို့ ကြိုးစားကြမယ်။ စိတ်ခံစားမှုတွေကို ဘာဝနာနည်းနဲ့ ဘယ်လိုတုံ့ပြန်ရမယ် ဆိုတာတွေ ဆွေးနွေးကြမယ်။
စိတ်ဝင်စားစရာ ကောင်းတာက . . . မေးခွန်းမေးမယ်လုပ်ရင် ခင်ဗျားတို့ ကြောက်နေကြတယ်။ ဒီမေးခွန်းက ကောင်းပါ့မလား။ ငါ့မေးခွန်းကို လူတွေ ရယ်ကြမလား။ ငါကို ကြောင်တယ်လို့များ ထင်ကြမလားဆိုပြီး . . . ကြောက်နေကြပါတယ်။ ကျွန်တော်တို့ဟာ ဓမ္မမိတ်ဆွေတွေပါ။ ဒါကြောင့် ဘာဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းဖြစ်အောင် ကြိုးစားကြပါ။ မှားစမ်းပါစေ။ အမှားတွေကနေ လေ့လာသင်ယူကြမယ်။ ဒါဟာ ဒီလို တရားစခန်းရဲ့ အလှတရား တစ်ခုလို့ သဘောထားပါ။ ခပ်ကြောင်ကြောင် မေးခွန်းတွေလည်း ကြားချင်ပါတယ်။ ကျွန်တော်လည်း ခပ်ကြောင်ကြောင်ပဲ ဖြေတာပေါ့။
ယောဂီ။ ။ ဟောင်ကောင် လူနေမှု ဘဝမှာ ပုံရိပ်တွေ ရှိပါတယ်။ အမြဲတမ်းပဲ ပုံရိပ်တွေနဲ့အညီ ပြုလုပ်ကြပါတယ်။ ဆိုပါစို့ . . . ကော်ဖီဆိုင်သွားပြီး ရေနွေးကြမ်း မှာတယ်။ စားပွဲထိုးက မဟုတ်တာ လာချပေးတယ်။ အရေးကြီးတာက . . .အလွဲအမှားကို လက်ခံလိုက်ရင် မကျေနပ်မှု အာဃာတ ပါသလား မပါဘူးလား ဆိုတာပါ။
ဆရာကြီး။ ။ မှန်တာပေါ့။ လက်ခံနိုင်ပါတယ်။ ကျွန်တော်တို့က သူတစ်ပါးနဲ့ သဟဇာတ ဖြစ်ချင်တာကိုး။ ဒါကြောင့် အဆင်ပြေသလိုလို ဟန်ဆောင်ပြီး လက်ခံလိုက်တာပါ။ ဒါပေမယ့် စစ်မှန်တဲ့ လက်ခံမှုက . . . အစစ်အမှန်ပဲ အဆင်ပြေတယ်လို့ ပြောနိုင်ရဲ့လား။ အဆင်ပြေတယ်လို့ ပြောတောင် မပြောတာလား။ အရှိအမှန်အတိုင်း မြင်တာလား။
ယောဂီ။ ။ ကျွန်တော် တင်ပြချင်တာက . . . အမှန်တကယ် လက်ခံတယ်ဆိုရင် အာဃာတာနဲ့ လက်ခံတာလည်း ဖြစ်ချင်ဖြစ်မယ်။ နာလည်မှုနဲ့ လက်ခံတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဆင်ပြေရုံ လက်ခံတာ မဟုတ်ပါဘူး။
ဆရာကြီး။ ။ ဒါကြောင့် . . . နေ့စဉ်ဘဝမှာ ပေါ်ပေါက်လာတဲ့ စိတ်ခံစားမှုတွေက ဘာတွေလဲ။ နေစဉ်ဘ၀ ခံစားမှုတွေကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ဖြေရှင်းဖို့ ဘာဝနာက ကူညီပံ့ပိုးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးကြတာပေါ့။
ယောဂီ။ ။ ဥပမာတစ်ခု . . . ကျွန်တော့် ရုံးမှာ ဖောက်သည်တွေ အလိုကျ . . . သူတို့နဲ့ အဆင်ပြေအောင် ကြိုးစား လုပ်ကိုင်ပါတယ်။ သူတို့က ကျွန်တော့်ကို ဘယ်လိုသဘောထား ဆုံးဖြတ်မယ်ဆိုတာ ဂရုစိုက်လို့ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ့်ဘက်က မှန်နေသမျှ ဘာမှ ဂရုမစိုက်ပါဘူး။ ကျေနပ်အားရနိုင်ပါတယ်။ အမှန်က . . . သူတို့မျှော်လင့်တဲ့အတိုင်း အဆင်ပြေအောင် မလုပ်ဘူးဆိုရင် သူတို့က အတွန့်တက်ကြပါလိမ့်မယ်။ အကျိုးအကြောင်း ရှင်းပြရတော့ အချိန်ကုန်တာပေါ့။ အဲဒီကနေ . . . စိတ်ဖိစီးမှု ရတာပေါ့။ ကိုယ့်စိတ်ကြောင့် ဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ မဟုတ်မဟတ် အတွန့်တက်လာတာမျိုး ဆိုရင်လည်း ကျွန်တော် ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် တကယ်က . . . ပြဿနာတွေကို ရှောင်ဖို့ ကြိုးစားတာပါ။ ဒါကြောင့် ဘာလုပ်လုပ် အကောင်းဆုံးဖြစ်အောင် ကြိုးစားတာပါ။
ဆရာကြီး။ ။ ကောင်းတယ် . . .။ ခင်ဗျားအတွက် အပေါင်းလက္ခဏာကြီးပဲ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ အကြံပြုချက်က . . . တာဝန်ယူမှု အပြည့်နဲ့ မလုပ်ရဘူးလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လေ့လာသင်ယူနိုင်တာ တစ်ခုက . . . ဖိအားတွေ မပါဘဲ တာဝန်ယူမှုနဲ့ ဘယ်လို ပြုမူဆောင်ရွက်ရမယ်ဆိုတာ ဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်အောင် လုပ်တာပါ။ အကောင်းဆုံးဖြစ်အောင် လုပ်ရာမှာ သက်တောင့်သက်သာနဲ့ လုပ်တာပါ။ စိတ်တင်းကြပ်မှုတွေ၊ စိတ်ဖိစီးမှုတွေ မပါပါဘူး။ ဒါဟာ ကျွန်တော်တို့ လေ့ကျင့်ရမယ့် အချက်ပါ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အမှားလုပ်မိနေတဲ့ အခါမှာ ကိုယ့်စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ အရိုးသားဆုံး တွေးယူနိုင်ပါတယ်။ ငါ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်၊ ငါ့ရဲ့ အကောင်းဆုံးက သူတစ်ပါးအတွက် မလုံလောက်ဘူး ဖြစ်နေတယ်၊ ငါ ဘာတတ်နိုင်မလဲ။ အောက်ထစ်ဆုံး စိတ်ရှင်းတာပေါ့။ လိပ်ပြာသန့်တာပေါ့။ စိတ်ထဲမှာ ပြဿနာ မဖြစ်တော့တာပေါ့။
ဒါဟာ ကျွန်တော်တို့ လုပ်နိုင်တာတွေပါပဲ။ ကြိုးစားပြီး အောင်မြင်ရင် ကောင်းတာပေါ့။ မအောင်မြင်ရင်လည်း ကောင်းတာပါပဲ။ အဲဒီလို အခြေအနေမျိုးမှာ၊ အမှားလုပ်မိတယ်ဆိုရင် ပြဿနာ ပေါ်လာနိုင်ပါတယ်။ ကျွန်တော်တို့ လေ့လာသင်ယူဖို့ အရေးကြီးတဲ့ အချက်က . . . ဒဏ်ရာ ရလာရင် ဒဏ်ရာကို မွေးမြူမထားဘဲ၊ မှားမိတဲ့ အတွက်ကြောင့် တစ်သက်လုံး ဆင်းရဲမနေဘဲ အမြန်ဆုံး ကုသဖို့ပါ။
တစ်ခြား ရှိပါသေးလား။
ယောဂီ။ ။ ဒါပေမယ့် ဟောင်ကောင်မှာ အလုပ်ရှင်က အလုပ်ဖြုတ်လိုက်နိုင်ပါတယ်။ ဒါဟာ စိတ်ဖိစီးမှု ရရှိခြင်းရဲ့ အကြေင်းရင်း တစ်ခုပါ။
ဆရာကြီး။ ။ ခင်ဗျား အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်ဆိုရင် အလုပ်ဖြုတ် ခံရလည်း ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေနိုင်တာပေါ့။ ဘဝမှာ ကိုယ့်ရဲ့ အတိုင်းအတာ အကန့်အသတ်ကို နားလည်ဖို့ အရေးကြီးတယ်လို့ ကျွန်တော် နားလည်ခံစားမိပါတယ်။ ဒါဟာ ကိုယ့်အားနည်းချက်ကို ကာကွယ်တာ မဟုတ်ပါဘူး။ အမှန်က . . . ငါ အကောင်းဆုံး လုပ်တယ်၊ ဒါပေမယ့် သူတစ်ပါး မျှော်လင့်ထားတဲ့ အကောင်းဆုံး ဖြစ်မလာဘူး၊ ငါ ဘာတတ်နိုင်မှာလဲပေါ့။ ဒါတွေဟာ ဘဝမှာ ကြုံရတဲ့ တကယ့် စိန်ခေါ်မှုတွေပါ။ ဘယ်လို ရင်ဆိုင်မလဲ။
ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်တာ တစ်ခုက . . . ကျွန်တော် ပြောမှာက ခင်ဗျားတို့အတွက် အဓိပ္ပာယ် ရှိပါ့မလားတော့ မသိပါဘူး။ ဒီလို အခြေအနေမျိုးတွေမှာ ကြုံရတဲ့ အနှောင့်အယှက် အဟန့်အတားတွေ၊ အခက်အခဲတွေ၊ ပြဿနာတွေဟာ နောက်ကျတော့ ကောင်းကျိုးချမ်းသာ မင်္ဂလာ ဖြစ်လာတတ်ပါတယ်။
သတိရမိတဲ့ တရုတ် ပုံပြင်တစ်ပုဒ်ကို မျှဝေချင်ပါတယ်။ ခင်ဗျားတို့ သိပြီးသား ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ရွာတစ်ရွာမှာ ပညာရှိ အဖိုးအိုတစ်ယောက် ရှိပါတယ်။ သူ့မှာ မြင်းကောင်းမြင်းချောတွေ ရှိပါတယ်။ တစ်နေ့တော့ သူ့ မြင်းချောတစ်ကောင် ပျောက်နေတယ်။ မြင်းက ထွက်ပြေးသွားတာ။ တစ်ရွာလုံးက အဖိုးအိုဆီ လာပြီး ပြောကြတယ်။ ခင်ဗျာ့မြင်း အကောင်းဆုံးမြင်းမှ ထွက်ပြေးသွားတယ်။ ကံဆိုးလိုက်တာ။ ခင်ဗျား တော်တော် ကံနိမ့်နေပုံပဲ . . . ပြောကြတာပေါ့။ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် ကံမကောင်း အကြောင်းမလှတာ စတာတွေ ပြောရမယ် ထင်ပါတယ်။ အဖိုးအိုက ပြန်ပြောတယ်။ မဟုတ်သေးပါဘူး။ မြင်း ထွက်ပြေးသွားတာပဲ။ ခင်ဗျားတို့က ဖြစ်ခဲ့တာကို ဆုံးဖြတ်ချက်ချနေတာပဲ။ ထင်မြင်ချက် ပေးနေတာပဲ။ ကျွန်တော့်မြင်း ထွက်ပြေးသွားတယ်။ ဒါပါပဲ။ ဒီကိစ္စမှာ အနှုတ်လက္ခဏာ ပေးစရာ မလိုပါဘူး။ အဖိုးအိုက ပြန်ပြောတာပေါ့။
နှစ်ရက်သုံးရက်နေတော့ သူ့မြင်း ပြန်လာတယ်။ မြင်းချောတစ်ကောင်ပါ အဖော်ခေါ်ပြီး ပြန်လာတာ။ အဲဒီတော့ ရွာသားတွေ လာပြောကြပြန်တယ်။ အို . . . ခင်ဗျား သိပ်ကံကောင်းတာပဲ။ ပွပေါက် တိုးတာပဲ။ မြင်းတစ်ကောင် ပျောက်သွားတာ . . . အခု နှစ်ကောင်ရတယ်။ ပြောကြတာပေါ့။ ဒီတော့ အဖိုးအိုက ပြန်ပြောတယ်။ မပြောကြစမ်းပါနဲ့တော့။ အခု ကျွန်တော် မြင်းနှစ်ကောင် ရတယ်။ ဒါပါပဲ။ အပေါင်းလက္ခဏာ ပေးစရာ မလိုပါဘူးတဲ့။
အဖိုးအိုမှာ သားတစ်ယောက် ရှိတယ်။ သားက မြင်းအသစ်ကို လေ့ကျင့်ပေးရင်း မြင်းပေါ်က ကျပြီး ခြေတောက် ကျိုးသွားတယ်။ ဒီတော့ မိတ်ဆွေတွေက ပြောကြပြန်တယ်။ ကံဆိုးပြန်ပြီတဲ့။ အဲဒီနောက် စစ်ဖြစ်လာလို့ စစ်သားတွေ ရွာရောက်လာပြီး ရွာသားလူငယ်တွေ အားလုံးကို စစ်တိုက်ခိုင်းဖို့ ခေါ်သွားတယ်။ အဖိုးအိုရဲ့ သားကတော့ ခြေတောက် ကျိုးနေလို့ ပါမသွားဘူး . . .။
ဒီပုံပြင်ဟာ အပေါင်းတွေ အနှုတ်တွေ မထည့်ဘဲ အရှိကို အရှိအတိုင်း မြင်နိုင်အောင် လေ့ကျင့်သင်ယူဖို့ သင်္ခန်းစာကောင်း တစ်ခုပါပဲ။ အဖိုးအိုမှာ ဘာဖြစ်သင့်တယ်၊ ဘာမဖြစ်သင့်ဘူးဆိုတဲ့ စိတ်ကူးပုံရိပ် မရှိဘူး ထင်ပါတယ်။ ဒီပုံပြင်ကို ကြားဖူးတဲ့သူ ရှိပါသလား။ အားလုံး ကြားဖူးကြတယ် . . .။
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment