Friday, April 17, 2015

သိမ့်မွေ့သောလမ်း (၃၃)




စတုတ္ထနေ့ - စိတ်ခံစားမှုနှင့် ဘာဝနာ



(ဟောင်ကောင်၊ ၁၆ အောက်တိုဘာ၊ ၁၉၉၇)



ဆရာကြီး  ။ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လို့ ခင်ဗျားတို့ ပြောပြတာတွေကို နားထောင်ရတာဟာ ကျွန်တော့်အတွက် . . . သင်ယူစရာ အတွေ့အကြုံပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဆက်ဆံပုံ၊ သူတစ်ပါးနဲ့ ဆက်ဆံပုံ၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံပုံတွေအပေါ် မူတည်ပြီး စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာတယ်လို့ ကျွန်တော် နားလည်ပါတယ်။ ဆက်ဆံရေးဟာ ဘ၀မှာ ကြုံတွေ့ရတဲ့ တကယ့်စိန်ခေါ်မှု တစ်ခု ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ သူတစ်ပါးနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေ တင်ပြတာ အများကြီး ရှိပါတယ်။ သူတစ်ပါးက ကိုယ့်ကို ဘယ်လို ထင်မြင်ယူဆကြမလဲလို့ စိုးရိမ်တာဟာ ပြဿနာပါပဲ။ အထူးသဖြင့် အနှုတ်လက္ခဏာတွေ အပေးခံရမှာ ကြောက်ကြတာပါ။ ဒီတော့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှု မပျော်ရွှင်မှုတွေ သူတစ်ပါးအပေါ် မှီတည်နေရတဲ့အထိ သူတစ်ပါးကို အခွင့်အာဏာတွေ ပေးအပ်ထားတာ . . . ဘာကြောင့်လဲ။ မေးချင်ပါတယ်။ ဘာဖြစ်လို့ ဒီလောက်ထိ သူတစ်ပါးကို အခွင့်အာဏာတွေ ပေးထားရတာလဲ။



ယောဂီ  ။ အဲဒီလို မလုပ်ရင် သူတစ်ပါးနဲ့ ဆက်ဆံရတာ ခက်ခဲပါလိမ့်မယ်။



ဆရာကြီး  ။ တစ်ခြားအဖြေ ရှိပါသေးလား။



ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု



ယောဂီ  ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိရင် ကိုယ်ကံကြမ္မာကို ဘယ်လိုပုံဖော်ရမယ်ဆိုတာ မသိတော့ပါဘူး။



ဆရာကြီး  ။ ဒါက ပိုပြီးတော့ အရေးကြီးတဲ့ အကြောင်းတရား ဖြစ်မယ် ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတဲ့ အတွက်ကြောင့်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှု ရှိလာအောင် မလေ့ကျင့်တဲ့ အတွက်ကြောင့် သူတစ်ပါးအပေါ် မှီခိုရပါတယ်။ ဒီနေ့ ကျွန်တော့်စိတ်ထဲ ပေါ်လာတာ တစ်ခု ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော် ဆွေးနွေးခဲ့တဲ့ လူတွေထဲက . . . သူတစ်ပါးအပေါ် သူတို့ ဆက်ဆံပုံကို ပြောပြခဲ့တဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးကြတာ တွေ့ရပါတယ်။ သူတစ်ပါးက ကိုယ့်ကို ဘယ်လို ဆုံးဖြတ်လိုက်မှာလဲ ကြောက်နေကြပါတယ်။ သူတစ်ပါး အပြစ်တင်တာ ခံရမယ့် အမှားတွေ ပြုမိမှာ ကြောက်နေကြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ မေးစရာ တစ်ခု ပေါ်လာပါတယ်။ ဒီနိုင်ငံမှာ ဒီလိုကြုံတွေ့နေရတာဟာ အမျိုးသမီးတွေ အများဆုံး ကြုံတွေ့နေရတာလား။ အမျိုးသားတွေလည်း အလားတူ ကြုံတွေ့ရပေမယ့် ဖွင့်ပြောဖို့ ရှက်နေကြတာလား။



ယောဂီ  ။ ဒီလို ပြဿနာ ကြုံတွေ့ရတာ အမျိုးသားတွေ များပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ခံစားချက်တွေကို ဘယ်လို ဖွင့်ထုတ်ရမယ်ဆိုတာ သိကြပါတယ်။ ဥပမာ . . . သူငယ်ချင်းတွေနဲ့ သွားသောက်ကြမယ်၊ နည်းနည်း မူးလာရင် ပြောချင်တာ ပြောကြမယ်။ ဒီလိုနည်းတွေ၊ အလားတူ နည်းတွေနဲ့ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ရုံပါပဲ။



ဆရာကြီး  ။ ဒါဟာ ကမ္ဘာ့ နေရာအနှံ့အပြားမှာ လူသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်မယ်ထင်ပါတယ်။ လူတွေ ပြဿနာ ဖြေရှင်းတဲ့ နည်းတစ်ခုက အရက်သောက်တာ ဖြစ်ပါတယ်။ အဲဒါနဲ့ပဲ အဆိုးသံသရာ လည်သွားပါတယ်။ အရက်သောက်တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်တယ်။ ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်ရာကနေ အရက်သောက်တယ်။ တစ်ခုပြီး တစ်ခု သံသရာ လည်နေပါတော့တယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဘာဝနာက ဘယ်လို ကူညီနိုင်တယ်ဆိုတာ ကြည့်ရအောင်။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲးဖြစ်ဖြစ်ပါ။ ကိစ္စ မရှိပါဘူး။



ဒါကြောင့် မေတ္တာဘာဝနာဟာ အလွန်အရေးကြီးတယ်လို့ ထင်မိပါတယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်အောင် လေ့ကျင့်ခြင်းအားဖြင့်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အမှန်တကယ် ဆက်စပ်နိုင်မယ်ဆိုရင် ကိုယ့်ကို သူတစ်ပါးက ဘယ်လို ထင်လိမ့်မလဲဆိုတဲ့အတွေး လျော့ပါးလာပါလိမ့်မယ်။ သူတစ်ပါးဆီက အလိုရှိတာ မှန်သမျှ ကိုယ့်ဟာကိုယ် ရရှိနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ရှိလာပါလိမ့်မယ်။



နောက်တစ်ခုက . . . အကောင်းအဆိုး သဘာဝတွေကို နားလည်နိုင်ခြင်းအားဖြင့် ဒီလို အခြေအနေနဲ့ ရင်ဆိုင်နိုင်အောင် ဘာဝနာက အကူအညီ ပေးပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက . . . လူသားတွေဟာ အခြေအနေတိုင်းကို အပေါင်း အနှုတ် ထည့်ပေးဖို့ တကယ့်ကို ကျင့်သားရနေပါပြီ။ တကယ် ယုတ္တိရှိရဲ့လား၊ ဘာကို အခြေတည်ပြီး ဆုံးဖြတ်တာလဲ ဆိုတာတော့ မစဉ်းစားမိတတ်ကြပါဘူး။ ရယ်စရာတော့ ကောင်းတာက . . . ကျွန်တော်တို့ဟာ ဒီဖြစ်စဉ်ရဲ့ သားကောင် ဖြစ်လာကြပါတယ်။ အခြေအနေမှန်ကိုတော့ မစဉ်းစားမိတတ်ကြပါဘူး။ စိစစ်စူးစမ်းတဲ့ အခါမှာ အပေါင်းတွေ အနှုတ်တွေဟာ ပတ်ဝန်းကျင် အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ အတွေးစိတ်ကူးတွေ၊ သဘောထား အမြင်တွေနဲ့ ဆက်စပ်နေတယ် ဆိုတာကို သဘောပေါက်ပါတယ်။ သူတို့ဟာ အကြောင်းခြင်းရာတွေ၊ ကိုယ် ကျင့်သားရနေတာတွေ ဖြစ်တယ်လို့ မြင်ပါတယ်။



အတွေးတွေကို အသုံးပြုနေပုံက ရယ်စရာ ကောင်းပါတယ်။ သိကြတဲ့အတိုင်း . . . မနက် မိုးလင်းလို့ နိုးထရာကနေ ည မိုးချုပ်လို့ အိပ်တဲ့အထိ အတွေးတွေဟာ စိတ်ထဲမှာ မနားတမ်း ဖြစ်ပေါ်နေပါတယ်။ စိတ်ထဲက အတွေးတွေကို သိနိုင်မယ် သတိထားနိုင်မယ်ဆိုရင် အများအားဖြင့် အကျင့်ပါနေတဲ့အတိုင်း အပေါင်း အနှုတ် ထည့်ပေးတဲ့နေရာမှာ အတွေးတွေကို အသုံးပြုတယ် ဆိုတာကို နားလည်နိုင်ပါလိမ့်မယ်။ ဒါကို ရှင်းရှင်းလင်းလင်း မြင်တဲ့အခါမှာ အပေါင်းတွေ အနှုတ်တွေ အားလျော့လာပါလိမ့်မယ်။



သူတစ်ပါးက ငါ့ကို သဘောကျမှာ မဟုတ်ဘူး၊ သူတစ်ပါးက ငါ့ကို အနှုတ်လက္ခဏာတွေ ပေးလိမ့်မယ်၊ မိုက်မိုက်ကန်းကန်း ရူးကြောင်ကြောင် အကောင်လို့ သူတစ်ပါးက ငါ့ကို ထင်ကြလိမ့်မယ် . . . စတဲ့ အတွေးတွေဟာ တစ်ခါတစ်ခါ အပြစ်ကင်းတဲ့ အတွေးတွေသာ ဖြစ်တယ်ဆိုတာကို နားလည်နိုင်လာပါတယ်။ သတိရှိတယ်ဆိုရင် ကိုယ့်အတွေးကိုယ် သိနိုင်ပါတယ်။ အတွေးဟာ အမှန်တရားနဲ့ ဆက်သွယ်မှု ရှိမရှိ ဘယ်သူသိနိုင်မလဲ။ အတွေးထဲမှာ ခိုင်မာတဲ့ ပုံရိပ် ရှိပါတယ်။ ဒီပုံရိပ်နဲ့ အမှန်တရားတို့ဟာ တစ်ခြားစီပါ။ အသိနဲ့ သတိနဲ့ ဖွေရှာ စူးစမ်းခြင်းအားဖြင့် ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ အတွေးတွေကို ကိုင်တွယ်ကွပ်ကဲနိုင်ဖို့ အထောက်အကူ ရပါတယ်။ ဒါဆိုရင် အတွေးတွေ အစွမ်းမထက်တော့ပါဘူး။



ပုံရိပ်များ



နောက်တစ်ခုက . . . အတွေးတွေ သတ်မှတ်ချက်တွေ ရှိနေတော့ ကိုယ် ဘယ်လိုလူ ဖြစ်တယ်၊ ဘယ်လို လူစားမျိုး ဖြစ်တယ်ဆိုတဲ့ ပုံရိပ်တွေ ပိုင်ဆိုင်ထားကြပါတယ်။  ကျားကျားမမ ပုဂ္ဂိုလ်တိုင်းမှာ စံဆိုတာ ရှိပါတယ်။ ကိုယ်ပိုင်ပုံရိပ် ရှိပါတယ်။ ကိုယ့်ပုံရိပ်ကို သူတစ်ပါးက လက်ခံတယ်ဆိုရင် လက်ခံတဲ့သူနဲ့ ဆက်ဆံရတာ အဆင်ပြေပါတယ်။ စိတ်ထဲမှာ သက်တောင့်သက်သာ ရှိပါတယ်။ အမြဲတမ်း၊ ဒါမှမဟုတ် အချိန်တော်တော်များများမှာ ကိုယ့်ပုံရိပ်ကို သူတစ်ပါး လက်ခံစေချင်ကြပါတယ်။ သူတစ်ပါးကိုလည်း ပုံရိပ်ဖော်ကြည့်တတ်ကြပါတယ်။ အနောက်တိုင်း ဒဿနပညာရှင် တစ်ယောက်က ပြောခဲ့ဖူးပါတယ်။ လူနှစ်ယောက် တွေ့တဲ့အခါမှာ လူခြောက်ယောက် ပါဝင်ပါတယ်တဲ့။ လူနှစ်ယောက်က ဘယ်လိုလုပ်ပြီး ခြောက်ယောက် ဖြစ်သွားတယ်ဆိုတာကို တွက်ဆနိုင်ကြမလား။



ယောဂီ  ။ လူသားနှစ်ယောက်၊ ကိုယ့်က ဘာကောင် သူက ဘာကောင်လို့ ကိုယ့်ဘက်က တွေးယူတာ နှစ်ယောက်၊ အလားတူ သူ့ဘက်က တွေးယူတာ နှစ်ယောက်။



ဆရာကြီး  ။ မှန်ပါတယ်။ အတိအကျပါပဲ။ ကျွန်တော်တို့ သုံးသပ်ကြည့်ဖို့ တော်တော် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ပါ။ တစ်ခါတစ်ခါ . . . ပြဿနာ အကြပ်အတည်းတွေ ရှိနေတဲ့အခါ တကယ်တမ်း ပြဿနာ တက်နေတာက ပုံရိပ်တွေပဲ ပြဿနာတက်နေကြတာပါ။ ပြဿနာ အကြပ်အတည်း ရှိတဲ့အခါတိုင်း ပြဿနာဟာ သူတစ်ပါးအပေါ် ထင်မြင်တဲ့ ပုံရိပ်ကြောင့် ဖြစ်ပေါ်ရတယ်ဆိုတဲ့ သဘောကို ဘာဝနာနဲ့ သိမှတ်မှုနဲ့ နားလည်ရပါမယ်။



ဒေါသ . . . ဆိုပါစို့။ သူတစ်ပါးရဲ့ အပြုအမူကြောင့် ကျွန်တော်တို့ ဘယ်လို စိတ်ဆိုးမိသလဲ။ ဘာကြောင့် စိတ်ဆိုးရသလဲ။ သူတစ်ပါး ဘယ်လို ပြုမူသင့်တယ်ဆိုတာကို ကျွန်တော်တို့ စိတ်ထဲမှာ သတ်မှတ်ထားပါတယ်။ သူတစ်ပါး ပြုမူပုံက ကျွန်တော်တို့ ပုံဖော်ထားတာနဲ့ မကိုက်ညီတဲ့အခါမှာ စိတ်ဆိုးကြပါတယ်။ ကျွန်တော်တို့ ပြုနေကျ အပြုအမူတွေကို ကျွန်တော်တို့ ပုံဖော်ထားကြပါတယ်။ ကိုယ့် အပြုအမူက ကိုယ်ဖော်ထားတဲ့ ပုံရိပ်နဲ့ မကိုက်ညီတဲ့ အခါမှာ အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ စိတ်ဆိုးပါတယ်။ မကျေမနပ် ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖော်ထားတဲ့ ပုံရိပ်နဲ့ ကိုယ်ကိုယ်တိုင် ပြုလိုက်တဲ့ အပြုအမူ မကိုက်ညီတဲ့ အတွက်ကြောင့် ကျွန်တော်တို့ နာကျင်ရတာပါ။



အရှိအတိုင်း ရှုမြင်ခြင်း



နေ့စဉ်ဘ၀မှာ စိတ်ဝင်စားစရာကောင်းတဲ့ အလေ့အကျင့် တစ်ခုက . . .။ စိတ်ဆင်းရဲရတဲ့ အခါတိုင်း၊ မကျေမချမ်း ဖြစ်ရတဲ့ အခါတိုင်း၊ မချင့်မရဲ ဖြစ်ရတဲ့ အခါတိုင်း ကိုယ်ဖော်ထားတဲ့ ပုံရိပ်ဟာ တကယ့် အဖြစ်အပျက်နဲ့ ထိပ်တိုက်တိုးနေပြီလို့ ကိုယ့်ဟာကိုယ် မြင်နိုင်ပါရဲ့လား။ ဒါကြောင့် ဘုရားရှင်က အရှိကို အရှိအတိုင်း မြင်နိုင်အောင် ကြိုးစားဖို့ အလေးပေး ဟောကြားတော်မူခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဖြစ်နေတာက . . . ဘယ်လို ဖြစ်ရမယ်လို့ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း မြင်ချင်နေကြတာပါ။






:)

ရှင်အာစာရ

-----

Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို

နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။



Ref:

"The GENTLE WAY of Buddhist Meditation", Godwin Samararatne

A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997

Revised Edition, Jeanne Mynett, 2005

Inward Path Publisher, Penang, Malaysia, 2007

for Free Distribution Only and NOT for sale

No comments:

Post a Comment